Sunday, September 16, 2007

တိမ်မြုပ်နေတဲ့ ဘ၀များ သို့မဟုတ် ငရဲ ဒိုင်ယာရီ


ကျမရင်ထဲ နာကျင်စွာခံစားနေရတဲ့ အမှုပေါင်းစုံနဲ့ အကျဉ်းကျအမျိုးသမီးတွေရဲ့ဘဝတွေအကြောင်းကို ပြောပြ ချင်ပါတယ်။ ထောင်ဝါဒါတွေနဲ့သူတို့ရဲ့လက်ကိုင်တုတ် နှစ်ရှည်ရာဇဝတ်အကျဉ်းသား တန်းစီးတွေရဲ့ ရက်စက် စော်ကားမှုတွေဟာ ကျမအတွက်တော့ မှတ်တမ်းဒိုင်ယာရီလို ရင်ထဲစွဲမြဲနေပါတယ်။ ဒါပေမယ့် ငရဲဒိုင်ယာရီပါ။

၁၉၉၁ ခုနှစ် ကျမထောင်ကိုရောက်ခါစ ထောင်ကျအကျဉ်းသူ ၅၀၀ လောက်ပဲ ရှိပါတယ်။ နောက် ပိုင်းမှာတော့ အကျဉ်းသူ ၇,၀၀၀ လောက်အထိ တိုးပွားလာပါတယ်။ လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှု၊ လိမ်ညာမှု၊ ဧည့်စာရင်း မတိုင်ကြားမှု၊ လမ်းဘေးဈေးရောင်းမှု၊ မသင်္ကာမှု၊ ပြည့်တန်ဆာမှု၊ အချိန်မတော် လမ်းလျှောက်မှု စတဲ့ အမှုပေါင်းများစွာနဲ့ အမျိုးသမီး အကျဉ်းသူ တွေ တဖွဲဖွဲ ရောက်လာပါတယ်။

ကျမထောင်ကျစမှာ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှုနဲ့ ရောက်လာတဲ့အမျိုးသမီးတွေ တနှစ်ထက်တနှစ်ကို ပိုမို များပြား လာတာ သတိထားမိပါတယ်။ ပြည့်တန်ဆာမှုဟာ အများဆုံးဖြစ်လာတာတွေ့ရပါတယ်။ တချို့ဆိုအသက် မပြည့်သေးတဲ့ ကလေးမလေးတွေကိုပါတွေ့လာရတာ စိတ်မချမ်းမြေ့စရာပါ။ တချို့အမှုတွေနဲ့ကျလာတဲ့အထဲမှာ အသက်အရွယ်ကြီးကြီး အဖွားအရွယ်အမျိုးသမီးကြီးတွေပါ ပါတယ်။ ဘယ်အသက် အရွယ်ပဲဖြစ်ဖြစ် ဘယ်အမှုနဲ့ ဖြစ်ဖြစ် ထောင်ထဲရောက်ရင် တိရစ္ဆာန်လို၊ ကျေးကျွန်လို အခိုင်းအစေခံရပါတယ်။ မာနတွေ၊ သိက္ခာတွေ ရိုက်ချိုး ခံရပါတယ်။

ထောင်ထဲက ကိုယ်ဝန်ဆောင်မိခင်တွေဟာ သိပ်သနားဖို့ကောင်းပါတယ်။ အစားအစာ မဝလင် မလုံလောက်တဲ့ အတွက် အာဟာရချို့တဲ့ပြီး မီးမဖွားနိုင်ဘဲ ကလေးရောမိခင်ပါ သေဆုံးရတာတွေ ရှိပါတယ်။ ကလေးမွေးတဲ့နေရာ မှာလည်း ကျွမ်းကျင်တဲ့ဆရာဝန်၊ ဆေးမှူးတွေနဲ့မွေးဖွားခွင့်ပေးတာမဟုတ်ပါဘူး။ ရက်တိုသင်တန်းပေးထားတဲ့ နှစ် ကြီးအကျဉ်းသူ တွေနဲ့ မွေးဖွားခိုင်းတာပါ။ ဒီလိုမကျွမ်းကျင်သူတွေနဲ့မွေးဖွားရတာကြောင့် ကလေးတွေ ကိုယ်လက် အင်္ဂါချို့တဲ့တာတွေ၊ ခေါင်းကြီးကိုယ်သေးဖြစ်နေတဲ့ကလေးတွေနဲ့ သေဆုံးမှုတွေ မကြာခဏဖြစ်ရတော့တာပါပဲ။ မီးဖွားတဲ့ မိခင်တွေလည်း ဒီလိုနဲ့ ထိခိုက်သေကြေရတာပါ။

မီးဖွားပြီးမိခင်တွေဟာ အညစ်အကြေးသန့်ရှင်းဖို့ ရေအလုံအလောက် မရကြပါဘူး။ ထောင် ၃ လ အကျ ခံထားရတဲ့ မီးဖွားပြီးခါစ အမျိုးသမီးတယောက်ဟာ သူ့အညစ်အကြေးတွေ သန့်စင်ဖို့ ရေကန်ကရေသွားခပ်တာ အရိုက် အနှက်ခံခဲ့ ရပါတယ်။ သွေးနုသားနုနဲ့ဖြစ်တာမို့ အဲဒီ ဒဏ်နဲ့ပဲ သူမဟာ သေဆုံးသွားခဲ့ရပါတယ်။ သူမ သေဆုံးပြီး နောက်ပိုင်း သူမရဲ့ ကလေးကို နို့တိုက်မယ့်သူမရှိတာကြောင့် သေဆုံးရပြန်ပါတယ်။ ထောင်ထဲမှာ ကလေးတွေ သေဆုံးရင် ရုပ်အလောင်းကို ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး ဝါဒါမတွေက ယူသွားပါတယ်။ ထုံးတမ်းစဉ်လာအရ သင်္ဂြိုဟ် တာမျိုး ရှိမယ်မထင်ပါဘူး။ ဘယ်ယူပြီး ဘာလုပ်သလဲ မသိရဘူး။ ကျီးစားစား လင်းတ ထိုးထိုးဆိုပြီး အမှိုက်ပုံမှာပဲ ပစ်ခဲ့ကြလေသလား။

အမေတွေထောင်ကျတဲ့အခါ အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ ထောင်အပြင်မှာ အုပ်ထိန်းစောင့်ရှောက်မယ့် သူမရှိတဲ့ ကလေးတွေဟာ ထောင်ထဲကို အတူပါလာခဲ့ကြပါတယ်။ အဲဒီကလေးတွေရဲ့ ကျန်းမာရေး၊ စားသောက် နေထိုင်ရေးနဲ့ ပညာရေး စတာတွေကို ထောင်အာဏာပိုင်တွေက ဘာမှ တာဝန်ယူတာ မဟုတ်ဘူး။ မိခင်နဲ့ အတူ နေထိုင်ခွင့်ဟာ ကလေးတိုင်းရဲ့မွေးရာပါအခွင့်အရေးပါ။ ကလေးတွေဟာ သူတို့မိခင်တွေနဲ့အတူ အရွယ်နဲ့ မလိုက် အောင် လောကငရဲကို ရင်ဆိုင်နေရပါတယ်။

ရေဆိုရင် လူကြီးဆို ငါးခွက်ချိုးခွင့်ပေးပေမယ့် ကလေးတွေကိုတော့ နှစ်ခွက်ပဲ ချိုးခွင့်ပေးပါတယ်။ ကလေးလူကြီး အားလုံး ရေ ဝဝလင်လင် မချိုးရလို့ ဝဲတွေ၊ ယားနာတွေ စွဲကပ်နေပါတော့တယ်။ ကလေးတွေဟာ ကွန်ကရိ ကြမ်းပြင်မှာ အိပ်ရ ပါတယ်။ အဲဒီလို အပူအအေး မမျှတလို့ ကလေးတွေဟာ ဖျားနာပြီး သေဆုံးရပါတယ်။ တီဘီ လိုကူးစက်ရောဂါတွေဟာ ကိုယ်ခံအား မကောင်းသေးတဲ့၊ နုနယ်တဲ့ ကလေးတွေကို အများဆုံး ကူးစက်ပါတယ်။ ဝါဒါနဲ့တန်းစီးတွေရဲ့ ရိုက်နှက်မှု ကိုလည်း အချိန်နှင့်အမျှခံနေရတာပါ။ ကွန်ကရိကြမ်းပြင်ပေါ်မှာ အိပ်ရတဲ့အတွက် အောက်ပိုင်းချိတာ၊ လေဖြတ်တာ၊ ဦးနှောက်သွေးကြောပြတ်တာတွေဟာ သက်ကြီးရွယ်အို အကျဉ်းသူတွေကို သတ်နေတဲ့ ရောဂါတွေပါပဲ ။

ကျမ မှတ်မိနေပါသေးတယ်။ ၁၉၉၄ ခုနှစ်၊ မတ်လ အလယ်လောက်ကဖြစ်ပါတယ်။ ထောင်ထဲကို လူ့အခွင့်အရေး ကော်မရှင်အဖွဲ့က လာရောက် ကြည့်ရှုစစ်ဆေးတဲ့ နေ့တနေ့မှာကျမတို့ အဆောင်နေအကျဉ်းသူတွေဟာ မနက် (၆)နာရီ ထောင်ဖွင့်ချိန်ကတည်း က နေပြီး မျက်နှာတောင်သစ်ခွင့်မရခဲ့ကြပါဘူး။

ထောင်သန့်ရှင်းရေးအဖွဲ့တဖွဲ့က ထောင်ပတ်ဝန်းကျင်တခုလုံး သန့်ရှင်းရေး လုပ်နေတဲ့ အချိန်မှာ ကျန်တဲ့ကျမတို့ အကျဉ်းသူတွေဟာ အိပ်ရာလိပ်များကို စနစ်တကျသိမ်းဆီးပြီး ပုံစံ စထိုင်နေခဲ့ရပါတယ်။ ဒီလို ပုံစံထိုင်နေခဲ့ရတာ ဟာ မနက်စာ စားသောက်ချိန်အထိကို တန်းမဖြုတ်ပေးခဲ့ပါဘူး။ တန်းစီမဖြုတ်ပေးသလို အလေးအပေါ့ စွန့်ခွင့်လဲ မပေးခဲ့ပါဘူး။ ဘာဖြစ်လို့ အလေးအပေါ့စွန့်ခွင့်မပေးသလဲဆိုရင် ဧည့်သည်များလာရောက်စစ်ဆေးချိန်မှာ မကောင်းတဲ့ အနံ့တွေ ထွက်နေ မှာကို စိုးလို့ပဲဖြစ်တယ်။ ဒီလို ပိတ်ပင်ထားခြင်းဟာ သာမန်ကျန်းမာသူတွေ အတွက် အလွန်အကျွံ ဒုက္ခမရောက်နိုင်ပေမယ့် ကိုယ်ဝန်ဆောင် မိခင်များအတွက် အလွန်အရေးကြီးပါတယ်။

အဲဒီအချိန်မှာ ကျမတို့ရဲ့အဆောင်မှာ ကိုယ်ဝန်ဆောင်မိခင်(၇)ဦး လောက်ဟာ ကိုယ်ဝန် အရင့်အမာရှိနေခဲ့ကြ တယ်။ သူတို့ဟာ အပေါ့စွန့်ခွင့်တောင်း ခံခဲ့ပေမယ့် မရရှိခဲ့ပါဘူး။ ဒါပေမယ့် အဲဒီနေ့မှာ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဟာ ကျမတို့ အင်းစိန်ထောင်ထဲ မ၀င်ရောက်လာခဲ့ပါဘူး။ ဒီအတွက်ကြောင့် ညနေ (၃)နာရီခန့်မှာပဲ ပုံစံထိုင် တန်းစီဖြုတ်လိုက်ပြီး မနက်စာ ထမင်းကို ကျွေးပါတော့တယ်။ တထောင်လုံး ပုံစံထိုင်တန်းစီဖြုတ်လိုက်လို့ အပေါ့ အလေးစွန့်သူ စွန့်၊ ထမင်းစားတန်းစီသူ များနဲ့ ရှုပ်နေတဲ့အချိန် မှာပဲ ပြဿနာတခုက ပေါ်လာပါတော့တယ်။

အဲဒီပြဿနာကတော့ အခြားမဟုတ်ဘူး။ တမနက်ခင်းလုံး၊ နေလယ်ပိုင်းတခုလုံး ဆီးအောင့်ထားခဲ့ရတဲ့ ကိုယ်ဝန် ဆောင်မိခင်(၇)ဦးလောက်ထဲက “မမြ၀င်း” ဆိုတဲ့ကိုယ်ဝန်ဆောင်မိခင်ဟာ မွေးခါနီးလပိုင်းအလိုသာရှိပြီး လွတ်ရက်လဲ နီးပြီဖြစ်တယ်။ ပုံစံတန်းစီထိုင်ရပြီး ဆီးအောင့်ထားရလို့ ဆီးအဆိပ်တက်လာပြီး သတိလစ်သွား ပါလေရော။ အဲဒီအချိန်မှာ ထောင်အာဏာပိုင်တွေ ရောက်လာပြီး ထောင်ဆေးရုံတင်လိုက်ပါတယ်။

သူ့ကို ထောင်ဆေးရုံတင်ပြီး သုံးလေးရက်ကြာတော့ ကျမတို့အဆောင်ကို သတင်းဆိုးတခုရောက်လာပါတယ်။ “မမြ၀င်း တယောက် ဆီးဆိပ်တက်ပြီးသေသွားရှာပြီ”တဲ့။ လူ တယောက်အသက်ကဘာမဟုတ်တဲ့ အကြောင်း တိုက်ဆိုင်မှုနဲ့ အချိန်တိုတိုအတွင်းမှာ အကြောင်းမဲ့သေသွား ပါပြီ။ မမြ၀င်းကို ကျမမျက်စိထဲထူးထူးခြားခြား ရင်းနှီး နေတဲ့အတွက် အခုထိမှတ်မိနေတုန်းပါ။ သူ့လိုပဲ ဘာမဟုတ်တဲ့တိုက်ဆိုင်မှုနဲ့ သေသွားရတဲ့အမျိုးသမီး အကျဉ်းသူ တွေဟာ ဒုနဲ့ဒေးပါပဲ။

ထောင်တွင်း လာဘ်ပေးလာဘ်ယူမှုတွေဟာလည်း အင်မတန်ဆိုးဝါးစွာ တွေ့ရှိရပါ တယ်။ ထောင်ဥပဒေ အရ ထောင်ထဲမှာ ငွေမသုံးရပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ ထောင်ထဲမှာ ငွေရှိရင်၊ ငွေပါသွားရင် တော်တော် လေး အဆင်ပြေပါတယ်။ ဝါဒါတွေ၊ တန်းစီးတွေကို ငွေပေးနိုင်ရင် သစ်သားကွပ်ပျစ်ပေါ်မှာ အိပ်ခွင့်ရတယ်။ ရေ ဝဝ ချိုးခွင့်ရတယ်။ အရိုက်အနှက် မခံရဘူး။ အလုပ်ကြမ်းမလုပ်ရဘူး အစရှိတဲ့ အခွင့်အရေးများကိုရပါတယ်။ စားချင် တဲ့အစားအစာ ဝယ်စားလို့ ရပါတယ်။

ငွေမပေးနိုင်တဲ့အကျဉ်းသူတွေဟာ ရေချိုးလည်းအရိုက်ခံရ၊ ထမင်းယူတဲ့ အခါလည်း အရိုက်ခံရ၊ အလုပ်ကြမ်း လုပ်တဲ့ အခါလည်း အရိုက်ခံရနဲ့ ဘယ်တော့မှမလွတ်ပါဘူး။ ဒီလိုမျိုးတွေမခံရအောင် အကျဉ်းသူတွေဟာ ထောင် အာဏာပိုင်များကို ငွေပေးရပါတယ်။ ငွေပေးနည်း (၂)နည်း ရှိပါတယ်။

ပထမနည်းကတော့ အိမ်ကထောင်ဝင်စာလာတဲ့အခါ မိသားစုကိုထောင်အာဏာပိုင်တွေရဲ့ အိမ်သွားပြီး ငွေပေး ခိုင်းတာပါ။ ထောင်အခေါ်ရဆိုရင် လိုင်းဝင်တာပေါ့။ ဒုတိယနည်းကတော့ ထောင်ထဲကို နည်းပေါင်းစုံနဲ့ ငွေသွင်း ယူလာတာပါ။

တချို့ဆိုရင် ငွေကို ပလတ်စတစ်နဲ့ ကျစ်ကျစ်ပါအောင်ထုတ် သေးသေးလေးဖြစ်အောင် မီးနှင့်ပိတ်ပြီးတော့ မိန်းမ လိင်အင်္ဂါထဲကို ထည့်ဝှက်ပြီး ယူလာတာပါ။ ဒီလို ယူလာတတ်တာကို သတင်းပေါက်ကြားသွားတဲ့အခါ တရားရုံး ထွက် အမှုရင်ဆိုင်ပြီး ထောင်ကို ပြန်ဝင်လာတဲ့ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါထဲကို လက်နဲ့နှိုက်ပြီး ရှာပါတယ်။ အရှာခံဖို့ ငြင်းတယ်ဆိုရင် အသေအကြေ ရိုက်တော့တာပါပဲ။ အပျိုအအိုမရွေး ဒီလိုပါပဲ။

ဒီလိုနှိုက်တဲ့အခါ ထောင်အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် နှစ်ကြီးအကျဉ်းသူတွေဟာ လက်အိတ် အသေအချာ သုံးတာ မဟုတ်ပါဘူး။ တွေ့ကရာ ပလတ်စတစ်အိတ်စွပ်ပြီး ရှာဖွေတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ လိင်အင်္ဂါတွေ နာကျင်တာ၊ သားအိမ်တွေထိခိုက်တာ၊ ရောဂါကူးစက်တာတွေ ဖြစ်လာပါတယ်။ ဒီအပြုအမူဟာ ကျမတို့မြန်မာ အမျိုးသမီး တွေရဲ့ အရှက်အကြောက်ဂုဏ်သိက္ခာတွေအားလုံးကို ရိုက်ချိုးစော်ကားတာဖြစ်ပါတယ်။

ဧည့်စာရင်းမတိုင်လို့ ထောင်ကျရရှာတဲ့ မိန်းမပျိုလေးတစ်ယောက်ဆိုရင် သူ့လိင်အင်္ဂါထဲကို နှိုက်ရှာမယ်ဆိုတော့ အကြောက် အကန်ငြင်းရှာပါတယ်။ ငိုယိုပြီးတောင်းပန်ပါတယ်။ အတင်းအဓမ္မရိုက်နှက်ပြီးအရှာခံရတယ်။ ငွေ လည်း မတွေ့ပါဘူး။ သူဟာဆိုရင် ရှက်လွန်းလို့ငိုလိုက်တာ နာကျင်မှုလည်း ခံစားရနဲ့။ ကျမတို့ မြန်မာအမျိုးသမီး တွေဟာ အပျိုစင်ဆိုတာကို ဂုဏ်ယူလေ့ရှိပါတယ်။ ဒါပေမယ့် အခုလို အကျဉ်းထောင်ထဲမှာ လက်နှင့် အဓမ္မ အကျင့် ခံရသလို အလုပ်ခံရတာဟာ အင်မတန်မှ ဆိုးရွားပါတယ်။

စစ်အုပ်စုရဲ့ စိတ်ထင်ရာစိုင်းပေါ်လစီတွေကြောင့် ဗမာပြည်ရဲ့စီးပွားရေး ချွတ်ခြုံကျလာပါတယ်။ တဦးချင်း ၀င်ငွေ နည်းပြီး ကုန်ဈေးနှုန်းကကြီးမြင့်လာပါတယ်။ ၀င်ငွေထွက်ငွေ မမျှတတဲ့ဒဏ်ကို ခံကြရပါတယ်။ ယောင်္ကျားတွေရဲ့ ၀င်ငွေဟာ မိသားစုကို ၀လင်အောင် မကျွေး နိုင်တော့တဲ့ အခြေအနေပါ။ ဒီတော့ မိသားစုဝင် မိန်းမသားတွေဟာ ၀င်ငွေရအောင် ရှာရပါ တော့တယ်။ ဒီလိုနဲ့ လမ်းမှားရောက်သွားရတဲ့သူတွေ ပိုမိုများပြားလာပါတယ်။ ထောင်ထဲ မှာ ပြည့်တန်ဆာမှုနဲ့ ၀င်လာတဲ့ အမျိုးသမီးဦးရေ တနှစ်ထက်တနှစ် ပိုမိုများပြားလာပါတယ်။ ပြည့်တန်ဆာမှုနဲ့ ထောင်ကျလာတဲ့ အသက်မပြည့်သူ မိန်းကလေးတွေလည်း အများကြီးပါ။

သူတို့ကို ရဲတွေက အများအားဖြင့် လမ်းမပေါ်တွေ၊ ဇိမ်ခန်းတွေကနေ ဖမ်းဆီး ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။ ရဲစခန်းနှင့် အချုပ်ခန်းတွေမှာလည်း ရေမချိုးရပါဘူး။ ရေချိုးရင် ငွေပေးရတယ်။ ရဲကတရားစွဲ၊ တရားရုံးက ထောင် ချ လိုက်တဲ့အခါ သူတို့ ညစ်ပတ်နေကြပြီ။ ထောင်ထဲမှာလည်း ရေ၀အောင်မချိုးရပါဘူး။ ရေချိုးပြီးရင်လဲစရာ အ၀တ် မရှိကြပါဘူး။ ဒါကြောင့် ခါးဝတ်ထဘီကိုပဲ ရင်ရှားပြီး ရေချိုးရပါတယ်။

ပြည့်တန်ဆာပင်ဖြစ်သော်လည်း မြန်မာမိန်းကလေးတွေဖြစ်တဲ့အတွက် အရှက်တရားရှိပါတယ်။ ဒါကြောင့် ထဘီ ရင်ရှား ရေချိုး ပြီးရင် လဲစရာထဘီမရှိလို့ နေပူထဲမှာမတ်တတ်ရပ် ထဘီအခြောက်ခံရပါတယ်။ မိုးရွာရင်တော့ ရေစို နဲ့ပဲနေရပါတယ်။ ထောင်ကပေးတဲ့ ဆပ်ပြာက အညံ့စား၊ ရေနဲ့ထိရင် ပျော်သွားရော၊ တပတ်မှာ တတုံးပဲ ရတာ။

အ၀တ်တွေလျှော်ဖို့လည်း ရေမရှိဘူး။ ဒါကြောင့် အမျိုးသမီးတွေရဲ့ကိုယ်အနံ့ဟာ ဆိုးဆိုးရွားရွား ထွက်ပေါ်နေ ပါတယ်။ မိန်းမဆောင်တခုလုံး အနံ့ဆိုးကြီးတွေ လွှမ်းမိုးနေပါတယ်။ သူတို့ကိုယ်ပေါ်မှာ ၀ဲတွေ၊ ယားနာတွေနဲ့ မိန်းမသဘာဝ ဓမ္မတာ လာချိန်မှာသုံးတဲ့ အသုံး အဆောင်တွေ မထောက်ပံ့တဲ့အတွက် မိန်းမဆောင်ရဲ့ အနံ့ဆိုး တွေ၊ ညစ်ပတ်မှုတွေဟာ အော်ဂလီဆန်ချင်စရာပါပဲ။

ပြည့်တန်ဆာအမျိုးသမီးတွေမှာ လိင်ဆက်ဆံမှုကနေကူးစက်တဲ့ရောဂါတွေ အများဆုံး ကူးစက်ခံရပါတယ်။ အထူး သဖြင့် ပေါ်လွင်လှတဲ့ ဆစ်ဖလစ်၊ ဂနိုနဲ့ ရှန်ကာ ရောဂါတွေဟာ မိန်းမအင်္ဂါမှာဖြစ်ပွားနေပါတယ်။ ဆေးကုသမှု လုံလောက်စွာမရလို့ ပိုဆိုးလာပြီး ဆိုးဝါးတဲ့ အနံ့တွေနဲ့ နေရပါတယ်။ ထောင်ထဲက လိင်အင်္ဂါမှာဖြစ်တဲ့ ကူးစက် ရောဂါတွေအတွက် ဆေးမြီးတို ကတော့ ပရုပ်လုံးပါပဲ။ ပရုပ်လုံးကိုကြိတ်ပြီး လိင်အင်္ဂါထဲကိုထည့်လိုက်ရင် လတ်တလောတော့ အနာပျောက်သွားတာပေါ့။ ရောဂါတော့မပျောက်ဘူး။

ရယ်စရာကောင်းတာက တပတ်တခါ အကျဉ်းထောင်တခုလုံးကို ထောင်ပိုင်တွေ၊ ညွှန်မှူးတွေ လိုက်လံ စစ်ဆေး ကြည့်ရှု ရတယ်။ ဒီလိုကြည့်ရှုစစ်ဆေးတဲ့အခါ ကျမတို့မိန်းမဆောင်ဟာ အနံ့ဆိုးကြီးတွေပြင်းထန်လွန်းလို့ အဆောင် တွေထဲကို
မ၀င်ဘဲ အဆောင်ဝကနေ ကြည့်ပြီး လှည့်ပြန်သွားလေ့ရှိုပါတယ်။

ထောင်ထဲမှာ နှိပ်စက်တာကတော့ တီဘီရောဂါပါပဲ။ HIV/AIDS တို့တောင် သွေးစစ် မကြည့်လို့ ဘယ်လောက် တောင်ရှိ မယ်ဆိုတာ မသိရပါဘူး။ ၁၉၉၄ ခုနှစ်ကစပြီးတော့ HIV ရောဂါ ပိုးရှိနေတဲ့ ပြည့်တန်ဆာတွေကို ရဲဘက် စခန်းတွေပို့ပြီး အလုပ်ကြမ်းတွေ ခိုင်းစေပါတယ်။ ငွေ မပေးနိုင်သူတွေကိုလည်း ရဲဘက်စခန်းပို့တာတွေရှိပါတယ်။ အကျဉ်းထောင် ဥပဒေအရ ရောဂါရှိ သူတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေကို ရဲဘက်စခန်းပို့ အလုပ်ကြမ်း ခိုင်းတာ မရှိရပါဘူး။

ဒါပေမယ့် ဥပဒေမဲ့စွာ ထောင်အာဏာတွေကကျူးလွန်နေကြတာပါ။ ရဲဘက်စခန်းတွေမှာ ထောင်အာဏာပိုင်တွေ က လုပ်သင့်တာထက်ပိုခိုင်းပြီး သူတို့အတွက်အပိုဝင်ငွေရှာပါတယ်။ အကျဉ်းသူတွေကို ကျွေးရမယ့်ရိက္ခာတွေကို ခိုးထုတ်ပြီး အကျဉ်းသူတွေကို မ၀ရေစာပဲကျွေးပါတယ်။ ပူပြင်းတဲ့ရာသီမှာကျောက်ထုခိုင်း၊ အလုပ်ကြမ်းလုပ်ခိုင်း ပြီး ရေနှစ်ခွက်ပဲ ချိုးရတာကြောင့် အကျဉ်းသူတွေဟာ အရေပြားမှာဝဲတွေ၊ ယားနာတွေ စွဲကပ်ပြီး လူလုံးမလှတဲ့ ဘ၀နဲ့ ခွေးသေ၊ ဝက်သေ သေရတဲ့ဘ၀တွေပါ။

ကျမတို့အကျဉ်းသူတွေဟာ နိုင်ငံရေးအမှုနဲ့ဖြစ်စေ၊ အခြားရာဇ၀တ်မှုနဲ့ဖြစ်စေ၊ အပြစ်ရှိလို့ထောင်ချတာဖြစ်စေ၊ အပြစ်မဲ့ မတရားဖမ်းဆီးခံရတာဖြစ်စေ ကျမတို့အားလုံးဟာ လူသားတွေပဲဖြစ်ပါတယ်။ လူပီသစွာ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာ ဘ၀လုံခြုံမှုတွေကို တောင့်တ လိုချင်ကြတာချည်းဖြစ်ပါတယ်။

“လူတစ်ယောက်ထောင်ကျတယ်ဆိုတာ လူအဖြစ်ရပ်တည်ခွင့် အခွင့်အရေးနဲ့ ဘ၀တွေ အကြွင်းမဲ့ ပျက်သုဉ်း စေဖို့မှ မဟုတ်ဘဲ။ သူ့ရဲ့ ပြစ်မှုပြစ်ဒဏ်အတွက် သူ့ရဲ့ လွတ်လပ်မှုတချို့ကို ခေတ္တ ထိန်းသိမ်းပေးလိုက်တာပါ။ သူ့ရဲ့ မွေးရာပါ အခွင့်အရေးကို ဖျက်ဆီးစော်ကားခံရဖို့ မဟုတ်ပါဘူး”ဒီစာကို select ပေပြီးရေးပါ...
ဧရာဝတိတိုင်မှ ကူးယူထားချင်းဖြင့်ပါသည်။

No comments: