Sunday, September 16, 2007


အချိုးအကွေ့

လမသာသော်လည်း ကြယ်စုံတို့၏အလင်းဖြင့် အေးစက်တိတ်ဆိတ်နေသော ဒီဇင်ဘာလလယ် ညတစ်ည၏ သန်းခေါင် ကာလကို လှပသော အ,ကာလဟု သတ်မှတ်နိုင်ပါသည်။ ည ဆယ့်နှစ်နာရီ သံချောင်းခေါက်သံနှင့် မရှေးမနှောင်းတွင် ကြားလိုက်ရသော ခွေးဟောင်သံများနှင့် ရောထွေးနေသည့် စစ်ဖိနပ်သံများသည် ထိုည၏ အလှကို ဖျက်ဆီးပစ်လိုက်လေသည်။

ထိုစစ်ဖိနပ်သံများကို ကြားကြားခြင်းမှာပဲ ကျမ ဖတ်လက်စ စာအုပ်ကို ချလိုက်သည်။ သူတို့ ဒီည ငါ့ဆီကိုများ ရောက်လာ မလားဟု သံသယတ၀က်နှင့် တွေးခဲ့မိသောအတွေး မှန်ခဲ့ပြီဖြစ်ကြောင်း ကျမသိလိုက်သည်။ သူတို့ ကျမဆီလာနေကြပြီ။ ငါးမိနစ်၊ ဆယ်မိနစ်ဝန်းကျင်ခန့်ကျမဖက်ကအချိန်ရလိုက်ပေမယ့် ကျမထွက်ပြေး ဖို့ မစဉ်းစားမိပါ။ ကျမနံဘေးတွင် အသက်ရှူသံ မှန်မှန်နှင့် အိပ်မောကျနေသည့်အဖွားကို စောင်းငဲ့ကြည့် လိုက်မိသည်။ အိပ်ခန်းထဲမှ အဖေ၏ စည်းချက် ညီသော ဟောက်သံကိုလည်း ကြားနေရသည်။

“အိမ်ရှင်တို့ ... အိမ်ရှင်တို့”
“ဧည့်စာရင်း စစ်မလို့ဗျို့”
“တံခါးဖွင့်ပါဦး”

အိပ်မောကျနေသော လူကြီးများက ရုတ်တရက် မနိုးသည့်မို့ အိမ်တံခါးကို ကျမကိုယ်တိုင် ဖွင့်လိုက်သည်။ ဒုတိယ အဆင့် ခြံတံခါး။

“ကျွိ ...”

ခြံတံခါး၏ ကျပ်နေသော ပတ္တာမြည်သံဆုံးဆုံးခြင်းမှာပဲ သေနတ်ကိုင်စစ်သား ဆယ့်ငါးယောက်တို့ ခြံထဲကို ဝေါခနဲ ပြေးဝင် လာသည်။ ပြီးတော့ ခြံအနှံ့ ထွက်ပေါက်မရှိအောင် နေရာယူကြ၏။ ကျမက မျှော်လင့်ထားပြီး သားမို့ တည်ငြိမ်နေပေမယ့် လူသူသံများကြောင့် အိပ်ရာမှနိုးလာကြသော အဖွားနှင့် မိဘများကတော့ ခြံထဲ မှာ ပြည့်နေသော စစ်သားများနှင့် အရပ်ဝတ် များကို ကြည့်ကာ တုန်လှုပ်ဟန် ပေါ်နေကြသည်။ သူတို့က ကျမ နာမည်ကို မေး၍ မှန်ကန်ကြောင်း အတည်ပြုစေသည်။ သူတို့ ရွတ်ဆိုပြသော နာမည်ပိုင်ရှင်မှာ ကျမဖြစ် ကြောင်း သေချာသွားသောအခါ ဤသို့ပြောလေသည်။

“ကျနော်တို့ ဘာကြောင့် ရောက်လာရသလဲ ... ခင်ဗျား ဘာတွေလုပ်ခဲ့သလဲဆိုတာ ခင်ဗျားသိမှာပါ”

ရုပ်ရည်သန့်ပြန့်သော်လည်း ကြင်နာမှုကင်းမဲ့ဟန် ထင်ရှားသော မျက်လုံးများရှိသည့် အရပ်ဝတ်နှင့်လူက ကျမမျက်နှာကို စေ့စေ့ကြည့်ရင်း ပြော၏။ ကျမက ခေါင်းမငြိမ့်၊ ခေါင်းမခါဘဲ သူ့မျက်လုံးများကို ပြန်၍ စေ့စေ့ကြည့်ကာ သူ့စကားကို ကျမ နားလည်ကြောင်း အဖြေပေးလိုက်သည်။ ခဏတာအချိန် အတွင်းမှာပဲ ကျမတို့ အိမ်တအိမ်လုံးကို အမှိုက်ပုံတခုသဖွယ် ဖြစ်သွားအောင် သူတို့ မွှေနှောက်ရှာဖွေကြသည်။ သူတို့ယူသွားမည်ဟု ရည်ရွယ်ကာ စုံပုံထားသော ပစ္စည်းပုံထဲတွင် ကျမ၏ တန်ဖိုးကြီး ရှားပါးသော စာအုပ်တွေပါသည်။ ပြီးတော့ ကက်ဆက်ခွေများနှင့် ကျမ၏ ဒိုင်ယာရီ။

“ခင်ဗျား ... ကျနော်တို့နဲ့ လိုက်ခဲ့ပါ”
အေးစက်သော မျက်လုံးပိုင်ရှင်၏ စကားသံအဆုံးမှာ အဖွားနှင့် အမေ၏ အာမေဋိတ်သံ။ တောင်းပန်တိုးလျှိုး ၍ အကြောင်း ရင်းကို မေးမြန်းသံများကို ကျောခိုင်းကာ ကျမ အ၀တ်အစား အပိုတစုံ၊ သွားတိုက်ဆေး၊ သွားပွတ်တံနှင့်အနွေးထည် တထည်တို့ကို အိတ်တလုံးထဲ ကောက်ထည့်သည်။ ကျမ ပစ္စည်းအိတ် အဆင် သင့်ပြင်ပြီးသောအခါ သွေးတိုးရှိသော အဖွားက သွေးများတက်ကာ ခေါင်းငိုက်စိုက်ကျနေပြီ။ အဖွားကို စိုးရိမ် တကြီး အော်ခေါ်နေသောအမေ့အသံ၊ အိမ်နီး ချင်းများနိုးလာကာ အဖွားကိုဝိုင်းဝန်းပြုစုဖို့ ပြင်ဆင်သံ၊ဆရာဝန် ခေါ်ဖို့ တိုင်ပင်နေကြသံများကို ချန်ထားခဲ့၍ သေနတ်ကိုင် စစ်သားများ ခေါ်ဆောင်ရာသို့ ကျမလိုက်ခဲ့ရသည်။

ငါးမိနစ်ခန့် လမ်းလျှောက်ရသော လမ်းထိပ်အရောက်မှာ သေနတ်ကိုင်စစ်သားနှစ်ယောက် စောင့်နေသော ရိန်းဂျားကား မည်းမည်းကြီးကို တွေ့ရ၏။ သူတို့က ကျမကို ကားပေါ်တက်ခိုင်းသည်။ ကျမကားပေါ်ရောက်၍ ထိုင်ခုံမှာ ထိုင်မိစမှာပဲ ကျမမျက်လုံးကို အ၀တ်မည်းကြီးနှင့် စည်းနှောင်လိုက်တာ ခံလိုက်ရသည်။ အဆုံးအစ မခန့်မှန်းနိုင်သော အမှောင်ခရီး တခုကို ကျမ စတင်ထွက်ခွာခဲ့ရပြီ။ ထိုခရီးအစမှာကတည်းက မေးခွန်းများ၊ အဖြေများနှင့် ပြည့်နှက်နေခဲ့သည်။

ကားက ပုံမှန်မြေပြင်ထက်မြင့်သော အနေအထားဆီ ဦးမော့မောင်းနှင်နေပြီဖြစ်ကြောင်း ခံစားမှုအရ သိလိုက် သည့်အချိန်မှာ ကျမလည်း ခေါင်းထဲက အမေးအဖြေများကို ခေတ္တရပ်တန့်လိုက်သည်။ ဘယ်အရာတွေကို ထုတ်ဖော်ပြော၍ ဘယ်အရာ တွေကို ထိန်ဝှက်ချန်လှပ်ထားရမည်လဲ ဆိုတာတွေကို ကန့်သတ်ပြီးစပြုပြီ။ မျက်လုံးကို စည်းထားသော်လည်း ရှူရှိုက်နေမိ သောလေ၊ ခံစားနေမိသော အေးစက်ငြိမ်သက်မှု၊ ကြားနေရ သော ညဥ့်လေညင်းနှင့် သစ်ရွက်များ ထိခတ်သံတို့ကြောင့် သစ်ပင်သစ်ရိပ် သိပ်သည်းသော ခြံဝန်းကျယ်တခု သို့မဟုတ် လူနေအိမ်ခြေမထူထပ်သော နေရာတစ်ခုမှာ ကားရပ်လိုက်ပြီး ဆိုတာ သိနေပြန်သည်။ သော့တွေ အထပ်ထပ်ဖွင့် တံခါးတွေ အထပ်ထပ်ဖြတ်ပြီး အခန်းတခုအတွင်းမှာ ကျမကို ထိုင်စေ သည်အထိ မျက်စိပေါ်က အ၀တ်မည်းကြီးကို ဖယ်ရှားမပေးကြပါ။

ကျမထိုင်နေရသော ထိုင်ခုံက ပုံမှန်သစ်သားခွေးခြေခုံဖြစ်သည်။ သို့သော် တွဲလောင်းချထိုင်ထားသော ကျမ ခြေထောက်တွေ ကြမ်းပြင်နှင့် ထိမနေအောင် မြင့်မားသော နောက်မှီမပါသည့် ခွေးခြေခုံရှည်ဖြစ်သည်။ ကားပေါ်မှာ ခံစားခဲ့ရသည့် အေးစိမ့် မှုက အခန်းထဲရောက်သွားတော့ နည်းနည်း သက်သာသွားသလို ထင်ရ သည်။ သို့သော်တခါမှမရောက်ဘူးသောနေရာ တခုရှိ တိတ်ဆိတ်နေသည့်အခန်းတခန်းထဲမှာ ညဥ့်သန်းခေါင် ကျော် လင်းခါနီးအချိန်အခါမျိုးကြီး၌ ကျမတယောက်တည်း ထိုင်နေရသည်ဆိုသည့်အသိက အရိုးထဲထိ စိမ့်လာ စေသည်။

ထိုအခန်းထဲတွင် သူတို့က ကျမကို အ၀တ်မည်းကြီး မျက်လုံးစည်းလျှက်နှင့် တနာရီကျော်ကျော် ကြာအောင် တယောက် တည်းထားခဲ့ကြသည်။ ဘယ်နေရာကမှန်းမသိ၊ ခပ်သဲ့သဲ့လွင့်ပျံ့လာသော နာရီသံချောင်း ခေါက်သံလေးချက်ကို ကြားရပြီး သိပ်မကြာခင်မှာ အခန်းထဲဝင်လာသော ခြေသံနှစ်စုံ သုံးစုံကိုကြားရ၏။ သူတို့ ကျမမျက်နှာပေါ်က အ၀တ်မည်းကို ခွာပေးကြသည်။

စစခြင်းမှာ မျက်လုံးတွေက ပိတ်စည်းခံထားရတာ ကြာခဲ့ပြီ ဖြစ်သဖြင့် ပြာမှိုင်းေ၀၀ါးနေသည်။ မျက်တောင် တဖျပ်ဖျပ်ခပ်ရင်း တစစ ထင်ရှားလာသော မြင်ကွင်းထဲတွင် ကျမရှေ့မှ စားပွဲခုံကို အရင်မြင်ရသည်။ ထိုသစ်သားစားပွဲ၏တဘက် ကျမနှင့် မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်နှစ်လုံးတွင် လူနှစ်ယောက်ထိုင်နေ သည်။ ကျန်တယောက်ကတော့ လက်ပိုက်မတ်တတ် ရပ်လျှက် ကျမကို အသေအချာ စူးစမ်းကြည့်နေ၏။

ထိုင်နေသူနှစ်ယောက်ထဲမှ တယောက်က ကျမကို ခေါ်လာသည့် အေးစက်စက်မျက်လုံးနှင့်သူ။ နောက် တယောက်ကတော့ အသားညိုမည်းသော်လည်း အနည်းငယ်ပြုံးယောင်သန်း၍ ခုနကလူထက်တော့ ပျော့ပြောင်းဟန်ပေါ်သော မျက်လုံးတွေ၊ နှုတ်ခမ်းတွေရှိသည်။ မတ်တပ်ရပ်နေသူ၏ မျက်နှာကတော့ စားပွဲအလယ်လောက်မှာ တွဲလောင်းကျနေသည့် အုပ်ဆောင်း ပါသော မီးလုံးအလင်းရောင်၏ အဆောင်အရိပ်အောက်တွင် ရောက်နေသောကြောင့် သေသေချာချာ မမြင်ရပါ။

အခန်းက ကျမတို့ သက်ရှိလူသား လေးဦးသာရှိသော စားပွဲဝိုင်းနှင့် ယှဉ်လိုက်လျှင် အတော်ကျယ်ဝန်း သည်ဟု ဆိုနိုင်သည်။ အခန်းထဲမှာ မီးချောင်းတွေ ရှိပုံရသော်လည်း လောလောဆယ် ဖွင့်ထားသည့် မီးလုံးမှ အုပ်ဆောင်းအမိုးကြောင့် အခန်း အပေါ်က ခပ်မှောင်မှောင် ဖြစ်နေသည်။ အုပ်ဆောင်းအောက် မီးလုံးမှ နီကျင့်ကျင့် အလင်းရောင်များသည် အခန်းကျယ်ကြီး အနှံ့ မလုံမလောက် ပြန့်ကျဲကျနေလေသည်။

ကျမ၏ ညာဘက် ဆယ်ပေနီးပါးအကွာမှာတော့ မှန်အမည်းရောင်ဖြင့် ကာထားသော နံရံတခုရှိသည်။ နိုင်ငံခြားရုပ်ရှင် ကားတွေထဲမှာ မြင်ဖူးထားသောကြောင့် ထိုမှန်အမည်း၏ နောက်မှနေ၍ လူတချို့ ကျမကို ကြည့်နေခဲ့လိမ့် မည်။ ယခုလည်း ကြည့်နေကြလိမ့်မည်ဟု သိနေသည်။

“ကဲ ...”

မျက်လုံးအေးစက်သူက ကျမနာမည်ကို ပီပီသသနှင့် မာမာထန်ထန် ခေါ်လိုက်သည်။ အခန်းအနှံ့ မျက်လုံး ဝေ့၀ဲ စူးစမ်း နေသော ကျမက အသိစိတ်အားလုံးကို စုစည်း၍ သူ့ကို မျက်လုံးချင်း ဆိုင်လိုက်သည်။ ကျမတို့ နှစ်ဦး မျက်လုံးခြင်းဆုံလိုက် သည်နှင့် မျက်လုံးများကဲ့သို့ပင် အေးစက်သော သူ့နှုတ်ခမ်းက မေးခွန်းများ တရစပ် သွန်ကျလာတော့သည်။

ထိုနေ့ နံနက် အရုဏ်ကျင်းချိန်မှစကာ ကျမ သုံးညနှင့် လေးရက်လုံးလုံး မအိပ်ခဲ့ရပါ။ မေးပြီးသား မေးခွန်းများ ကိုပင် ရှေ့နောက်ပြောင်း၊ စကားလုံးများပြောင်း၍ ထပ်ကာထပ်ကာမေးကြသည်။ ကျမလည်း ထပ်ကာ ထပ်ကာ ဖြေရပါများ တာရော မအိပ်ရတာရောပေါင်း၍ ခေါင်းတွေ မူးနောက် ဝေသီလာသည်။ အထူးသတိ ထား၍ အဖြေတွေကို မလွဲချော် ရအောင် ဖြေနေရင်းကြားမှ တခါတလေ စကားအသုံးအနှုန်း လွဲသွားမိတတ် သည်။

“ပထမတခါ ဖြေတုန်းက အဲ့ဒီလို မဟုတ်ဘူး ...”
“နောက်တခေါက် သေသေချာချာ ထပ်ပြောစမ်း ...”

ထိုအခါမျိုးမှာ ဤသို့သော ဒေါသတကြီး အော်ဟစ် ငေါက်ငမ်းသံများနှင့် အတူ ကျမ၏ ၀မ်းဗိုက်နှင့် ကျောပြင် များပေါ်သို့ သူတို့ခြေထောက်တွေလွင့်ပျံလာတော့သည်။ ထိုခြေထောက်များတွင်စစ်ဖိနပ်ဝတ် ခြေထောက် တွေ လည်းပါ။ ကတ္တီပါ ဖိနပ်ဝတ်ခြေထောက်တွေလည်းပါ၊ ရှူးဖိနပ်ဝတ် ခြေထောက်တွေလည်းပါသည်။

နောက်ပိုင်းရက်တွေမှာ ညပိုင်း၌ ကျမကိုညလုံးပေါက်စစ်မေးခြင်း မပြုကြတော့ပါ။ ဒါပေမယ့် ယောက်ျားလေး များကို ရိုက်နှက်စစ်မေးသဖြင့် အော်ဟစ်ညည်းညူသံတွေကို ကြားနေရသောနေရာမှာ အိပ်စက်စေသည်။ တဖုန်းဖုန်း တဒိုင်းဒိုင်း ရိုက်နှက် ကန်ကြောက်သံများ၊ နာကျင်စွာ အော်ဟစ် ညည်းညူသံများသည် သုံးလေး ည အိပ်ရေး ပျက်ခဲ့ရသဖြင့် မှေးစင်း ငိုက်ကျလာနေသော ကျမ၏မျက်လုံးများကို အိပ်စက်ခြင်းဆီထိ မရောက် စေဘဲ မကြာခဏ ပြူးကျယ်ကာ ထိတ်လန့် စေခဲ့သည်။

သူတို့က နေ့စဉ် ထမင်းတပန်းကန်ပေါ်မှာ ဆီမပါ ပြားမပါ၊ ငါးဟင်းတတုံးပုံ၍ ကြွေးသည်။ အိပ်ရေးပျက် တာရော၊ စိတ်လှုပ်ရှားတာရော၊ ဟင်းက စားချင်စဖွယ်မရှိတာရော ပေါင်း၍ လုံးဝ စားချင်စိတ်မရှိပေမယ့် ကျမ၏ ရှေ့ခရီးက မရေရာသေးတာမို့ ရင်ဆိုင်ခံနိုင်ရည်ရှိစေရန် ကြိုးစား၍ ၀င်သလောက် ကြိတ်မှိတ်စားခဲ့ ရသည်။ တရက်မှာတော့ ကျမ အလွန်ပင်ပန်းနွမ်းနယ်ကာ မူးဝေနေခဲ့သည်။ အကန်အကြောက် ခံထားရ သော ၀မ်းဗိုက်တွေ နောက်ကျောတွေကလည်း တစစ်စစ်နာနေသဖြင့် ထမင်းက မကုန်ပါ။ ထမင်း မကုန် သဖြင့် ထမင်းပန်းကန်ကိုလည်း မဆေးဖြစ်လိုက်ပါ။

နောက်တနေ့ နံနက် ထမင်းလာပို့သောအခါ ညက ကျမမဆေးမိသော ထမင်းပန်းကန်ထဲမှလက်ကျန် ထမင်းတွေကို သွန်ပစ်ပြီး အပေါ်မှရေနှင့် ဝေါခနဲ လောင်းချ ရုံလောင်းချလာခဲ့သော နံစော်ပေကျံနေသည့် ပန်းကန်နှင့် ထမင်းထပ်ထည့် ခဲ့၏။ ထမင်းပန်းကန်ကို မြင်တာ နှင့် ကျမ ဝေါခနဲထိုးအန်တော့သည်။

ခေါင်းတွေက မူးနောက်နေသလို ရင်တွေကျောတွေက အောင့်နေသည်။ တချိန်တည်းမှာပင် ရင်ထဲကလည်း တစစ်စစ် နာကျင်နေသည်။ ကျမတို့၏ ယုံကြည်ချက်တွေ၊ အမှန်တရားအတွက် ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရမှုတွေ၊ ကိုယ်ကျိုးစွန့် အနစ်နာ ခံခဲ့ကြသော ကျမတို့၏ ရဲဘော်ရဲဘက်တွေကို နှစ်ပြားမတန်အောင် ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခြိမ်းခြောက်သော စကားတွေကို အထပ်ထပ်ကြားရသောကြောင့် ဖြစ်သည်။

“ဘာသံယောဇဉ်နဲ့ အဲ့ဒီလူကို ကာကွယ်ထိမ်ဝှက်ပေးခဲ့ရတာလဲ”
“နိုင်ငံရေး လုပ်ချင်တာလား၊ အဲဒီလူတွေနဲ့ တပူးတွဲတွဲ နေချင်တာလား”

ရဲဘော်ရဲဘက်စိတ်နှင့် ကာကွယ်ထိမ်ဝှက်ပေးမိသူ တစုံတယောက်က ယောက်ျားလေး ဖြစ်နေခဲ့လျှင် အဲ့ဒီလူအကြောင်း ကိုလည်း သူတို့က တနည်းနည်းနှင့် တစွန်းတစသိသွားပြီဆိုလျှင်တော့ ကျမတို့၏ ယုံကြည်ချက်တွေ လုပ်ရပ်တွေကို လူမှုရေးနှင့် ရောထွေးပစ်ကာ သိက္ခာတပြားသားမှ မရှိတော့အောင် ပြောကြတော့သည်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အထင်အမြင်လွဲစေသော စကားတွေ၊ ထင်ယောင် ထင်မှား သွေးခွဲစကားတွေကိုလည်း သူတို့ ပါးစပ်မှ မကြားချင်အဆုံး ဖြစ်သည်။

ကျမကို ခေါ်လာပြီး ဆယ်ရက်မြောက် နံနက်ခပ်စောစောမှာ ကျမရှိနေရာအခန်းထဲ သူတို့သုံးလေးယောက် ၀င်လာသည်။

“ပစ္စည်းတွေသိမ်းပါ”

သူတို့မျက်နှာပေါ်မှ အငွေ့အသက်များကိုကြည့်ကာ ထိုစကားက ကျမ၏ လက်ရှိအနေအထားအတွက် အဖြေ မဟုတ်ဘူး ဆိုတာ ခံစားမိသည်။ သို့သော် သူတို့ ငါ့ကို အိမ်များပြန်ပို့ကြတော့မလားဟု မျှော်လင့်တွေး ရိပ်ရိပ် ၀င်ခဲ့မိတာကိုလည်း
ဝန်ခံရမည်ဖြစ်ပါသည်။

အခန်းထဲမှ မထွက်မီ သူတို့ကျမမျက်နှာကို အ၀တ်မည်းကြီးစည်းကြပြန်သည်။ ပြီးတော့ ကျမကို လာခေါ်စဉ်က အသုံးပြု ခဲ့သည့် ကားဟုထင်သော ကားကြီးပေါ် တက်စေ၏။ အသံစုံမြည်နေသော ကားကြီးပေါ်တွင် ကျမ အပါအ၀င် လူလေးငါး ယောက်သာ ပါသည်ဟု ခန့်မှန်းရပါသည်။ ကျမဘေး တဖက်တချက်မှာတော့ သေနတ်ကိုင် စစ်သားနှစ်ယောက် ၀န်းရံ ထားတာ သေချာသည်။

ဆယ်ရက်နီးပါးမျှ ဝေးကွာခဲ့သော လူသံ ကားသံတွေ ကြားမှာဖြတ်သန်းသွားနေရတာမို့ ထိုအသံတွေက ကျမအတွက် ထူးဆန်းသလိုဖြစ်နေသည်။ ထိုအသံများကို အရသာခံ နားထောင်ရင်း ကျမရှေ့ဆက်ရဦးမည့် ခရီးအတွက် ကြိုတွေးစဉ်းစား နေခဲ့မိသည်။ ဘယ်နေရာကို ရောက်ရောက် မကြောက်နဲ့။ ဆက်ပြီးရင်ဆိုင်ကျော်ဖြတ်။ အမှန်တရားအတွက် တိုက်ပွဲဝင်။ ကိုယ့်ကိုကိုယ် အားပေးနေဆဲ လူသံတွေ ဆူညံသောနေရာတခုမှာ ကားရပ်သွားခဲ့သည်။

“ကဲ ... ရောက်ပြီ ... ဆင်းတော့”

ရင်းနှီးနေသော အမိန့်ပေးသံတခုအဆုံးတွင် သူတို့ ကျမမျက်နှာပေါ်မှ အ၀တ်မည်းကြီးကို ခွာချလိုက်သည်။ေ၀၀ါးနေသော မျက်လုံးတွေကို အရင်ဆုံး ကြည်လင်လာအောင် ကြိုးစားရပြန်သည်။ ကြိုးစားနေရင်းပင် ကျမ ရောက်ရှိနေသော နေရာကို စူးစမ်းရ၏။ တစစ ကြည်လင်လာသောအမြင်အာရုံထဲတွင်မြင့်မားသော အုတ်နံရံ ကြီးကို ကျမမြင်လိုက်ရသည်။ သူတို့က ကျမကို ထိုအုတ်နံရံခြေရင်းမှ တံခါးပေါက်တခုဆီ ခေါ်ဆောင်သွား ၏။ ဘာကြောင့်မှန်းမသိပေမယ့် ကျမပြုံးလိုက်မိသည်။

ကျမဘ၀၏ ကာလတခုကို “ထောင်”ဟူသော အ၀န်းအ၀ိုင်းထဲတွင် ဖြတ်သန်းရဦးမည်ဆိုတာ သေချာခဲ့ပြန် ပြီ။

No comments: