Tuesday, November 13, 2007

ခွင့်





ညဉ့်ငှက်တစ်ကောင်ရဲ့ စူးရှတဲ့ အော်သံအောက်မှာ
အတွေးကမ္ဘာကနေ လန့်နိုးလာခဲ့တယ်.
ငါဘယ်ကိုသွားနေခဲ့တာလဲ…

ဒါကို ငါလိုချင်တယ်.
ဒါတွေကိုလည်း ငါလိုချင်ခဲ့တယ်.
ဒါကို ငါပိုင်ဆိုင်ခဲ့ဖူးတယ်
ဒါတွေကိုလည်း ငါဆက်လက်ပိုင်ဆိုင်လိုနေတယ်.

ပျောက်ဆုံးတယ်ဆိုတာဘာလဲ.
ငါမပိုင်ဆိုင်ခဲ့ဖူးတဲ့ အရာတစ်ခုဟာ ပျောက်ဆုံးတာမဟုတ်ဘူး.
ပိုင်ဆိုင်တယ်ဆိုတာ ဘာလဲ.
ငါ့ဘ၀ထဲမှာ မရှိတော့တဲ့အရာဟာ ပိုင်ဆိုင်တာ မဟုတ်တော့ဘူး

ဒီအရာကို ထာဝရ ပိုင်ဆိုင်လိုခဲ့တယ်.
ဒါကြောင့် တစ်သက်တာ ဆုံးရှုံးခဲ့ရတယ်.
ဒီအရာကနေ ဝေးရာကို ထွက်ပြေးသွားခဲ့ချင်တယ်.
ဒါကြောင့် ဒီအရာရဲ့ လွှမ်းမိုးမှုအောက်မှာ ငါကျဆုံးခဲ့ရတယ်.

ဒီမြစ်မှာ ငါရေချိုးခဲ့ဖူးတယ်
သန့်စင်ခြင်းတွေကို မွတ်သိပ်ခဲ့လို့ပေါ့
လွတ်မြောက်ခြင်းမှာ ခံစားချက်မဲ့တဲ့ အာရုံတွေ ရှိနေခဲ့တယ်တဲ့
ဒါဆိုရင်တော့ သိပ်ကိုခံစားနေတတ်တဲ့
ငါ
ချုပ်နှောင်မိနေဆဲပဲလား

ငါဟာ ထွက်ပြေးသူမဟုတ်
ရပ်တန့်နေသူလည်းမဟုတ်
တစ်ကြိမ်တစ်ခါမှာ ထွက်ပြေးရင်း ရပ်တန့်ခဲ့ဖူးသလို
တစ်ကြိမ်တစ်ခါမှာတော့ ရပ်တန့်နေပေမယ့် ထွက်ပြေးနေခဲ့ဖူးတယ်…
အခု ငါ ရပ်နေခဲ့သလား
ပြေးနေခဲ့သလား….

မိုင်တိုင်တွေ တရိပ်ရိပ်နဲ့ ကျော်လွန်နေခဲ့တာ
မြင်နိုင်ဖို့ အလင်းရောင် မလုံလောက်ခဲ့တော့
ရှေ့သွားမှန်းမသိ
နောက်ဆုတ်မှန်းမသိ
ပကတိ ခံစားချက်မဲ့တဲ့ ဒီအခြေအနေမှာ
ငါ့မျက်လုံးတွေ ဆက်မှိတ်ထားခွင့်ပြုပါ…




(ရေခဲငှက်)


No comments: