Wednesday, December 26, 2007

နေပြည်တော်ဝန်ထမ်းဖြစ်ရတဲ့ ဒုက္ခ
အေးချမ်းမြေ့ | ဒီဇင်ဘာ၂၅၊ ၂၀၀၇

သူ့ကိုယ်သူ ရုတ်တရက် စင်ကာပူရောက်နေသလားဟုပင် ထင်လိုက်မိသည်။ လမ်းတွေအားလုံး ကောင်းမှကောင်း ဆိုသလို ဖြစ်နေသည်။ အားလုံးကွန်ကရစ်ခင်းလို့။ အဆောက်အဦတွေကလည်း အသစ်စက်စက်၊ ရန်ကုန်နဲ့တခြားစီ။ သူတို့နေရသည့် အဆောင်ကို ကြည့်ဦးမလား၊ ရေမီးအစုံနှင့် ကုတင်အိပ်ယာ အပြည့်အစုံနှင့် ဘာမှလိုလေသေးမရှိ။

နာမည်ကိုက ခန့်ခန့်ငြားငြား၊ နေပြည်တော်တဲ့၊ သူများတွေက ပြောကြသည်၊ နေပြည်တော်သွားရတာ စိတ်ညစ်စရာ ကောင်းသည်၊ မသွားချင်တဲ့။ တော်တော် အကောင်းမမြင်တတ်သည့် သူများဖြစ်သည်။ ဒီလောက်ကောင်းသည့်နေရာမှာ အလုပ်လာလုပ်ရတာကိုတောင် ကျေနပ်မှုမရှိကြ၊ နိုင်ငံတော် အကြီးအကဲများ၏ စေတနာကို နားမလည်ကြ။ ဘယ်လောက် တောင် စေတနာ ကောင်းသလဲဆိုရင် ရန်ကုန်မှာ အကောင်းဆုံးဆိုသည့် ဂျင်နရေတာကြီး ဒီကိုရွှေ့ပေးတာပဲကြည့်။ ရန်ကုန် ကလူတွေ မီးပျက်ရုံမကလို့ ပျက်ချင်ရာပျက် ဖြစ်ချင်ရာဖြစ် ဒီကနိုင်ငံ့ဝန်ထမ်းတွေလောက် အရေးမကြီးဘူး ဟုယူဆပေး သည့် စူပါဦးနှောက်များကို ရွှေတောင်ချထားသင့်သည်။ ဂျင်နရေတာ အသစ်မတပ်ပေးတာကတော့ နားလည်ပေးလို့ ရပါသည်။ သာကေတက ဖြုတ်လာသည့် မီးစက်လောက်ကောင်းသည့်စက် ကမ္ဘာပေါ်မှာ မရှိသေးသောကြောင့်ပဲဖြစ်မည်။

သူ အလုပ်စဆင်းသည့်နေ့မှာဆို သူ့ကိုယ်သူမြန်မာပြည်မှာ ဆိုတာတောင်မေ့သွားသည်။ ရုံးခန်းထဲကို ဖိနပ်စီး မ၀င်ရ။ ဘုရား တက်သလို ချွတ်ကိုင်မယ်လုပ်ပြီးမှ ပြန်ချလိုက်ရသည်။ စီးလာသည့်ဖိနပ်ချွတ်ပြီး အ၀တ်ဖိနပ်တရံ ပြောင်းစီးရသည်။ အဲဒီနေ့ ကဆို တနေ့လုံး အလုပ်လုပ်ရတာမဖြောင့်၊ အလှူအိမ်တွေမှာလို ဖိနပ်အခိုးခံမှာ စိုးသောကြောင့်ဖြစ်သည်။ တော်သေးသည် အဲဒီနေ့က ဖိနပ်အခိုးမခံရ။ နောက်မှ သတိရသွားသည်။ သူကဖိနပ် ကောင်းကောင်းစီးနိုင်သူမှ မဟုတ်ဘဲ။ သူ့ဖိနပ်စုတ်ကို ဘယ်သူမှ မခိုးသလို ကျန်ဝန်ထမ်းများ၏ ဖိနပ်စုတ်များကိုလည်း သူစိတ်မ၀င်စားပါ။

သူတို့ကို ၀န်ကြီးကိုယ်တိုင် ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။ အဲဒီမှာ နိုင်ငံတော်၏ စေတနာများကို ထပ်ဆင့် သိလိုက်ရပြန်သည်။ နှုတ်ခွန်းဆက်စကားပြောအပြီးမှာ ၀န်ကြီးက စားပွဲ ကုလားထိုင် ရုံးအသုံး အဆောင်များကို လိုက်ကြည့် သည်။ ခုံတလုံးက ဟောင်းနေသဖြင့် ချက်ချင်း အသစ်နှင့် လဲခိုင်းသည်။

“အားလုံးပဲ သေသေချာချာ မှတ်ထားကြ၊ ဟောဒီရုံးထဲမှာ လွတ်လပ်ရေး မရခင်က ပစ္စည်းတွေ၊ အတွေးအခေါ်တွေ ဘာမှ မလိုချင်ဘူး” ဟုပြောသွားသည်။ ကောင်းလိုက်သည့်စေတနာ၊ လွတ်လပ်ရေးမရခင်က ပစ္စည်းများ၊ အတွေးအခေါ်များ၊ လစာများ၊ ကုန်ဈေးနှုန်းများ လုံးဝမရှိတော့၊ လုံးဝမဟုတ်တော့၊ ဒီတော့ သူကလည်း ၀န်ကြီး ဖြစ်စေချင်သလို အမီလိုက် မည်ဟုစဉ်းစားသည်။ အရင်နှင့်မတူ တမူထူးခြားများပြားစွာ၊ လွတ်လပ်ရေး မရခင်ကနှင့် ခြားနားစွာ အကြွေးများများ တင်ပစ်လိုက်လျင် ကောင်းမလား ဟုတွေးမိသည်။

အကြွေးမတင်ဘဲခံနိုင်မလား နေပြည်တော်မှာ ဆန်တပြည် (အလယ်အလတ်စား) ကျပ် ၁၃၀၀၊ ကြက်အစိတ်သား ၁၇၀၀၊ ၂၀၀၀ ကျပ်၊ ငါးသလဲထိုး ၁၀ ကျပ်သား ၈၀၀၊ တခြားမုန့်မစား လက်ဖက်ရည်မသောက်ဘဲကို မလောက်တာ ဆိုတော့ ဒါလည်းလွတ်လပ်ရေး မရခင်ကနှင့်မတူ တမူထူးခြားတာပဲဖြစ်သည်။ သူတို့အဆောင်ကနေ ရုံးကိုဖယ်ရီ ရှိသည်။ နံနက် ၈ နာရီခွဲ ဖယ်ရီကြိုသည်၊ ဖယ်ရီမမီလျင် ဆိုက်ကယ်တက္ကစီဖြစ်ဖြစ်၊ သုံးဘီးကားဖြစ်ဖြစ်စီးရသည်။ ဒါလည်း နိုင်ငံတော်က စေတနာဖြင့် ရန်ကုန်ဝန်ထမ်းများဖြစ်ချင်ရာဖြစ်ဆိုကာ ရန်ကုန်မှ ဖယ်ရီခပ်လတ်လတ်များ အားလုံးကို နေပြည်တော် တကူးတက ရွှေ့ပေးထားတာ ဖြစ်သည်။ ဖယ်ရီမီအောင်ထရမှာက သူတို့ တာဝန်မ ဟုတ်လား။ မမီရင်တော့ ကျပ် ၁၂၀၀ ကုန်ပစေပေါ့။

သူကဒုတိယတန်း စာရေးကလေးဆိုတော့ သူ့လစာက ကျပ် ၃၁၀၀၀ (၂၅ ဒေါ်လာ ကျော်ကျော်) ကြီးများတောင် ရသည်။ သူ့ရာထူးနှင့် ကျပ် ၃၂၀၀၀ မှာဂိတ်ဆုံးမည်။ သူ့လိုပဲ စာရေးကလေးဖြစ်သည့် သူငယ်ချင်းတယောက်ကတော့ နေပြည်တော် တွင် နှစ်လသွားရောက် တာဝန်ထမ်းဆောင်ပြီးနောက် အကြွေး ကျပ်လေးသောင်းတင်သွားသည်တဲ့။ တော်တော် အသုံးမကျ သည့်သူငယ်ချင်း၊ သူကတော့ အကြွေးလုံးဝမတင်နိုင်၊ သူ့ကိုယ်သူယုံသည်။ ပိုက်ဆံလိုလျင် အမေ့တမတ်သားဆွဲကြိုးလေး ရောင်းပေးလိုက်သည့် ငွေဖြင့်သုံးမည်။ ဒါဆို ဘယ်လိုလုပ် အကြွေးတင်တော့မလဲ။ ဒီလောက်ညံ့သည့် သူငယ်ချင်းကို နောက်မှ အကြွေးမတင်အောင် နေနည်းထိုင်နည်း သင်ပေးရဦးမည်။

အကြွေးမတင်အောင် နေနည်းထိုင်နည်းများတွင်၊ အစားအသောက်ချိုးခြံခြွေတာခြင်း၊ ကိုယ့်ရှိသည့် အစားအစာ ဖွက်စား ခြင်း၊ ဈေးထဲတွင် သူငယ်ချင်းနှင့်တွေ့ပါက လက်ဖက်ရည်ဆိုင်ထိုင်ရန် မိမိကအရင် စမခေါ်ခြင်းတို့ ပါဝင်သည်။

သူတို့နေပြည်တော် ၀န်ထမ်းများအပေါ် နိုင်ငံတော်၏ စေတနာကကြီးမားလွန်းလှသည်။ ၀န်ထမ်းများအတွက် အဲကွန်းက အေးစိမ့်နေသည်။ သူဆို အရင်ဖြစ်ဖူးသည့် ထိပ်ခတ်နာ ပြန်ဖြစ်မလားတောင် ထင်ရသည်။ သူတို့ ၀န်ထမ်းများ ကိုရီးယား ဇာတ်လမ်းတွဲများထဲက ဇာတ်ကောင်များလို အနွေးထည် အထူကြီးများ ၀တ်၍အလုပ် လုပ်နေချိန်တွင် အလုပ်ကိစ္စဖြင့် ရောက်လာသည့် အပြင်လူများ ရုံးအတွင်းဝင်ခွင့် မရှိ၊ ရုံးတွင်းမပြောနှင့် ရုံးဝန်းအတွင်းပင် ၀င်ခွင့်မရှိ။

အပြင်လူများအတွက် ဂိတ်တွင် ရုံသေးသေးလေးဆောက်ပေးထားသည်။ သစ်ပင်မရှိ နေပူကျဲကျဲတွင် ရပ်စောင့်ရသည်။ ရပ်မစောင့်နိုင်လျင် ကိုယ့်အလှည့်ကျော်သွားမည်။ သူတို့ဝန်ထမ်းများက မျက်နှာများကို အတတ်နိုင်ဆုံး ပုပ်ထားကြသည်။ မပုပ်လို့လည်းမဖြစ် ဒီမှာက ရန်ကုန်လို အောက်ဆိုက်ရတာမဟုတ်၊ ဘာမှမရဘဲနှင့်တော့ မျက်နှာကို ချိုချိုသာသာ မထားနိုင်။ နေပူထဲကလူများကို သွားစရာဘာမှမရှိတာသိလျက်နှင့် အချိန်ခွာချိန်းသည်။ ထိုင်စောင့်စရာ လက်ဖက်ရည်ဆိုင်မရှိ၊ သွားစရာဈေးက အဝေးကြီး ကျပ် ၂၀၀၀၊ ၃၀၀၀ လောက်ကုန်မှ ရောက်မည်။ ဒီတော့ နေပူထဲပဲစောင့်တော့။ တချို့ဆို ရန်ကုန်ပြန်လွှတ်လိုက်သေးသည်။ ဟိုဟာလိုသည်၊ ဒီဟာလိုသည် ဆိုသည့် အကြောင်းပြချက်နှင့် ရန်ကုန်နှင့် နေပြည်တော် ကို ခေါက်တုန့်ခေါက်ပြန် ပြေးခိုင်းကြသည်။

နိုင်ငံတော်က သူတို့ဝန်ထမ်းများကိုလူလို သဘောထားသည်ဆိုတာကို တွေးလေသဘောပေါက်လေပဲဖြစ်သည်။ အပြင်လူ တွေကိုတော့ လူလိုသဘောမထားထား မထားထား အရေးမကြီး။ နောက်ပြီးရှိသေးသည် သူတို့ကို မကုန်သင့်တာ မကုန်ရ အောင်စီစဉ်ပေးထားသည်။ သူတို့အဆောင်နားမှာ ဘာဆိုင်မှမရှိ။ ဘာဆိုင်မှမရှိတော့ ဘာမှမကုန်တော့။ ရန်ကုန်မှာဆို ရုံးအောက်ဆင်းလိုက်တာနှင့် ဆိုင်တွေဆိုတော့ ခဏခဏစားကာ ခဏခဏ ကုန်သည်။ ဒီမှာက မုန့်ဟင်းခါးတပွဲလောက် မနေနိုင်မထိုင်နိုင် စားချင်လျင် ကားခက အသွားအပြန် ၁၂၀၀ ကျပ် မုန့်က ၃၀၀ ဆိုတော့ ၁၅၀၀ လောက်ကုန်မည်။ ဒီတော့ မသွားဖြစ်တော့။ မစားဖြစ်တော့၊ မကုန်တော့။

နောက်တခုရှိသေးသည်၊ သူတို့လိုဝန်ထမ်းများ တခုခုဖြစ်လျင် ပြသရန် ဆေးရုံ ဆေးခန်းမရှိ။ နိုင်ငံတော်က အမြော်အမြင် တော်တော်ကြီးသည်။ သူတို့ဝန်ထမ်းများအားလုံး ဒေါင်ဒေါင်မြည် ကျန်းမာသူများချည်းဆိုတာ သိထားပုံရသည်။ ခြွင်းချက် တော့ရှိ၏။ သူတို့အားလုံးတပတ်တခါတော့ ဖျားနာခွင့် ရှိပါသည်။ အဲဒီနေ့မှာ ဖယ်ရီ ဖြင့် ပျဉ်းမနားပို့ပေးသည်။ ဆေးခန်းပြ ချင်သူများ အဲဒီနေ့မှာပြနိုင်သည်။ အားအားရှိ ဖျားနေနာနေတာမျိုးမဖြစ်ရန် နိုင်ငံတော်က တမင် ဆေးရုံဆေးခန်း မထားပေး ခြင်းဖြစ်မည်။

သူတို့ဝန်ထမ်းဆိုတာက အစိုးရ၏ ကျွန်များဆိုလည်းမမှား၊ ကျွန်တောင် ရိုးရိုးကျွန်မဟုတ်၊ အလွန်အဆင့်မြင့်သည်။ နေပြည် တော်က ကျွန်များက ပိုပြီးအဆင့်မြင့်သေးသည်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့် စားရိတ်ကိုယ်သုံးပြီး ကျွန်ခံနေကြသူများဖြစ်သောကြောင့်ဟု ဆိုရပေလိမ့်မည်။ အဲဒီအတွက်ဂုဏ်ယူသင့်သည်၊ လွန်ရောကျွံရော ငှက်ဖျားဖြစ်လို့ သေရုံ၊ ရူးရုံကလေးကို ပုံကြီးချဲ့ပြီးတော့များ ပြောနေရသေးသည်။ ။ [Top]

(နေပြည်တော်တွင် သွားရောက်တာဝန်ထမ်းဆောင်ခဲ့သော ၀န်ထမ်းများ၏ အတွေ့အကြုံကို အခြေခံ၍ ရေးပါသည်)

No comments: