Thursday, December 6, 2007

(၆-၁၂-၀၇) ဒေါက်တာစင်သီယာမောင် ၄၈နှစ်ပြည့် ဂုဏ်ပြုဆောင်းပါး

မေတ္တာ ဂရုဏာရှင် ဒေါက်တာစင်သီယာမောင်၏ သိမြင်နားလည်မှု၊ အတွေးအမြင်နှင့် အနာဂတ် ရည်မှန်းချက်
စိုးနေလင်း
(ပုံတူ - ပန်းချီမင်းကျော်ခိုင် မေတ္တာဖြင့် ရေးဆွဲကူညီသည်)

သိမြင်နားလည်မှု၊ အတွေးအမြင်

သူမရဲ့ စေတနာပြည့်ဝတဲ့ လုပ်ဆောင်မှုတွေကြောင့် ဒေါက်တာစင်သီယာမောင် ရယ်လို့ ဖြစ်မလာခင် အချိန်က နိုင်ငံရေး၊ လူ့အခွင့်အရေး စတာတွေနဲ့ လူ့အဖွဲ့အစည်း အကြောင်းကို အနည်းအကျဉ်း လောက်ကလွဲပြီး သူမ သိမြင်နားလည်မှု မရှိခဲ့ပေမယ့် ၈၈ ခုနှစ် စစ်တပ်က လူထုဒီမိုကရေစီ အရေးတော်ပုံကြီးကို နှိမ်နင်းပြီး တိုင်းပြည်အာဏာကို သိမ်းလိုက်တဲ့အချိန်မှာ ဒီမိုကရေစီရေးအတွက် နယ်စပ်ဒေသကို ထွက်ခွာခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ သူမ လိုက်ပါလာခဲ့တဲ့ အချိန်ကစပြီး နယ်စပ် ကေအန်ယူ စခန်းတချို့နဲ့ ကျောင်းသားစခန်း တချို့မှာ နေထိုင်ခဲ့ရတဲ့အတွက် နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ လူ့အဖွဲ့အစည်းတွေအကြောင်း သူမ သိမြင် နားလည်ခွင့် ရလာခဲ့ပါတယ်။ သူမ တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ကျောင်းသား ကျောင်းသူတွေ၊ နယ်စပ်ဒေသက ဆင်းရဲသားတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ ဒုက္ခသည်တွေကို အကူအညီပေးရင်း တွေ့ကြုံ ကြားသိခဲ့ရတဲ့ အရာတွေက သူမရဲ့ တွေးမြင် ယုံကြည်မှုတွေကို မြင့်တက်ကြွယ်ဝ လာစေခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ဟာ သူ့ရဲ့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်ဖို့ ကြိုးစားသလို၊ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခွင့်အရေးတွေကိုပါ ပိတ်ပင် တားဆီးခဲ့တယ်။ ဆိုးဝါးရက်စက်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အင်အားစုတွေကြားမှာ စည်းလုံးညီညွတ်မှု ပြိုကွဲအောင် သူ့ရဲ့ထောက်လှမ်းရေးတွေကို သူလျှိုတွေအဖြစ် စေလွှတ်ထည့်သွင်းပြီး သွေးခွဲဖြိဖျက်ဖို့ ကြိုးစားခဲ့တယ်လို့ သူမ သိမြင်နားလည် လာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်နေသမျှ မြန်မာပြည်သူ ပြည်သားတွေကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ အများကြီး အခက်အခဲရှိမယ်လို့ သူမက ယုံကြည်ပါတယ်။

ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ နယ်စပ်ဒေသနဲ့ ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဆိုင်ရာအဖွဲ့အစည်းရဲ့ တည်ဆောက်ရေး အလုပ်တွေပဲ အများဆုံး လုပ်ဆောင်နိုင်ခဲ့ကြပြီး လူထုကို တည်ဆောက်ဖို့ လုပ်ဆောင်နိုင်မှုမှာ အားနည်းခဲ့ကြတယ်လို့ သူမက မြင်ပါတယ်။ လူထုကို တည်ဆောက်တဲ့ အလုပ် လုပ်နိုင်ဖို့ဆိုရင် မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အရင်းအမြစ် အများကြီး မွေးထုတ်ပေးဖို့ လိုအပ်လိမ့်မယ်။ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်ကြတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် သူ့သက်ဆိုင်ရာ ဒေသအရ သူ့ဘာသာစကား၊ သူ့ယဉ်ကျေးမှု စီးပွားရေး ပိုင်ဆိုင်ခွင့် လုပ်ကိုင်ဆောင်ရွက်ခွင့်နဲ့ အုပ်ချုပ်ခွင့်တွေ ရှိဖို့လိုတယ်လို့ သူမက ယုံကြည်ပါတယ်။

တိုင်းပြည်နဲ့ လူထုကို တည်ဆောက်တဲ့နေရာမှာ အများရဲ့ ဆန္ဒသဘောထား၊ အများရဲ့အသံ၊ တွေးမြင် ယုံကြည်မှုတွေကို အမှန်တကယ် ထဲထဲဝင်ဝင် သိမြင်သဘောပေါက်ဖို့ လိုအပ်သလို လေးစားလိုက်နာဖို့လည်း လိုအပ်တယ်လို့ သူမ နားလည် လက်ခံထားပါတယ်။ ရှိနေ လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း ကိုယ့်အဖွဲ့အစည်း အရည်အသွေးမြှင့်တင်ဖို့ ကြိုးစားနေရုံနဲ့ မလုံလောက်ဘဲ လူ့အဖွဲ့အစည်းတခုလုံးရဲ့ အရည်အသွေးကို မြှင့်တင်ပေးဖို့ ကြိုးစားဖို့လိုမယ်လို့ သူမက ထင်ပါတယ်။

နယ်စပ်ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ဒုက္ခသည်စခန်းက ပြည်သူလူထုတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေ ကြားမှာ အချင်းချင်း သိမြင်နားလည်နိုင်မှု နည်းပါးနေဆဲဖြစ်ပြီး အခြေအနေ အရပ်ရပ်ကို ပူးပေါင်း ညှိနှိုင်း ဖြေရှင်းဖို့ အခက်အခဲ အများကြီး ရှိနေတယ်လို့ သူမနားလည်ထားပါတယ်။ အဲဒီလူတွေ အချင်းချင်း ထိစပ်မှုရှိဖို့၊ သဘောထား အမြင်ချင်း ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်မှု ရှိလာအောင် လုပ်ဆောင်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်။ ကိုယ့်တိုင်းပြည်ကို အလုပ်အကျွေး ပြုချင်တဲ့သူတွေ၊ ပြုစုပျိုးထောင်ချင်တဲ့ သူတွေ အများကြီး ပြည်တွင်းပြည်ပမှာ ရှိနေပေမယ့် အဆက်အစပ် လုပ်နိုင်ဖို့ အများကြီး အားနည်းနေသေးတယ်လို့ သူမ ထင်မြင်ယူဆပါတယ်။

အနာဂတ်ရည်မှန်းချက်

သူမရဲ့ မယ်တော်ဆေးခန်းမှာ ဒုက္ခဆင်းရဲ ရောက်နေကြတဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ လာရောက် ကူညီနေတဲ့ လူငယ်လူရွယ်တွေ၊ တချို့ ပညာရေး ရည်ရွယ်ချက်နဲ့ ရောက်လာကြတဲ့သူတွေ၊ တချို့ ဘ၀တိုးတက် အောင်မြင်ရေး ရည်ရွယ်ချက်နဲ့ ရောက်လာ ခိုနားနေကြတဲ့ လူငယ်တွေအတွက် သူမ တတ်နိုင်သလောက် ကူညီအားပေး စောင့်ရှောက်သွားဖို့ သူမက ရည်ရွယ်ထားပါတယ်။ အဲဒီလူငယ်တွေကို အရည်အချင်း ပြည့်ဝတဲ့ သူတွေဖြစ်လာအောင် မွေးထုတ်ဖို့ သူမကိုယ်တိုင် ဆက်ပြီး လေ့လာသင်ယူချင်တဲ့ ပညာရပ်တွေ ရှိပါတယ်။ အဲဒီ အတွက် ပေးလာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး သူမကိုယ်တိုင်လည်း ဆက်လက် လေ့လာသင်ယူသွားဖို့ ရည်ရွယ်ထားပါတယ်။

တချိန်မှာ မြန်မာပြည် စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာမယ် ဆိုရင်တော့ သူမက ကိုယ့်တိုင်းပြည် ကိုယ့်ပြည်နယ်ကို ပြန်ပြီး ကိုယ့်အမျိုးသားတွေအတွက် သူမပေးနိုင်သမျှ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ တခြားပညာရေး၊ လူမှုရေး အကူအညီတွေ ပေးသွားမယ်လို့ မျှော်လင့် ရည်ရွယ်ထားပါတယ်။ သူမဟာ တကယ်တော့ ရယူလိုသူ မဟုတ်ဘဲ ပေးဆပ်လိုသူ တယောက်အဖြစ် ဘ၀ကို ဖြတ်သန်း နေထိုင်သွားမယ့် သူသာဖြစ်ပါတယ်။

(စိုးနေလင်း - ဒေါက်တာစင်သီယာမောင် သို့မဟုတ် အရိပ်ကောင်းသော သစ်တပင် စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်)

No comments: