Tuesday, December 25, 2007

နေပြည်တော် ၀န်ထမ်းဖြစ်ရတဲ့ ဒုက္ခ

နေပြည်တော် ၀န်ထမ်းဖြစ်ရတဲ့ ဒုက္ခ
အေးချမ်းမြေ့
(ဧရာဝတီဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

သူ့ကိုယ်သူ ရုတ်တရက် စင်္ကာပူရောက်နေသလားဟုပင် ထင်လိုက်မိသည်။ လမ်းတွေအားလုံး ကောင်းမှ ကောင်း ဆိုသလို ဖြစ်နေသည်။ အားလုံး ကွန်ကရစ်ခင်းလို့။ အဆောက်အဦးတွေကလည်း အသစ်စက်စက်၊ ရန်ကုန်နဲ့ တခြားစီ။ သူတို့နေရသည့် အဆောင်ကို ကြည့်ဦးမလား၊ ရေမီးအစုံနှင့် ကုတင်အိပ်ယာ အပြည့်အစုံ နှင့် ဘာမှ လိုလေသေးမရှိ။

နာမည်ကိုက ခန့်ခန့်ငြားငြား၊ နေပြည်တော်တဲ့၊ သူများတွေက ပြောကြသည်၊ နေပြည်တော် သွားရတာ စိတ်ညစ်စရာ ကောင်းသည်၊ မသွားချင်တဲ့။ တော်တော် အကောင်းမမြင်တတ်သည့် သူများဖြစ်သည်။ ဒီလောက် ကောင်းသည့်နေရာမှာ အလုပ်လာလုပ်ရတာကိုတောင် ကျေနပ်မှု မရှိကြ၊ နိုင်ငံတော် အကြီးအကဲများ၏ စေတနာကို နားမလည်ကြ။ ဘယ်လောက်တောင် စေတနာ ကောင်းသလဲဆိုရင် ရန်ကုန်မှာ အကောင်းဆုံးဆိုသည့် ဂျင်နရေတာကြီး ဒီကိုရွှေ့ပေးတာပဲကြည့်။ ရန်ကုန်က လူတွေ မီးပျက်ရုံမကလို့ ပျက်ချင်ရာပျက် ဖြစ်ချင်ရာဖြစ် ဒီက နိုင်ငံ့ဝန်ထမ်းတွေလောက် အရေးမကြီးဘူး ဟုယူဆပေးသည့် စူပါဦးနှောက်များကို ရွှေတောင်ချထားသင့်သည်။ ဂျင်နရေတာ အသစ်မတပ်ပေးတာကတော့ နားလည်ပေးလို့ ရပါသည်။ သာကေတက ဖြုတ်လာသည့် မီးစက်လောက် ကောင်းသည့်စက် ကမ္ဘာပေါ်မှာ မရှိသေးသော ကြောင့်ပဲ ဖြစ်မည်။

သူ အလုပ်စဆင်းသည့်နေ့မှာဆို သူ့ကိုယ်သူ မြန်မာပြည်မှာ ဆိုတာတောင် မေ့သွားသည်။ ရုံးခန်းထဲကို ဖိနပ်စီး မ၀င်ရ။ ဘုရားတက်သလို ချွတ်ကိုင်မယ် လုပ်ပြီးမှ ပြန်ချလိုက်ရသည်။ စီးလာသည့် ဖိနပ်ချွတ်ပြီး အ၀တ်ဖိနပ်တရံ ပြောင်းစီးရသည်။ အဲဒီနေ့ကဆို တနေ့လုံး အလုပ်လုပ်ရတာ မဖြောင့်၊ အလှူအိမ်တွေမှာလို ဖိနပ်အခိုးခံမှာ စိုးသောကြောင့် ဖြစ်သည်။ တော်သေးသည် အဲဒီနေ့က ဖိနပ် အခိုးမခံရ။ နောက်မှ သတိရသွားသည်။ သူက ဖိနပ် ကောင်းကောင်း စီးနိုင်သူမှ မဟုတ်ဘဲ။ သူ့ဖိနပ်စုတ်ကို ဘယ်သူမှ မခိုးသလို ကျန်ဝန်ထမ်းများ၏ ဖိနပ်စုတ်များကိုလည်း သူစိတ်မ၀င်စားပါ။

သူတို့ကို ၀န်ကြီးကိုယ်တိုင် ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။ အဲဒီမှာ နိုင်ငံတော်၏ စေတနာများကို ထပ်ဆင့် သိလိုက်ရပြန်သည်။ နှုတ်ခွန်းဆက် စကားပြောအပြီးမှာ ၀န်ကြီးက စားပွဲ ကုလားထိုင် ရုံးအသုံး အဆောင်များကို လိုက်ကြည့်သည်။ ခုံတလုံးက ဟောင်းနေသဖြင့် ချက်ချင်း အသစ်နှင့် လဲခိုင်းသည်။

“အားလုံးပဲ သေသေချာချာ မှတ်ထားကြ၊ ဟောဒီ ရုံးထဲမှာ လွတ်လပ်ရေး မရခင်က ပစ္စည်းတွေ၊ အတွေးအခေါ်တွေ ဘာမှ မလိုချင်ဘူး” ဟု ပြောသွားသည်။ ကောင်းလိုက်သည့် စေတနာ၊ လွတ်လပ်ရေး မရခင်က ပစ္စည်းများ၊ အတွေးအခေါ်များ၊ လစာများ၊ ကုန်ဈေးနှုန်းများ လုံးဝမရှိတော့၊ လုံးဝ မဟုတ်တော့၊ ဒီတော့ သူကလည်း ၀န်ကြီး ဖြစ်စေချင်သလို အမီလိုက်မည်ဟု စဉ်းစားသည်။ အရင်နှင့်မတူ တမူထူးခြားများပြားစွာ၊ လွတ်လပ်ရေး မရခင်ကနှင့် ခြားနားစွာ အကြွေးများများ တင်ပစ်လိုက်လျှင် ကောင်းမလားဟု တွေးမိသည်။

အကြွေးမတင်ဘဲ ခံနိုင်မလား နေပြည်တော်မှာ ဆန်တပြည် (အလယ်အလတ်စား) ကျပ် ၁၃၀၀၊ ကြက် အစိတ်သား ၁၇၀၀၊ ၂၀၀၀ ကျပ်၊ ငါးသလဲထိုး ၁၀ ကျပ်သား ၈၀၀၊ တခြားမုန့်မစား လက်ဖက်ရည် မသောက်ဘဲကို မလောက်တာ ဆိုတော့ ဒါလည်း လွတ်လပ်ရေး မရခင်ကနှင့် မတူ တမူထူးခြားတာပဲ ဖြစ်သည်။ သူတို့ အဆောင်ကနေ ရုံးကို ဖယ်ရီ ရှိသည်။ နံနက် ၈ နာရီခွဲ ဖယ်ရီကြိုသည်၊ ဖယ်ရီမမီလျှင် ဆိုက်ကယ် တက္ကစီဖြစ်ဖြစ်၊ သုံးဘီးကား ဖြစ်ဖြစ် စီးရသည်။ ဒါလည်း နိုင်ငံတော်က စေတနာဖြင့် ရန်ကုန်ဝန်ထမ်းများ ဖြစ်ချင်ရာ ဖြစ်ဆိုကာ ရန်ကုန်မှ ဖယ်ရီ ခပ်လတ်လတ်များ အားလုံးကို နေပြည်တော်သို့ တကူးတက ရွှေ့ပေးထားတာ ဖြစ်သည်။ ဖယ်ရီမီအောင် ထရမှာက သူတို့ တာဝန်မဟုတ်လား။ မမီရင်တော့ ကျပ် ၁၂၀၀ ကုန်ပစေပေါ့။

သူက ဒုတိယတန်း စာရေးကလေးဆိုတော့ သူ့လစာက ကျပ် ၃၁၀၀၀ (၂၅ ဒေါ်လာ ကျော်ကျော်) ကြီးများတောင် ရသည်။ သူ့ရာထူးနှင့် ကျပ် ၃၂၀၀၀ မှာ ဂိတ်ဆုံးမည်။ သူ့လိုပဲ စာရေးကလေးဖြစ်သည့် သူငယ်ချင်း တယောက်ကတော့ နေပြည်တော်တွင် နှစ်လသွားရောက် တာဝန်ထမ်းဆောင်ပြီးနောက် အကြွေး ကျပ်လေးသောင်း တင်သွားသည်တဲ့။ တော်တော် အသုံးမကျသည့် သူငယ်ချင်း၊ သူကတော့ အကြွေး လုံးဝမတင်နိုင်၊ သူ့ကိုယ်သူယုံသည်။ ပိုက်ဆံလိုလျှင် အမေ့တမတ်သား ဆွဲကြိုးလေး ရောင်းပေးလိုက်သည့် ငွေဖြင့် သုံးမည်။ ဒါဆို ဘယ်လိုလုပ် အကြွေးတင်တော့မလဲ။ ဒီလောက်ညံ့သည့် သူငယ်ချင်းကို နောက်မှ အကြွေးမတင်အောင် နေနည်းထိုင်နည်း သင်ပေးရဦးမည်။

အကြွေးမတင်အောင် နေနည်းထိုင်နည်းများတွင်၊ အစားအသောက် ခြိုးခြံခြွေတာခြင်း၊ ကိုယ့်ရှိသည့် အစားအစာ ဖွက်စားခြင်း၊ ဈေးထဲတွင် သူငယ်ချင်းနှင့် တွေ့ပါက လက်ဖက်ရည်ဆိုင် ထိုင်ရန် မိမိက အရင် စမခေါ်ခြင်းတို့ ပါဝင်သည်။

သူတို့နေပြည်တော် ၀န်ထမ်းများအပေါ် နိုင်ငံတော်၏ စေတနာက ကြီးမားလွန်းလှသည်။ ၀န်ထမ်းများအတွက် အဲကွန်းက အေးစိမ့်နေသည်။ သူဆို အရင်ဖြစ်ဖူးသည့် ထိပ်ခတ်နာ ပြန်ဖြစ်မလားတောင် ထင်ရသည်။ သူတို့ ၀န်ထမ်းများ ကိုရီးယား ဇာတ်လမ်းတွဲများထဲက ဇာတ်ကောင်များလို အနွေးထည် အထူကြီးများ ၀တ်၍ အလုပ် လုပ်နေချိန်တွင် အလုပ်ကိစ္စဖြင့် ရောက်လာသည့် အပြင်လူများ ရုံးအတွင်း ၀င်ခွင့်မရှိ၊ ရုံးတွင်း မပြောနှင့် ရုံးဝန်းအတွင်းပင် ၀င်ခွင့်မရှိ။

အပြင်လူများအတွက် ဂိတ်တွင် ရုံသေးသေးလေး ဆောက်ပေးထားသည်။ သစ်ပင်မရှိ နေပူကျဲကျဲတွင် ရပ်စောင့်ရသည်။ ရပ်မစောင့်နိုင်လျှင် ကိုယ့်အလှည့် ကျော်သွားမည်။ သူတို့ဝန်ထမ်းများက မျက်နှာများကို အတတ်နိုင်ဆုံး ပုပ်ထားကြသည်။ မပုပ်လို့လည်း မဖြစ် ဒီမှာက ရန်ကုန်လို အောက်ဆိုက်ရတာ မဟုတ်၊ ဘာမှမရဘဲနှင့်တော့ မျက်နှာကို ချိုချိုသာသာ မထားနိုင်။ နေပူထဲက လူများကို သွားစရာ ဘာမှမရှိတာ သိလျက်နှင့် အချိန်ခွာ ချိန်းသည်။ ထိုင်စောင့်စရာ လက်ဖက်ရည်ဆိုင် မရှိ၊ သွားစရာဈေးက အဝေးကြီး ကျပ် ၂၀၀၀၊ ၃၀၀၀ လောက်ကုန်မှ ရောက်မည်။ ဒီတော့ နေပူထဲပဲ စောင့်တော့။ တချို့ဆို ရန်ကုန်ကို ပြန်လွှတ်လိုက်သေးသည်။ ဟိုဟာ လိုသည်၊ ဒီဟာ လိုသည် ဆိုသည့် အကြောင်းပြချက်နှင့် ရန်ကုန်နှင့် နေပြည်တော်ကို ခေါက်တုန့်ခေါက်ပြန် ပြေးခိုင်းကြသည်။

နိုင်ငံတော်က သူတို့ဝန်ထမ်းများကို လူလို သဘောထားသည် ဆိုတာကို တွေးလေ သဘောပေါက်လေပဲ ဖြစ်သည်။ အပြင်လူတွေကိုတော့ လူလို သဘောထားထား မထားထား အရေးမကြီး။ နောက်ပြီး ရှိသေးသည် သူတို့ကို မကုန်သင့်တာ မကုန်ရအောင် စီစဉ်ပေးထားသည်။ သူတို့အဆောင်နားမှာ ဘာဆိုင်မှ မရှိ။ ဘာဆိုင်မှ မရှိတော့ ဘာမှ မကုန်တော့။ ရန်ကုန်မှာဆို ရုံးအောက် ဆင်းလိုက်တာနှင့် ဆိုင်တွေဆိုတော့ ခဏခဏ စားကာ ခဏခဏ ကုန်သည်။ ဒီမှာက မုန့်ဟင်းခါး တပွဲလောက် မနေနိုင်မထိုင်နိုင် စားချင်လျှင် ကားခက အသွားအပြန် ၁၂၀၀ကျပ် မုန့်က ၃၀၀ ဆိုတော့ ၁၅၀၀ လောက်ကုန်မည်။ ဒီတော့ မသွားဖြစ်တော့။ မစားဖြစ်တော့၊ မကုန်တော့။

နောက်တခု ရှိသေးသည်၊ သူတို့လို ၀န်ထမ်းများ တခုခုဖြစ်လျှင် ပြသရန် ဆေးရုံ ဆေးခန်းမရှိ။ နိုင်ငံတော်က အမြော်အမြင် တော်တော်ကြီးသည်။ သူတို့ဝန်ထမ်းများအားလုံး ဒေါင်ဒေါင်မြည် ကျန်းမာသူများချည်းဆိုတာ သိထားပုံရသည်။ ခြွင်းချက်တော့ ရှိ၏။ သူတို့အားလုံး တပတ်တခါတော့ ဖျားနာခွင့် ရှိပါသည်။ အဲဒီနေ့မှာ ဖယ်ရီ ဖြင့် ပျဉ်းမနား ပို့ပေးသည်။ ဆေးခန်းပြချင်သူများ အဲဒီနေ့မှာ ပြနိုင်သည်။ အားအားရှိ ဖျားနေနာနေတာမျိုး မဖြစ်ရန် နိုင်ငံတော်က တမင် ဆေးရုံဆေးခန်း မထားပေးခြင်း ဖြစ်မည်။

သူတို့ ၀န်ထမ်းဆိုတာက အစိုးရ၏ ကျွန်များဆိုလည်း မမှား၊ ကျွန်တောင် ရိုးရိုးကျွန် မဟုတ်၊ အလွန် အဆင့်မြင့်သည်။ နေပြည်တော်က ကျွန်များက ပိုပြီး အဆင့်မြင့်သေးသည်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်စားရိတ် ကိုယ်သုံးပြီး ကျွန်ခံနေကြသူများ ဖြစ်သောကြောင့်ဟု ဆိုရပေလိမ့်မည်။ အဲဒီအတွက် ဂုဏ်ယူသင့်သည်၊ လွန်ရောကျွံရော ငှက်ဖျားဖြစ်လို့ သေရုံ၊ ရူးရုံကလေးကို ပုံကြီးချဲ့ပြီးတော့များ ပြောနေရသေးသည်။ ။

(နေပြည်တော်တွင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သော ၀န်ထမ်းများ၏ အတွေ့အကြုံကို အခြေခံ၍ ရေးပါသည်)

No comments: