Wednesday, December 26, 2007

၂၀၀၇ ခုနှစ်၏ ရုပ်ပုံလွှာများ
ကျော်စွာမိုး | ဒီဇင်ဘာ ၂၁၊ ၂၀၀၇

သူတို့ မပါဘဲနှင့် မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခွင့်အလမ်း ဖန်တီးပေးနိုင်မည့် လက်ငင်းနိုင်ငံရေး အရှိန် အဟုန် ရရှိလာနိုင်ဖွယ် မရှိချေ။ သူတို့ မပါဘဲနှင့် အတိုက်အခံ အင်အားစုများနှင့် စစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးနိုင်ရန် နိုင်ငံတကာဖိအားများ တိုးတက် ရရှိလာလိမ့်မည် မဟုတ်ချေ။ သူတို့ မပါဘဲနှင့် ၂၀၀၈ ခုနှစ်တွင် ပိုမိုကောင်းမွန်သော အနာဂတ်သစ် အတွက်မျှော်လင့်ချက်မရှိနိုင်ချေ။

သူတို့ဆိုသည်မှာ မည်ကဲ့သို့သော ပုဂ္ဂိုလ်များ ဖြစ်ကြသနည်း။ သူတို့ဆိုသည်မှာ လွတ်လပ်ခွင့်ကို ချစ်မြတ်နိုးကြသူများ၊ မေတ္တာတရားရှေ့ထားသော ရဟန်းသံဃာတော်များ၊ ဒီမိုကရေစီကို ထောက်ခံသော လှုပ်ရှားတက်ကြွသူများနှင့် ဆန္ဒပြသူ များဖြစ်ကြသည်။ ဤသူများသည် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ချီတက်ဆန္ဒပြပွဲများတွင် ရဲဝံ့ ပြောင်မြောက်စွာ ရှေ့တန်းက ပါဝင်ခဲ့ကြသည်။

သူတို့၏ အားထုတ်ကြိုးပမ်းမှုများနှင့် စွန့်လွှတ်အနစ်နာခံမှုများကြောင့်သာ ဒီမိုကရေစီ ခရီးရှည်ကြီးတွင် ခြေလှမ်းအချို့ လှမ်းတက်နိုင်ရန် အခွင့်အရေးကို မြန်မာပြည်သူများ ရရှိခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ လူထုချီတက်ဆန္ဒပြပွဲများကို လူသိမများလှသည့် ရဟန်းသံဃာ အစုအဖွဲ့ငယ်တခုက ဦးဆောင်စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီးက အခြေခံ နိုင်ငံရေးနှင့် စီးပွားရေး အခွင့်အရေးများ ရရှိရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေးနှင့် ပြည်သူများ နေထိုင်မှုဘ၀ အဆင့်အတန်း တိုးတက်ရေး စသည့်အချက်များကို တောင်းဆိုကာ တော်လှန်ရေးကို လမ်းကြောင်းအမှန်သို့ဆွဲ တင်ပေးခဲ့သည်။

ဆန္ဒပြပွဲမတိုင်ခင်နှင့် ဆန္ဒပြပွဲကာလများအတွင်း သံဃာအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သော ကြေငြာချက်များက သပိတ်မှောက်သူ များအတွက် လမ်းညွှန်ချက်များကို ချပေးနိုင်ခဲ့သည်။ သံဃာ့တပ်ပေါင်းစု အဖွဲ့ချုပ်၏ ခေါင်းဆောင်မှုတွင် မည်သူများပါဝင် ကြသည်ကို ပဟေဠိဆန်ဆန်ရှိနေသေးသော်လည်း အာဏာပိုင်များက သံဃာလေးပါးကို မြေလှန်ရှာဖွေနေခဲ့သည်။ ထိုသံဃာလေးပါးမှ တပါးဖြစ်သော ဦးဂမ္ဘီရ သည် နိုဝင်ဘာလတွင် ဖမ်းဆီးခံခဲ့ရပြီး ကျန်သံဃာခေါင်းဆောင်များက ဖမ်းဆီး မခံရဘဲ ဆက်လက် ရှောင် တိမ်းပုန်းခိုနေနိုင်ဆဲ ဖြစ်သည်။

လူထု ဆန္ဒပြပွဲများ ဖြစ်ပေါ်လာစေခဲ့သော အဓိကအချက်မှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်များ ဦးဆောင်ပြု လုပ်ခဲ့သော သြဂုတ်လအတွင်း အစောပိုင်း ချီတက်ဆန္ဒပြပွဲငယ်များကြောင့်ဟု ဆိုရမည် ဖြစ်ပြီး၊ ဤအဖွဲ့ကို အတွေ့အကြုံ ရင့်ကျက်ပြီး သမ္ဘာရင့် ရဲရင့်သော လွတ်မြောက်ရေး တိုက်ပွဲဝင်သူများဖြင့် ဖွဲ့စည်းထားကြသည်။

၎င်းတို့၏ ကနဦး အားထုတ်မှုများသာ မရှိခဲ့ပါက ဤကဲ့သို့ လူထုအုံကြွမှုကြီးပေါ်ပေါက်လာချင်မှ ပေါ်ပေါက်လာပေလိမ့်မည်။

ဤ ၈၈-မျိုးဆက် ကျောင်းသားများက၊ ၁၉၈၈ ခုနှစ်မှစ၍ ဒီမိုကရေစီရေးအတွက် ၎င်းတို့၏ ဘ၀များကို နှစ်မြုပ် ပေးဆပ် ထားကြသည်။ စစ်အစိုးရက လောင်စာဆီဈေးနှုန်း အဆမတန်တိုးမြှင့်ခဲ့မှု အပေါ်အငယ်စား လမ်းလျှောက်ချီတက်ဆန္ဒပြပွဲ များဖြင့် ငြိမ်းချမ်းစွာ စတင်ဆန့်ကျင်ခဲ့ကြသည်။ မင်းကိုနိုင်နှင့် ကိုကိုကြီး အပါအ၀င် ဦးဆောင်အဖွဲ့ဝင် ၁၃ ဦး ချက်ချင်း ဆိုသလို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ နာမည်ဆိုးဖြင့် ကျော်စောသော အင်းစိန်ထောင်တွင် ယခုတိုင် ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

အဖမ်းအဆီးမခံရသော ကျောင်းသားခေါင်းဆောင်များသည် ပုန်းရှောင်ရင်းဖြင့်ပင် အဓိက အခန်းကဏ္ဍမှနေ၍ ဆက်လက် ခေါင်းဆောင်နိုင်ခဲ့ကြသည်။ ဥပမာ ကိုဌေးကြွယ်နှင့် မမီးမီးတို့သည် ၎င်းတို့ ပုန်းခိုရာနေရာတွင် အဖမ်းမခံရချိန် အောက်တို ဘာလအထိ သတင်းဌာနများနှင့် စကားပြောခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ မနီလာသိမ်း၊ ကိုထွန်း မြင့်အောင်နှင့် ကိုစိုးထွန်းတို့ကဲ့သို့သော အခြားသူများသည်လည်း ပုန်းရှောင်ရင်းဖြင့်ပင် ဆက်လက်လှုပ်ရှား စည်းရုံးနေ ကြဆဲ ဖြစ်သည်။ အင်အားတောင့်တင်းသော စစ်အစိုးရအတွက် ၈၈-မျိုးဆက်ကျောင်းသားများအဖွဲ့က အကြီးမားဆုံး ခြိမ်းခြောက်မှု အန္တရာယ်တခုအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သည်။

စစ်အစိုးရ၏ ဖိနှိပ်ကန့်သတ်ထားမှုကြောင့် ချိနဲ့အားနည်းနေရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်မှုကမူ ဤဆန္ဒပြပွဲများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့ခြင်း မရှိချေ။ သို့သော်ငြားလည်း နိုင်ငံအ၀ှမ်းရှိ အဆင့်ဆင့်သော အဖွဲ့ချုပ် အဖွဲ့ဝင်များကမူ ချီတက်ဆန္ဒပြပွဲများတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားကြခြင်း၊ သံဃာတော်များကို ပံ့ပိုးကူညီကြခြင်းနှင့် ၎င်းတို့ မြို့နယ်များအတွင်း စတင်ဦးဆောင် လှုပ်ရှားကြခြင်းဖြင့် ပါဝင်ခဲ့ကြသည်။

ရန်ကုန်မြို့အတွင်း လှုပ်ရှားမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များမှာ မစုစုနွေး၊ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် လူနာများ အရေးလှုပ်ရှားနေသူ မဖြူဖြူသင်းနှင့် နော်အုန်းလှတို့ ဖြစ်သည်။ နိုဝင်ဘာလက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် လာရောက် လည်ပတ်နေခိုက် လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်ပြားတွင် အစိုးရဆန့်ကျင်ရေးစာများ ကပ်နေစဉ် မစုစုနွေး အဖမ်းခံခဲ့ရသည်။ မဖြူဖြူသင်းသည် ပုန်းခိုနေရင်း ဆက်လက်လှုပ်ရှားနေကာအိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် ဆက်လက်ကူညီ လုပ်ကိုင်ပေးနေဆဲ ဖြစ်သည်။ ဆန္ဒပြပွဲကာလအတွင်း နိုင်ငံနှင့်အ၀ှမ်းတွင် ခန့်မှန်းချေ အန်အယ်ဒီအဖွဲ့ဝင် ၂၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြ ရသည်။


စက်တင်ဘာလှုပ်ရှားမှုအတွင်း ထောက်ခံအားပေးသူများအား တွေ့ရစဉ်
[Photo: Thierry Falise/The Irrawaddy]

ဇိုမီးအမျိုးသားကွန်ဂရက်မှ ဦးကျင်လျင်းထန်နှင့် ရက်သတ္တပတ်ပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရသော ပြည်ထောင်စု တိုင်းရင်း သားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) မှ ဦးထောင်ခိုထန်း အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင် အချို့သည်လည်း ဆန္ဒပြပွဲများတွင် ထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။

ဆန္ဒပြသူများသည် လူမှုရေးလုပ်သားများနှင့် အနုပညာရှင်များထံမှလည်း အရေးပါသော ပံ့ပိုးကူညီမှုများ ရရှိခဲ့ကြသည်။ ၎င်းတို့က လူထုအတွင်း အသိစိတ်ဓာတ် မြှင့်တင်ပေးရန် လှုံ့ဆော်စည်းရုံးခဲ့ကြပြီး၊ လူအများ လမ်းမများပေါ်ထွက်၍ သံဃာ တော်များအား ပံ့ပိုးကူညီကြရန် အားပေးနိုင်ခဲ့ကြသည်။

အနုပညာရှင်အများစုတွင် နာမည်ကြီးလူရွှင်တော်များဖြစ်ကြသော ကိုဇာဂနာနှင့် ဦးပါပါလေးသည် သံဃာ တော်များနှင့် ဆန္ဒပြသူများကို ၀န်းရံပံ့ပိုးရန်အတွက် တဖန် ရှေ့ထွက်လာခဲ့ကြပြန်သည်။ နှစ်ဦးစလုံးသည် လည်း နောက်ပိုင်းတွင် တလကျော် ထိန်းသိမ်းခံခဲ့ရသည်။

ဆန္ဒပြသူ ၃,၀၀၀ ခန့် အသတ်ခံခဲ့ရသော ၁၉၈၈ လူထုအုံကြွမှုနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာလ ချီတက် ဆန္ဒပြပွဲများသည် သေးငယ်သည်ဟု ဆိုနိုင်သော်လည်း၊ နိုင်ငံတကာသို့ ရိုက်ခတ်မှုမှာ အတိုင်းထက်မက ကြီးမားခဲ့သည်။ အကြောင်းမှာ မြန်မာ ပြည်သူများက ခေတ်ပေါ် သတင်းမီဒီယာ နည်းပညာများကို ထိရောက်စွာ အသုံးပြုနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး သတင်းဌာနကြီးများ ဖြစ်ကြသော စီအန်အန်၊ ဘီဘီစီနှင့် အယ်လ်ဂျားဇီးယားတို့ကပင် ပြည်သူ့သတင်း ထောက်များနှင့် ချိတ်ဆက်ခဲ့ကြရသည်။ ပြည်သူများကိုယ်တိုင် ဆန္ဒပြပွဲများတွင် ပါဝင်နေကြစဉ်အတွင်းမှာပင် သတင်း အချက်အလက်များပေးပို့ ဖြန့်ဖြူးနေခဲ့ကြခြင်းဖြစ်သည်။ အယ်လ်ဂျားဇီးယား သတင်းဌာနသည် မြန်မာနိုင်ငံဆိုင်ရာ သတင်း များအတွက် စောင့်ကြည့်မှု အခံရဆုံး သတင်းကွန်ယက်တခုအဖြစ် နာမည်ကျော်ခဲ့သည်။

၁၉၈၈ ဆန္ဒပြပွဲများ၏ ဓာတ်ပုံတပုံကို ကမ္ဘာက မြင်ရရန် ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူစောင့်ခဲ့ရသည်။ သို့သော် စက်တင်ဘာ ဆန္ဒပြပွဲများတွင်မူ ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများတွင် မိနစ်ပိုင်းအတွင်းမှာပင် ဓာတ်ပုံများ၊ ဗွီဒီိယို မှတ်တမ်းများ ထွက်ပေါ်လာကြပြီး မိနစ်နှင့်အမျှ နောက်ဆုံး ဖြစ်ပျက်နေသည့် သတင်းများလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

တချိန်တည်းမှာပင် ပြည်ပရောက် မြန်မာမီဒီယာအုပ်စုများကလည်း သတင်းအချက်အလက်များနှင့် ဓါတ်ပုံများကို နာရီနှင့် အမျှ အသစ်ဖြစ်နေစေရန် အားသွန်ခွန်စိုက် လုပ်ကိုင်ခဲ့ကြသည်။ ၀က်ဘ်ဆိုက်များတွင်လည်း နောက်ဆုံးထုတ် သတင်းများ လာရောက်ကြည့်ရှုသူများနှင့် ပြည့်လျှံသွားခဲ့သည်။

သတင်းမီဒီယာများက လူထုနှင့် ကမ္ဘာအ၀ှမ်းရှိ နိုင်ငံရေးခေါင်းဆောင်များအကြားတွင် ပေါင်းကူး ဆက်သွယ်ရေး ကိရိယာ တခုအဖြစ် ထမ်းဆောင်၍ သတင်းပေးပို့ခဲ့သည်။ စစ်အစိုးရတွင် စစ်သားများနှင့် သေနတ်များသာရှိသည်။ ပြည်သူလူထု တွင်တော့ မီဒီယာနှင့် အမှန်တရားကိုဖေါ်ပြနေသော စကားလုံးများ ဓါတ်ပုံများရှိသည်။

စဉ်ဆက်မပြတ် စီးဆင်း သတင်းပေးပို့နေသော မီဒီယာဌာနများသာ မရှိပါက စစ်အစိုးရအပေါ်တွင် ယခုလောက် ဖိအား ပြင်းထန်စွာ သက်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။

စစ်အစိုးရက ဆန္ဒပြသူများကို သေနတ်နှင့် ပစ်ခတ်ပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက စစ်ဗိုလ်ချုပ်ကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးပွဲများ စတင်နိုင်ရန်အတွက် ၎င်း၏ အထူးသံကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီကို မြန်မာနိုင်ငံသို့ အရေးပေါ် စေလွှတ်ခဲ့သည်။ ၎င်း၏ ဒုတိယအကြိမ် မြန်မာပြည်ခရီးက အရေးပါသော အောင်မြင်မှု အနည်းအကျဉ်းကိုလည်း ဆောင်ကျဉ်းနိုင်ခဲ့သည်။

အမေရိကန်သမ္မတကတော် လော်ရာဘုရှ်နှင့် ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် ဂျင်မကယ်ရေး ကဲ့သို့သော ထင်ရှား ကျော်ကြားသူများသည်လည်း မြန်မာ့အရေးကို လူအများ ပိုမိုသိရှိလာစေရန် လှုံ့ဆော်ပေးခဲ့ကြပြီး လူသိရှင်ကြား မေတ္တာ ရပ်ခံချက်များ ထုတ်ပြန်ခဲ့ကြသည်။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အပါအ၀င် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နိုင်ငံရေး အုပ်စုများအားလုံးက ပြန်လည်ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီအရေးအတွက် ထုတ်ဖေါ်တောင်း ဆိုခဲ့ကြသည်။ အစဉ် အဆက်အားဖြင့် စစ်အစိုးရ၏ မိတ်ဆွေနိုင်ငံများဖြစ်သော တရုတ်ပြည်နှင့် စင်ကာပူနိုင်ငံ အပါအ၀င် အချို့သောနိုင်ငံများ သည်ပင် စစ်အစိုးရအပေါ် တင်းမာသော သဘောထားများရှိလာကြောင်း သတိပြုလောက်ဖွယ် တုံ့ပြန်ဆန့်ကျင်ခဲ့ကြသည်။

နိုင်ငံတကာ ဖိအားများ ရှိမလာပါက ထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ဆောင် ရွက်ရန်အတွက် ဆက်ဆံရေးဝန်ကြီးတဦး ခန့်အပ်ရန် အကြောင်းမရှိပါ။ ကုလသမဂ္ဂ ကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပေးခြင်း မရှိနိုင်ခဲ့သလို၊ ၃ နှစ်တာကာလအတွင်း ပထမဦးဆုံး အကြိမ်အဖြစ် သူမနှင့် သူမပါတီမှ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရနိုင်ရန်လည်း အလွန်ခဲယဉ်းလိမ့်မည် ဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ မရှိပါကလည်း တွေ့ဆုံဆွေးနွေးပွဲများတွင် အားမပါ ချိနဲ့နေမည်သာ ဖြစ်သည်။ သူမ၏ဂုဏ်သတင်းသည် မြန်မာနိုင်ငံရေး အ၀န်းအ၀ိုင်းကို ကျော်လွန်၍ ကမ္ဘာ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးကပင် တန်ဖိုးထားကြရသည့် မီးရှုးတန်ဆောင် တခုသဖွယ် ဖြစ်လာခဲ့သည်။

သွေးထွက်သံယို နှိမ်နင်းဖမ်းဆီးမှုများ ဖြစ်ပေါ်နေသော ကာလတလျှောက်တွင် အရေးကြီးသော အချက်မှာ ပြည်သူလူထုက နအဖအဖွဲ့ဝင် ထိပ်တန်းစစ်အစိုးရ ခေါင်းဆောင် (၁၁) ဦးကိုသာ အမျက်ဒေါသ ချောင်းချောင်းထွက်ခဲ့ကြပြီး ၎င်းတို့နှင့် တိုက်ရိုက်သက်ဆိုင် တာဝန်ရှိသည်ဟု မြင်ကြခြင်းဖြစ်သည်။

စစ်တပ် ထက်အောက်စီးဆင်းမှုနှင့် အုပ်ချုပ်ရေးပုံစံအရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်သာ ဤရက်စက်မှုများအတွက် ပစ်မိန့် ပေးနိုင်သောသူ ဖြစ်သည်။ သူက မီးစိမ်းမပြပါက မည်သူတဦးမျှ စစ်တပ်ကို ပစ်မိန့်ပေး ခိုင်းစေနိုင်လိမ့်မည် မဟုတ်ပေ။

စစ်အစိုးရ၏ ဆက်လက် ခေါင်းမာနေမှုကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတေးလျနှင့် အခြားသော နိုင်ငံများက ပိုမို ပြင်းထန်သည့် ပြစ်ဒဏ်ခတ် အရေးယူမှုအသစ်များ ချမှတ်ခဲ့ကြသည်။ ဤပြစ်ဒဏ်ခတ်မှုများတွင် စစ်အစိုးရ အာဏာ သက်ဆိုးရှည်စေရေးအတွက် အထောက်အပံ့ပြုနေသော ဦးတေဇကဲ့သို့ စီးပွားရေး လုပ်ငန်းရှင်ကြီးများကိုလည်း တိုက်ရိုက် ပစ်မှတ်ထား ဆောင်ရွက်ခဲ့သည်။

တကယ်တမ်းက လူတဦးတယောက်တည်းတွင်သာ အလုံးစုံ စုပုံနေသည်။ ဗိုလ်ချုပ်သန်းရွှေသည် စစ်အစိုးရဖြစ်၍ စစ်အစိုးရ သည်လည်း ဗိုလ်ချုပ်သန်းရွှေပင် ဖြစ်နေတော့သည်။

ဗိုလ်ချုပ်သန်းရွှေသည် အဓိကသော့ကိုင် ဖြစ်သည်။ သူသာလျှင် လမ်းဖွင့်ပေးနိုင်သည့် တဦးတည်းသော ပုဂ္ဂိုလ်လည်းဖြစ် သည်။ ယခုအချိန်အထိတိုင် သူသည် သူ၏ မြို့တော်သစ် နေပြည်တော်တွင် လုံးဝ သက်တောင့်သက်သာ နေနိုင်သေးပြီး၊ မြန်မာပြည်သူလူထု နိစ္စဓူဝခံစားနေရသော ဒုက္ခဝေဒနာများကို မျက်ကွယ်ပြုထား၍ ဖြစ်နိုင်သေးသည်။

သို့သော်လည်း ယခုအချိန်တွင် ပြည်သူများ၏ ဒုက္ခဆင်းရဲများနှင့် ဒေါသများကို၊ အနည်းဆုံးတော့ ကမ္ဘာအ၀ှမ်းက မျက်မြင် တွေ့ရှိခဲ့ကြရပြီ ဖြစ်သည်။ သတ္တိကောင်းလှသည့် မြန်မာနိုင်ငံသားများကိုကျေးဇူးဆိုရပေလိမ့်မည်။ လွတ်မြောက်ရေးအတွက် စွှန့်လွှတ်ပေးဆပ်ခဲ့ကြသူများ အားလုံးကို ဧရာဝတီမဂ္ဂဇင်းမှ ဂုဏ်ပြုအပ်ပါသည်။ ထိုသူများသည် ၂၀၀၇ လူထုအုံကြွမှုကြီး၏ သူရဲကောင်းများ ဖြစ်ကြသည်။ ထိုသူများအနက် အချို့လူပုဂ္ဂိုလ်များ၏ အကြောင်းကို အောက်ဖေါ်ပြပါ စာမျက်နှာများတွင် ဖေါ်ပြထားပါသည်။

သူတို့ မပါရှိဘဲ မြန်မာနိုင်ငံအတွက် မည်သို့သော မျှော်လင့်ချက်မှ ထွက်ပေါ်လာနိုင်မည် မဟုတ်ပါချေ။

ဒီမိုကရေစီအရေး လှုံ့ဆော်သူများ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ဟု သူတို့ကိုယ်သူတို့ အမည်ပေးထားကြသည့် သံဃာများအစုအဖွဲ့က လက်ကမ်းစာစောင်များ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ကြသည်။ သူတို့၏ လက်ကမ်းစာစောင်များတွင် ပခုက္ကူမြို့၌ ဆန္ဒပြ ကြသော ရဟန်းသံဃာများကို ရဲများ၊ စစ်သားများနှင့် အစိုးရကျောထောက်နောက်ခံပြုထားသည့် လူရမ်းကားများက ရက်စက်စွာ ဖိနှိပ်ချေမှုန်းခဲ့မှုအတွက် စက်တင်ဘာ ၁၇ ရက်နေ့ နောက်ဆုံးထား၍ တောင်းပန်ရန် တောင်းဆိုထားခဲ့သည်။ စစ်အစိုးရက ပြန်လည်တောင်းပန်ရန် ပျက်ကွက်ခဲ့ပြီး နောက်ပိုင်းတွင် သံဃာ့တပ်ပေါင်းစုက စစ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့အား ထောက်ခံသူများထံမှ ဆွမ်းကွမ်းလှူ ဖွယ်များကို လက်မခံရန် ပတ္တနိက္ကုဇ္ဇန ကံဆောင်ကြရန် တိုင်းပြည်အ၀ှမ်းရှိ ဗုဒ္ဓဘာသာဝင် သံဃာတော်များကို အကြံပြု ဆော်သြခဲ့သည်။


စက်တင်ဘာလှုပ်ရှားမှုကို ခေါင်းဆောင်သော ရဟန်းပျိုများ
[Photo: Thierry Falise/The Irrawaddy]

ထိုတောင်းဆိုမှုကြောင့် မြန်မာပြည်အ၀ှမ်းရှိ ထောင်သောင်းချီသော ရဟန်းသံဃာတော်များနှင့် အရပ်သားပြည်သူများက စစ်အစိုးရကို ဆန့်ကျင်သော ဆန္ဒပြပွဲကြီးဆင်နွှဲရန် လမ်းမပေါ် ထွက်လာခဲ့ကြသည်။ ဤဆန္ဒပြပွဲများက လွန်ခဲ့သော နှစ်နှစ်ဆယ်ကာလတွင် မြန်မာပြည်၏ အကြီးမားဆုံးသော ဆန္ဒပြပွဲများ ဖြစ်လာခဲ့သည်။ ဤသို့ လမ်းမများပေါ်သို့ ထွက်လာ ခဲ့ကြသော ရဟန်းသံဃာများနှင့် ပြည်သူများက ပိုမိုကောင်းမွန်သော နေထိုင်မှုအဆင့်အတန်းရရှိရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြပွဲ စတင်ဖြစ်ပေါ်လာခဲ့သည့်အခါ သံဃာ့တပ်ပေါင်းစု၏ ခေါင်းဆောင်များကို မည်သူတဦးတယောက်မှ မသိရှိခဲ့ကြပေ။ သို့သော် မြန်မာပြည်သူများသည် နိုင်ငံခြားရေဒီယိုဌာနများမှ လွှင့်ထုတ်သော တယ်လီဖုန်း တွေ့ဆုံမေးမြန်းခန်းမှ တဆင့် မြေအောက်ခေါင်းဆောင်အချို့၏ အသံများကိုကြားခဲ့ရာ ဦးဂမ္ဘီရ၊ ဦးသြဘာသ၊ ဦးခေမိန္ဒနှင့် ဦးဇောတိက ဆိုသောအမည် များကို ယခုအချိန်တွင် ရင်းနှီးကျွမ်းဝင်နေကြပြီ။ ဖြိုခွဲမှု စတင်သောအခါတွင် ၎င်းသံဃာတို့အားလုံး ပုန်းအောင်း ကွယ်လျှိုး ခဲ့ကြသည်။

ကျောက်ဆည်မြို့၊ သူ ပုန်းခိုရာနေရာတွင် ဦးဂမ္ဘီရကို နိုဝင်ဘာလက အာဏာပိုင်များ ဖမ်းဆီးခဲ့ကြသည်။ အောက်တိုဘာ လတွင် ဦးဂမ္ဘီရ၏ ခမည်းတော်နှင့် မယ်တော်သည် ဦးဂမ္ဘီရ ကိုယ်တိုင်လာရောက် အဖမ်းခံစေရေးအတွက် ပြန်ပေးဆွဲသည့် သဖွယ် ဖမ်းဆီးခံခဲ့ကြရသည်။ သူ့ကို ဖမ်းဆီးရခဲ့သည့်တိုင် သူ၏ အစ်ကိုတော်နှင့် ဖခမည်းတော်တို့ကို လွှတ်မပေးသေးဘဲ၊ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်သည်။ သူ၏ မိသားစုအဆိုအရ သက်တော် ၂၉ နှစ်အရွယ် ခေါင်းဆောင်သံဃာတော်အား နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲဆိုထားသည်ဟု ဆိုသည်။ နိုင်ငံတော် သစ္စာဖောက်မှုအတွက်ဆိုလျှင် ကျခံရနိုင်သည့် ပြစ်ဒဏ်သည် တသက်တကျွန်း၊ သို့မဟုတ် သေဒဏ်လည်း ဖြစ်နိုင်သည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့

မြန်မာနိုင်ငံ၏ အဓိကအတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖိနှိပ်ခံရ၍ မစွမ်းသာသည့် အခြေအနေ၊ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ်အကျယ်ချုပ်ဖြင့် ကျခံနေရဆဲဖြစ်နေချိန်တွင် စစ်အစိုးရအတွက် အကြီးမားဆုံး ခြိမ်းခြောက်နိုင်သူမှာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သာ ကျန်တော့သည်။


ကိုကိုကြီး၊ မင်းကိုနိုင်၊ ဌေးကြွယ် [Photo: AFP]

မင်းကိုနိုင်၊ ကိုကိုကြီးနှင့် မင်းဇေယျာတို့ ဦးဆောင်သော ဤအုပ်စုသည် နိုင်ငံရေးပါတီတခု မဟုတ်ပါ။ ၁၉၈၈ ခုနှစ် လူထု အုံကြွမှုတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့ကြသော ကျောင်းသားဟောင်းများကို ပြန်လည်စုစည်းထားသည့် လှုပ်ရှားမှု တခုပင် ဖြစ်သည်။

၁၉၈၈ နောက်ပိုင်း ကာလများတွင် ၎င်းတို့အဖို့ ဒုက္ခပေးနှောင့်ယှက်ခံရခြင်း၊ ထောင်ချခံရခြင်း၊ နှိပ်စက်ခံရခြင်းနှင့် ပညာ သင်ခွင့် ပိတ်ပင်ခံရခြင်း စသဖြင့် ဆိုးရွားခါးသီးဖွယ်နှစ်များကို ကြုံခဲ့ကြရသော်လည်း လွတ်လပ်၍ ဒီမိုကရေစီရှိသော လူ့ဘောင်အဖွဲ့အစည်းတခု တည်ဆောက်လိုကြသည့် ၎င်းတို့၏ သံန္နိဌာန်မှာမူ ဆက်လက်ခိုင်ကျည်နေဆဲရှိနေကြသည်။ ထို့အတူ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းတွင် ၎င်းတို့၏သြဇာ လွှမ်းမိုးမှု မကြီးထွားလာစေရေးအတွက် ဖျက်ဆီးနှိပ်ကွပ် လိုသော စစ်အစိုးရ၏ ဒေါသအာဃာတကလည်း ကြီးမားစွာ ရှိနေဆဲပင်ဖြစ်သည်။

သူတို့က စက်တင်ဘာလ ချီတက်ဆန္ဒပြပွဲများကို ဦးတည်စေခဲ့သည့် နိုင်ငံသား အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများစွာကို တခုပြီးတခု စည်းရုံးလုပ်ဆောင်ခဲ့ကြပြီး စစ်အုပ်ချုပ်မှုကို တိုက်ရိုက်စိန်ခေါ်ခဲ့ကြသည်။

စက်တင်ဘာလ ချီတက်ဆန္ဒပြပွဲများသည် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင်များနှင့် ၎င်းတို့ကို ထောက်ခံသူများက စတင်လှုပ်ရှားခဲ့ကြခြင်းဖြစ်ပြီး လောင်စာဆီနှင့် အခြားအရေးကြီးလူသုံးကုန် ဈေးနှုန်းများ အဆမတန် တိုးမြှင့်လိုက်မှုအပေါ် ဆန့်ကျင်သော ဆန္ဒပြပွဲများမှတဆင့် ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။

အဖမ်းခံခဲ့ရပြီးနောက် ထောင်တွင်းတွင် ညှဉ်းပန်းနှိပ်စက်ခံကြရသည်ဟုလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ကိုဌေးကြွယ်၊ မနီလာသိန်း၊ မမီးမီးနှင့် ကိုထွန်းမြင့်အောင် အပါအ၀င် အခြားသူများက ၎င်းတို့ ပုန်းခိုရာ နေရာများမှ နိုင်ငံတကာ သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းများပြု၍ သတင်းပေးပို့ကာ ဆန္ဒပြသူများကို အားပေးလှုံ့ဆော် နိုင်ခဲ့ကြသည်။

နောက်ပိုင်းတွင် အာဏာပိုင်များက စနစ်တကျ လူရှာဖွေဖမ်းဆီးပွဲကြီးကို စတင်ခဲ့ပြီး အောက်တိုဘာလတွင် ကိုဌေးကြွယ်နှင့် မမီးမီးတို့ အဖမ်းခံခဲ့ကြရသည်။ လူ့အခွင့်အရေးအဖွဲ့များက သူတို့နှစ်ဦးအတွက် စိုးရိမ်ပူပန်နေကြသည်။

ဦးဆောင် တက်ကြွလှုပ်ရှားသူများ

စက်တင်ဘာလ လူထုအုံကြွမှုသည် ဗမာနှင့် ဗမာအကြား ပဋိပက္ခဖြစ်ကြသည့် တိုက်ပွဲမဟုတ်ပေ။ တိုင်းရင်းသား လူမျိုးများ လည်း စစ်အစိုးရဆန့်ကျင်ရေး အရေးတော်ပုံတွင် ပါဝင်ခဲ့ကြသည်။

ဦးကျင့်လျင်းထန်
[Illustration: Harn Lay/The Irrawaddy]

အသက် ၆၉ နှစ် အရွယ်ရှိ ဇိုမီးအမျိုးသားကွန်ဂရက်ဥက္ကဋ္ဌ ဦးကျင့်လျင်း ထန်နှင့် ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) မှ ဦးထောင်ခိုထန်းတို့ နှစ်ဦးသည် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သဖြင့် တလကျော် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ၎င်းတို့၏ လုပ်ဖော်ကိုင် ဖက်တဦးဖြစ်သော ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်း ရေးမှူး ဦးအေးသာအောင်သည်လည်း ဆန္ဒပြပွဲအတွင်း တိုင်းရင်းသား အဖွဲ့ များအား ကိုယ်စားပြု ပြောဆိုနေခြင်းနှင့် ပတ်သက်၍ အာဏာပိုင် များ၏ သတိပေးတားမြစ်ခြင်း ခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အားပေးပံ့ပိုးမှု အနည်းအကျဉ်းမျှသာ ရှိခဲ့သော်လည်း၊ နိုင်ငံအ၀ှမ်းရှိအောက် ခြေအဆင့်ဆင့် အဖွဲ့ချုပ် အဖွဲ့ဝင် များက စက်တင်ဘာဆန္ဒပြပွဲများကို အဓိကကဏ္ဍမှနေ၍ ဦးဆောင်မှု ပေးခဲ့ကြသည်။ ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်များ အပါအ၀င် နိုင်ငံအ၀ှမ်းတွင် အဖွဲ့ချုပ် အဖွဲ့ဝင်ပေါင်း ၂၀၀ ကျော် အဖမ်းခံခဲ့ရသည်။ ထင်ရှားသော အဖွဲ့ချုပ်ဝင် အမျိုးသမီးများဖြစ်သည့် မစုစုနွေး၊ မဖြူဖြူ သင်းနှင့် ဒေါ်နော်အုန်းလှတို့သည် ချီတက်ဆန္ဒပြပွဲများတွင် ဦးဆောင်မှု အခန်းကဏ္ဍ၌ တက်ကြွစွာ ပါဝင်ခဲ့ကြသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ ခေါင်းဆောင် အသက် ၄၄ နှစ် အရွယ်ရှိ ကိုထင်ကျော်သည် ရန်ကုန်မြို့လယ်၊ သိမ်ကြီးဈေးရှေ့တွင် ဆန္ဒပြပြီးနောက် သြဂုတ်လ ၂၅ ရက်နေ့တွင် စစ်အစိုးရက မွေးထားသည့် လူရမ်းကားများ၏ ရိုက်နှက် ဖမ်းဆီးမှု ခံခဲ့ရသည်။ သူ့ကိုဖမ်းဆီးပေးနိုင်ပါက ဆုငွေကျပ် ၅ သိန်း (အမေရိကန်ဒေါ်လာ ၄၀၀ နီးပါး) ပေးမည်ဟုလည်း ဆုငွေထုတ်ထားခဲ့သည်။


စက်တင်ဘာလှုပ်ရှားမှုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည်လည်း အရေးပါခဲ့သည်

တိုင်းပြည်၏ ကျဆင်းယိုယွင်းနေသော လူမှုစီးပွားရေး အခြေအနေများကို သိရှိနားလည်ထားမှုကြောင့် တသီးပုဂ္ဂလ လွတ်လပ်သည့် နိုင်ငံရေးသမားတဦး ဖြစ်သူ အသက် ၇၀ နှစ်အရွယ်ရှိ အမျိုးသားရေး ဦးဝင်းနိုင်သည် သူ၏ မိတ်ဆွေများ နှင့်အတူ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ မရှိဆင်းရဲသားများကို ဆန် စတင်လှူဒါန်းခဲ့သည်။ သံဃာတော်များ ဆန္ဒပြ မကြွချီမီ ဆွမ်းဘောဇဉ်ခဲဖွယ်များ ကပ်လှူပြီးနောက်ပိုင်း စက်တင်ဘာ ၂၅ ရက်နေ့တွင် အဖမ်းခံခဲ့ရပြန်ကာ တလကြာ ထိန်းသိမ်းခံခဲ့ရသည်။

ကျော်ကြားသည့် အနုပညာရှင်များ

ဇာဂနာ

မြန်မာနိုင်ငံအတွင်းရှိ အနုပညာရှင်နှင့် ဖျော်ဖြေရေးလုပ်ငန်းမှ ထင်ရှား လူသိများသော အနုပညာရှင်များသည်လည်း စက်တင်ဘာချီတက် ဆန္ဒပြပွဲကိုယ်တိုင်ကိုယ်ကျ ပါဝင်ပံ့ပိုးခဲ့ကြသည်။ စစ်အစိုးရကမူ နှစ်မြို့ ဟန် မရှိခဲ့ပါ။ ယခင် သွားဆရာဝန်တဦးဖြစ်သူ လူရွှင်တော် ဇာဂနာနှင့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူတို့နှစ်ဦးက ရန်ကုန်မြို့၏ ကျက်သရေ ဆောင် ရွှေတိဂုံဘုရားရင်ပြင်တွင် ဆန္ဒပြသံဃာတော်များအား ဆွမ်းရေ ချမ်းကပ်လှူခဲ့သောကြောင့် အဖမ်းခံခဲ့ရသည်။

ဂီတပညာရှင် ကိုရဲလွင်လည်း အဖမ်းခံခဲ့ရသည်။ ယဉ်ကျေးမှုမျက်နှာ စာမှ ဦးဆောင်သူတဦး ဖြစ်သော ကဗျာဆရာ အောင်ဝေးသည်လည်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံလာခဲ့ရသည်။

မန္တလေးမြို့မှနှုတ်ခမ်းမွှေးညီနောင် အငြိမ့်ခေါင်းဆောင်တဦးလည်းဖြစ်၊ အောင်မြင်ကျော်ကြားသော လူရွှင်တော်နှင့်ရုပ်ရှင်သရုပ်ဆောင်ဟောင်း တဦးလည်းဖြစ်သူ ဦးပါပါလေးသည်လည်း သူ၏မြို့ရှိဘုန်းကြီးကျောင်း တကျောင်းတွင် သံဃာများအားဆွမ်းကပ်လှူမိသောကြောင့် အဖမ်းခံ ခဲ့ရသည်။ ပြန်လည်မလွတ်မြောက်မီအထိ မန္တလေးမြို့အိုးဖိုထောင်တွင် တလကြာ ထိန်းသိမ်းခံခဲ့ရသည်။ ဇာဂနာ၊ ကျော်သူနှင့် ကိုရဲလွင်တို့မှာ နောက်ဆုံးတွင် ပြန်လွတ်မြောက်လာခဲ့သည်။

ပါပါလေး

နိုင်ငံတကာမှ အနုပညာရှင်များသည်လည်း စက်တင်ဘာလ အကြမ်းဖက် ဖြိုခွဲ မှုနှင့် ပတ်သက်၍ ကမ္ဘာအ၀ှမ်းမှ ဒေါသူပုန်ထသူများ၏ ကန့်ကွက်သံများနှင့် အတူ ပူးပေါင်း အားဖြည့်ပေးခဲ့ကြသည်။

ကမ္ဘာ့ကုလသမဂ္ဂမှ မြန်မာပြည်အရေးအတွက် အရေးယူဆောင်ရွက်ပေးပါရန် တင်ပြတောင်းဆိုလွှာတွင် အမေရိကန်နိုင်ငံမှ ဂီတပညာရှင်၊ ရုပ်ရှင်အနုပညာရှင် ၂၅ ဦးခန့် ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသည်။ ဖမ်းဆီး ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ကမ္ဘာလုံး ဆိုင်ရာ လှုပ်ရှားမှုတွင် ပါဝင်လာကြရန် လူထုအပေါင်းအား လှုံ့ဆော်အကြံပြု ချက်ကို YouTube ယူကျုဘ် ၀က်ဘ်ဆိုဒ် တွင် ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် ဂျင်မ် ကယ်ရေးက ဦးဆောင်တင်ပြခဲ့ပြီး၊ ဂျနီဖာ အန်နီဆင်၊ အိုဝင် ၀ီလ်ဆင်၊ ဆူဆန် ဆာရာဒွန်၊ ဒပ်စတင် ဟော့်ဖ်မန်း နှင့်အခြားသော ခေါင်းဆောင် သရုပ် ဆောင်များတို့ ပါဝင်တောင်းဆိုခဲ့ကြသည်။

သတင်း မီဒီယာများ

စက်တင်ဘာလ ချီတက်ဆန္ဒပြပွဲနှင့် သက်ဆိုင်သော တိုက်ရိုက်သတင်းပေးပို့မှုများ၊ ဓါတ်ပုံများနှင့် ဗွီဒီယိုမှတ်တမ်းများသည် ကမ္ဘာ့မီဒီယာများသို့ စဉ်ဆက်မပြတ် တသဲသဲ ရောက်ရှိလာခဲ့သည်။ ဤစွမ်းဆောင်မှုမှာ “ပြည်သူ့ သတင်းထောက်များ” ဟု ခေါ်ဆိုကြသော အမျိုးအစားအသစ် လူထုများကိုယ်တိုင်က သတင်းထောက်များအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးပို့လာမှု ကြောင့်သာဖြစ်ပြီး ကျေးဇူးပြုထိုက်သူများလည်း ဖြစ်ကြသည်။

သတင်းများကို မြန်မာနိုင်ငံပြင်ပသို့ အလျှင်အမြန် ပေးပို့နိုင်သော နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာများကိုလည်း သူတို့က တဖန် ပြန်လှန်ကျေးဇူးတင်ရချိမ့်မည်။

၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုသာ မရှိခဲ့ပါက ရက်စက်ကြမ်းကြုပ်သော မြန်မာစစ်အစိုးရအဖို့ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုက စီမံခဲ့ကြသည့်အတိုင်း ပြင်ပကမ္ဘာမျက်ကွယ်တွင် လူမဆန်ရက်စက်သည့် လုပ်ရပ်များကို ဆက်လက် ချိုးဖောက် ကျူးလွန် နိုင်ကြလိမ့်မည် ဖြစ်သည်။

သတင်းစာပညာ ပုံစံအသစ်ကို စတင်တီထွင်အသုံးပြုခဲ့သော ဘလော့ဆိုက်နှစ်ခုမှာ မိုးဇက်ဘလော့နှင့် ကိုထိုက်ဘလော့များ ဖြစ်ကြသည်။ နိုင်ငံတကာ မီဒီယာသို့ ဓါတ်ပုံများ၊ ဗွီဒီယို မှတ်တမ်းများစွာကို ၎င်းဘလော့ဂါများက ပေးပို့နိုင်ခဲ့ကြသည်။ အထူးသဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ လူအများ ဦးစားပေးစောင့်ကြည့်ခံရသော သတင်းဌာန ဖြစ်သည့် အယ်လ်ဂျားဇီးယားသည်လည်း သူတို့ထံမှ ပုံများ၊ သတင်းများ ရယူခဲ့ကြရသည်။

နိုင်ငံတကာ မီဒီယာများသည် ဧရာဝတီမဂ္ဂဇင်းနှင့် နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) တို့မှ ဓါတ်ပုံများ၊ သတင်းပေါင်းများစွာကို ထုတ်ယူအသုံးပြုခဲ့ကြသည်။ ၂၀၀၅ မေ ၂၈ ရက်နေ့မှ စတင်ထုတ်လွှင်သော့ ဒီဗွီဘီ ရုပ်မြင်သံကြား အစီအစဉ်များကိုလည်း မြန်မာနိုင်ငံတွင် ပြည်သူအများက ဂြိုလ်တုစလောင်းမှတဆင့် ဖမ်းယူကြည့်ရှုနိုင်ခဲ့ကြသည်။

ရန်ကုန်မြို့တွင် ဖြစ်ပျက်နေသောသတင်းများနှင့် အခြားနေရာများတွင် ဖြစ်ပျက်သောသတင်းများကို ဘီဘီစီ၊ လွတ်လပ် သောအာရှအသံ (အာရ်အက်ဖ်အေ) နှင့် အမေရိကန်အသံ (ဗွီအိုအေ) စသည့် လှိုင်းတို အသံလွှင့် ရေဒီယို ဌာနများမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ထုတ်လွှင့်ပေးခဲ့ကြသည်။ သတင်းထုတ်လွှင့်မှုများ၏ ထိရောက်မှုကို စစ်အစိုးရက ဒေါသအမျက် ချောင်းချောင်းထွက်ခဲ့ကြပြီး ၎င်းတို့၏ ပုတ်ခတ်ပြောဆိုမှုများနှင့်ပင် ထိုသတင်းဌာနများ၏ ထိရောက်မှုကို အတည်ပြုနိုင် စေသည်။ စစ်အစိုးရက ဤရေဒီယိုများကို “လေလှိုင်းပေါ်မှ လူသတ်သမားများ” “ မိုးလုံးပြည့် မုသာဝါဒများ ထုတ်လွှင့် နေသော အဖျက်သမားများ” အဖြစ် ပုံဖော်စွပ်စွဲခဲ့သည်။

မြန်မာပြည်မှ သတင်းပေးပို့ရခြင်းသည် ကြေကွဲဝမ်းနည်းဖွယ် ကိစ္စများကိုလည်း ဖြစ်စေခဲ့သည်။ ဗွီဒီယိုသတင်း ဌာနတခု ဖြစ်သော အေ ပီ အက်ဖ် နယူးစ် (APF News) မှ ဂျပန်သတင်းထောက် ကန်ဂျီ နာဂါအီဆိုလျှင် သူ၏အသက်ကိုပါ စွန့်လွှတ် ခဲ့ရသည်။

၁၉၈၈ ခုနှစ်ကဆိုလျှင် ၎င်း၏ အသက်ဆုံးရှုံးရမှုကို ချက်ချင်း သတိပြုမိချင်မှ ပြုမိကြပေလိမ့်မည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ လတွင်မူ ပြည်သူသတင်းထောက်တဦးက ကန်ဂျီ အနီးကပ် ပစ်သတ်ခံရမှုကို ဗီဒီယိုမှတ်တမ်း တင်နိုင်ခဲ့ပြီး၊ ဆန္ဒပြပွဲများကို စစ်တပ်နှင့် ရဲများက ရက်ရက်စက်စက် နှိမ်နင်းနေပုံကို ကမ္ဘာသို့ သက်သေအထောက်အထားများနှင့်တကွ ချက်ချင်းတင်ပြ နိုင်ခဲ့သည်။

ကမ္ဘာ့ ကုလသမဂ္ဂ၊ အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် နိုင်ငံတကာ မိသားစု

စက်တင်ဘာလ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို ရက်စက်စွာ ဖြိုခွဲဖိနှိပ်မှုသည် ကမ္ဘာတခု လုံးကို အံ့အားသင့် တုန်လှုပ်စေခဲ့ပြီး ဒီမိုကရေစီနှင့် လွတ်လပ်မှုကို မြတ်နိုးသော အစိုးရအားလုံးက ဒေါသအမျက် ပွင့်အံ ထွက်ခဲ့ကြသည်။ ရှုံ့ချ ပြစ်တင်ခဲ့ကြသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် နိုင်ငံတကာလှုပ်ရှားမှုတွင် အမေရိကန်သမ္မတကတော် လော်ရာဘုရှ်ကိုယ်၌က ပူးပေါင်းပါဝင်လာခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ထံသို့ ပုဂ္ဂိုလ်ရေးအရ ဖုန်းခေါ်၍ မြန်မာပြည်တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်တို့အပေါ် အမေရိကန်ပြည်သူများ အားလုံးက မည်မျှ စိတ်မချမ်းသာဖြစ်နေရသည်ကို ပြောပြခဲ့သည်။


အမေရိကန်သမ္မတကတော် လော်ရာဘုရှ် [Photo: AFP]

မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံး ယာယီတာဝန်ခံ ရှာရီ ဗီလာရိုဆာ (Shari Villarosa) ကလည်း စီအန်အန်၊ ဘီဘီစီ၊ အယ်လ်ဂျားဇီးယား သတင်းဌာနများနှင့် တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ခဲ့ပြီး ပွင့်လင်းပြောင်ကျစွာ ဝေဖန်ပြောဆိုခဲ့သည်။ ဗြိတိန် သံအမတ်အသစ် မတ်ခ် ကန်နင်း (Mark Canning) ကလည်း သူကိုယ်တိုင်မျက်မြင်တွေခဲ့ရသော ရန်ကုန်မြို့မှ လူသတ်ပွဲ မြင်ကွင်းများကို သတင်းထောက် တဦးသဖွယ် ပြင်ပမီဒီယာသို့ သတင်းပေးပို့ခဲ့သည်။

မြန်မာနိုင်ငံ၏ မိတ်ဘက်ဖြစ်သည့် အာဆီယံနိုင်ငံများကလည်း ငြိမ်သက်မနေခဲ့ကြပေ။ စင်ကာပူနိုင်ငံ၏ ၀ါရင့် နိုင်ငံ့ခေါင်းဆောင် လီကွမ်ယုက အတိုက်အခံများကို စစ်အစိုးရက ဤသို့ရက်စက်စွာ ပြုမူမှုအပေါ် သူမည်မျှ ဒေါသဖြစ်ရ ကြောင်း အသင်းကြီး၏ အဖွဲ့ဝင်အများစုကိုယ်စား ထုတ်ဖေါ်ပြောဆိုခဲ့သည်။ စစ်အစိုးရသည် အာဏာပုလ္လင်ထက်တွင် သက်ဆိုးရှည်မည်မဟုတ်ကြောင်း၊ လူကြိုက်နည်းရခြင်း တစ်ခုကြောင့်သာမကဘဲ လွဲချော်သည့် စီးပွားရေး စီမံခန့်ခွဲမှုများ ကြောင့် ကျဆုံးရလိမ့်မည်ဟု သူက ဟောကိန်းထုတ်ခဲ့သည်။ စစ်ဗိုလ်ချုပ်များကို “ခပ်တုံးတုံးတွေ”ဟုပင် သူက ကောက်ချက် ချပုံဖေါ်ခဲ့သေးသည်။

တရုတ်နိုင်ငံသည်ပင် ထူးထူးခြားခြား ဖွင့်ဟပြောဆိုလာရသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် တရုတ်နိုင်ငံက စစ်အစိုးရကို အကြံပြုခဲ့ပြီး ကုလသမဂ္ဂ၏ ကြားဝင်ဆောင်ရွက်ပေးနေသော အခန်းကဏ္ဍကို ထောက်ခံကြောင်းလည်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်
မစ္စတာဂန်ဘာရီ
[Photo: AFP]

ကုလသမဂ္ဂ အခန်းကဏ္ဍအနေဖြင့် အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ အထူးသံကိုယ်စားလှယ် မစ္စတာအေဘရာဟင် ဂမ်ဘာရီကို မြန်မာနိုင်ငံသို့နှစ်ခါ စေလွှတ်ခဲ့ပြီး ၎င်းကမြန်မာနိုင်ငံသို့မသွားမီ အခြားအာရှနိုင်ငံများသို့ လှည့်လည် စည်းရုံးခဲ့သေးသည်။

မစ္စတာ ဂမ်ဘာရီ၏ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ်တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေအပါအ၀င် အခြားသော စစ်အစိုးရ ထိပ်တန်းဗိုလ်ချုပ် ၂ ဦးနှင့် တွေ့ခွင့် မရခဲ့သော်လည်း၊ အတိုက်အခံနှင့် စစ်အစိုးရအကြား တွေ့ဆုံဆွေးနွေးပွဲများ ထမြောက် အောင်မြင်စေရေးအတွက် တိုးတက်ဖြစ်ထွန်းမှုများ ဆောင်ကျဉ်းနိုင် ခဲ့သည်ဟု ဂမ်ဘာရီက အခိုင်အမာ ပြောဆိုခဲ့သည်။ စစ်အစိုးရက ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အား အကျဉ်းသားတယောက်ကဲ့သို့ ထိန်းချုပ်ကန့်သတ် ထားခဲ့ပြီး၊ အစိုးရက ချမှတ်ပေးထားသော အစီအစဉ်အတိုင်း လိုက်ပါ ဆောင်ရွက်ခဲ့ရသည်။ မြို့တော် (Capital) တွင်သာ ၎င်း၏ အချိန်အများစုကို ကန့်သတ် နေထိုင်စေခဲ့ သောကြောင့် “သေဒဏ်”နှင့် စကားအဓိပ္ပါယ်တူသည့် (capital punishment) “မြို့တော်အတွင်း ဒဏ်ပေးခံရခြင်း” ဟုပင် လေ့လာသူ အချို့က အရွှမ်းဖောက် ပြောဆိုခဲ့ကြသည်။

မစ္စတာ ဂမ်ဘာရီအနေဖြင့် သူ၏ခရီးစဉ် အချည်းနှီးဖြစ်ရတော့မည့်အခြေအနေမှ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ “တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်စေရေးအတွက် စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူမအနေဖြင့် အဆင်သင့် ရှိကြောင်း” ဖေါ်ပြထားသည့် ကြေညာချက်တစောင်ကို ထုတ်ယူလာနိုင်သောကြောင့် တစုံတရာရလဒ်ကို ထုတ်ဖော်နိုင် ခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်သုံးဦးက မစ္စတာဂမ်ဘာရီအပေါ် မသိကျိုးကျွန် ခပ်စိမ်းစိမ်းပြုနေချိန်တွင် ရန်ကုန်အခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရုံး၏ တာဝန်ခံဖြစ်သူ မစ္စတာဂမ်ဘာရီ၏ လုပ်ဖော်ကိုင်ဖက် ချားလ်စ် ပေထရီ (Charles Petrie) မှာ သူ၏ တရားဝင်လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးပါက မြန်မာပြည်မှ ထွက်သွားရန် ကန်ထုတ်ခံခဲ့ ရသည်။ မစ္စတာ ချားလ်စ်အနေဖြင့် မည်သို့ ဆိုးဆိုးရွားရွားကျူးလွန်မှားယွင်းခဲ့ပါသနည်း။ အခြားမဟုတ်။ မြန်မာပြည်မှ “တစစ ဆိုးရွားယိုယွင်းလာနေသော လူမှု အခြေအနေ” ကို သိလာစေရန် ရည်ရွယ်ချက်ဖြင့် သူ၏ရုံးမှ ကုလသမဂ္ဂနေ့ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းရေးသားမိသည်အထိ သတ္တိရှိခဲ့သောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပေထရီ၏ နိဂုံးသည် နာကျည်းဖွယ် လှောင်ပြောင်မှုတခုသာ ဖြစ်တော့သည်။ တချိန်က သူ့ကို စစ်အစိုးရ အပေါ် ပျော့ပျောင်းလွန်းသူ၊ တွန်းတွန်းတိုက်တိုက်မရှိ၊ စိတ်ထား ပျော့ပျောင်းလွန်းသော အရာရှိတဦးဟု စွပ်စွဲခံခဲ့ရသော် လည်း၊ ယခုအချိန်တွင် စစ်အစိုးရက လုံးဝမလိုလားသော လူတဦးဖြစ်သွားခဲ့ပြီ။ ပေထရီ၏ ထုတ်ပြန်ကြေညာချက်နှင့်ယှဉ်၍ ဂမ်ဘာရီကိုတော့ ခမ်းခမ်းနားနား ကြိုဆိုခဲ့သည်။

စစ်အစိုးဆန့်ကျင်ရေး လှုံ့ဆော်စည်းရုံးသူများ

မြန်မာစစ်အစိုးရက စက်တင်ဘာ ချီတက်ဆန္ဒပြပွဲများကို လူမဆန် ရိုင်းပြစွာ ဖိနှိပ်ဖြိုခွင်းခဲ့သောအခါတွင် နိုင်ငံတကာမိသားစုများက တုန်လှုပ်ခြောက်ခြားခဲ့ရပြီး၊ စစ်အစိုးရ၏ လုပ်ရပ်များကို မနှစ်မြို့ရွံရှာစွာ ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။ ဤကန့်ကွက်လှုပ်ရှားမှုများတွင် မြန်မာ့ အရေးလှုပ်ရှားနေကြသူ နိုင်ငံတကာ မိတ်ဆွေများ ဖြစ်ကြသည့် Burma Campaign UK နှင့် US Campaign for Burma တို့က ရှေ့တန်းနေရာမှ ဦးဆောင်လှုံ့ဆော်ခဲ့ကြသည်။ ရန်ကုန်တွင် ဖြစ်ပျက်နေသော အဖြစ် အပျက်များကို နိုင်ငံတကာမှ အာရုံ စူးစိုက် လာစေရေးအတွက် မီးမောင်းထိုးပြနိုင်ခဲ့ပြီး နိုင်ငံသိ၊ ထင်ရှားကျော်ကြားသူ ခေါင်းဆောင် လူပုဂ္ဂိုလ်များက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ကြသည်။ ၎င်းနာမည်ကြီး လူပုဂ္ဂိုလ်များကြောင့် အများအာရုံ စိုက်မှု ပိုမိုရရှိခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်သည့် မြန်မာပြည်အရေး လန်းန လှုပ်ရှားဆောင်ရွက်မှုအဖွဲ့ (Lanna Action for Burma) က “ ငြိမ်းချမ်းရေးအတွက် အောက်ခံဘောင်းဘီ (Panties for Peace)” ဟူသည့် ထူးခြားသည့် လှုပ်ရှားမှုကို စတင်လှုံ့ဆော်ခဲ့ပြီး အထူး စိတ်ဝင်စားမှုရရှိခဲ့သည်။ မြန်မာနိုင်ငံရှိ အုပ်စိုးနေသူများက အယူသည်းကြပြီး အကယ်၍ အမျိုးသမီးများ၏ အောက်ခံ အသုံးအဆောင်များနှင့် ထိတွေ့မိပါက ဘုန်းနိမ့်မည်ဟု ယုံကြည်နေကြရာ၊ ကမ္ဘာ့ အ၀ှန်းရှိ အမျိုးသမီးများကို ၎င်းတို့၏ အတွင်းခံ ဘောင်းဘီများအား စာတိုက်မှတဆင့် မြန်မာသံရုံးများသို့ ပါဆယ်ထုပ်များဖြင့် ပေးပို့ရန် လှုံ့ဆော်ခဲ့ကြသည်။ ဤလှုပ်ရှားမှုကြောင့် မြန်မာသံရုံးများ အလုပ်များကြရသေးသည်။

ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် [Artist: Khin Maung Yin]

ဝေဖန်သူ အချို့နှင့် မြန်မာစစ်အစိုးရ ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးတွင် အရေးပါခြင်း မရှိတော့ဟု ဆိုခဲ့ကြသော်လည်း၊ ဒေါ်စုက မြန်မာ့နိုင်ငံလှုပ်ရှားမှု၏ သင်္ကေတ မီးရှုးတန်ဆောင်အဖြစ် ဆက်လက် ရှိနေဆဲဖြစ်သည်။ ထို့ပြင်သူ့ကို စစ်ဗိုလ်ချုပ်များကလည်း လျစ်လျူပြု ဖယ်ကျဉ်ထား၍ မရနိုင် ဖြစ်နေပါသေးသည်။ အစိုးရများအသီးသီးက မြန်မာအရေး နှင့် ပတ်သက်၍ မတူခြားနားသည့် မူဝါဒများ ရှိနေကြသော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်ကိုမူ အားလုံးက တောင်းဆိုနေကြသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျိုးစီးပွားမတူသော အုပ်စုများအကြား ပြန်လည်ရင်ကြားစေ့ပေးနိုင်သည့် အင်အားစုတရပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လေးစား လက်ခံထားကြဆဲ ဖြစ်သည်။

မြန်မာစစ်အစိုးရကမူ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ အကြိမ်ကြိမ်တောင်းဆိုနေမှုကို လက်မခံ ပယ်ချနေဆဲဖြစ်သော်လည်း တွေ့ဆုံဆွေးနွေးရေး တိုးတက်နေပါ သည်ဟု ကမ္ဘာကို လိမ်လည်နိုင်ရန်အတွက် ဟန်ပြအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခဲ့စဉ် သူမ၏ ပါတီဝင်များက ၎င်းတို့၏ခေါင်းဆောင်၊ ပါတီ၏ ပြောရေးဆိုခွင့် ရှိသူမျှသာ မဟုတ်တော့၊ ကမ္ဘာ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးနှင့် လူအခွင့်အရေးအဖွဲ့များအားလုံး၏ တန်ဖိုးထားအပ်သည့် ပိုင်ဆိုင်မှုတခု အလိုအလျောက် ဖြစ်သွားပြီဟု ကြေညာခဲ့ကြသည်။

ဒေါ်စုက ၁၈ ရှစ်နှစ်တာကာလအတွင်း ၁၂ နှစ်ကြာမျှ နေအိမ်အကျဉ်းချုပ်ဖြင့် အကျဉ်းချခံခဲ့ရသည်။ သို့သော်လည်း လွတ်လပ်မှုနှင့် ဒီမိုကရေစီရေးအတွက် မဆုတ်မနစ် သံန္နိဌာန်ဖြင့် နောက်ကွယ်မှ မားမားရပ်တည် ကိုယ်စားပြုပေးနေသည်။ သူနှင့် ဘ၀တူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နယ်လ်ဆင် မန်ဒဲလားကဲ့သို့ပင် သူသည်လည်း လှုပ်ရှားမှုကြီးကို ကိုယ်စားပြု၍ မားမားမတ်မတ် ရပ်တည်ပေးနေသည်။

ဒီမိုကရေစီဆန့်ကျင်ရေး အင်အားစုများနှင့် အပေါင်းအပါများ

စစ်အစိုးရ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရုပ်ပြောင်ပန်းပု [Artist: Jim McNalis]

အကယ်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကသာ ယနေ့ခေတ်သစ် နိုင်ငံရေးသမိုင်းတွင် စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ဆောက်နေသည့် ဘ၀ရှင်မင်းတရားကြီးဟု သူ့ကိုယ်သူ တကယ်တမ်း ယုံကြည်နေပါက သူ၏ဦးသျှောင်ကို လွယ်လွယ်နှင့် စွှန့်လွှတ်မည် မဟုတ်ပေ။ “ရွှေရောင်လွှမ်းသောမြေ” ၏ သမိုင်းတွင် သူ၏ အမည်ကို သေချာပေါက် ကမ္ပည်းထိုးချင်နေပေလိမ့်မည်။

အသက်အရွယ် အိုမင်းလာသည်နှင့်အတူ အာဏာဆုံးရှုံးသွားမည့်အရေး စိုးရိမ်မှု က သူ့အား တကိုယ်တော် အထီးတည်း အဆက်အသွယ်ဖြတ်၍ နေထိုင်နေရ သည့် ဘ၀သို့ တွန်းပို့စေပြီး လက်တွေ့ဘ၀နှင့်လည်း ပိုမို၍ကင်းကွာလာစေသည်။ သူနှင့်နီးစပ်မှုရှိသော မိတ်ဆွေများနှင့် နိုင်ငံရပ်ခြားနေ အသိမိတ်ဆွေများကပင် (တရားဝင်အရ အသက် ၇၄ နှစ်အရွယ်) ရှိပြီဖြစ်သော အာဏာရှင်ကြီးသည် ပိုမို၍ ခန့်မှန်းရခက်လာပြီး၊ ဆင်ခြင်တုံတရားမဲ့စွာ ပြုမူလုပ်ဆောင်မှုများ ပိုမိုရှိလာသည် ဟု ပြောဆိုနေကြသည်။ ဆိုးသည်မှာ ၎င်းကပင် စေလိုရာစေ အမိန့်ပေးနိုင်သော သူတဦးအဖြစ် ဆက်လက်ရှိနေခြင်းနှင့် တိုင်းပြည်၏ ဦးသျှောင်တဦးအဖြစ် ဆက်လက်ရပ်တည်နေခြင်း ဖြစ်သည်။

လွန်ခဲ့သောနှစ်နှစ်ခန့်က ဗိုလ်ချုပ်သန်းရွှေသည် တိုင်းပြည်အားအသိပေးကြေညာ ခြင်းမရှိဘဲ မြန်မာပြည် အလယ်ပိုင်း ဝေးလံခေါင်သီသော ၎င်း၏ နေပြည်တော်သို့ မြို့တော်ကို ပြောင်းရွှေ့ခဲ့သည်။ ဤသတင်းမှာလည်း နိုင်ငံတကာ သတင်း လောကတွင် ခေါင်းကြီးပိုင်းမှ ဖော်ပြခဲ့ကြသည်။

စက်တင်ဘာလ သွေးထွက်သံယိုနှိမ်နင်းမှုများတွင် စစ်အစိုးရ၏ နံပါတ် ၁၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်သန်းရွှေက သူ၏ သီးသန့်နေပြည်တော်စံအိမ်တော်မှနေ၍ ကွပ်ကဲစီမံခဲ့သည်။ သူ၏လုပ်နိုင်စွမ်း အာဏာနှင့် သူ့အပေါ် တပ်မတော်က သစ္စာခံမှုကိုလည်း စမ်းသပ်နိုင်ခဲ့သည်။ ၎င်းအချိန်တွင် ဝေးကွာလှမ်း သော ရန်ကုန်မြို့၏ လမ်းမများထက်တွင် သွေးချောင်းစီးနေရပြီ ဖြစ်သည်။

စိတ်ဓာတ်စစ်ဆင်ရေး အရာရှိဟောင်းတဦးဖြစ်သူ ဗိုလ်ချုပ်သန်းရွှေက ရန်ကုန်မြို့တွင် လူထုအုံကြွမှုမဖြစ်ခင် ၂၀၀၅ ခုနှစ် ကတည်းက မြို့တော်ကိုပြောင်းရွှေ့ရန် အချိန်မှီ ဆုံးဖြတ်နိုင်သည့် သူ၏တွက်ကိန်းကို ကျေနပ်ကောင်း ကျေနပ်ပီတိ ဖြစ်နေ နိုင်သည်။ ၂၀၀၇ ခုနှစ်တွင် အဓိကရုဏ်း ဖြစ်နိုင်သည်ဟူသော ဗိုလ်ချုပ်သန်းရွှေ၏ ဗေဒင်ဆရာမှ အခါပေးသောကြောင့် ယင်းကဲ့သို့ မြို့တော် ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟူသည့် ကောလာဟလများလည်း ကြားခဲ့ကြရသေးသည်။

ကျန်းမာရေးအရ ချို့ယွင်းနေပြီ ဖြစ်နေသော်လည်း ဗိုလ်ချုပ်ကြီးသည် သူ၏အာဏာကို ဆက်လက်စုစည်း ချုပ်ကိုင်ထားနိုင် နေဆဲဖြစ်ပြီး၊ သူ၏ သက်တူရွယ်တူ လုပ်ဖော်ကိုင်ဖက်များထက် အသက်ပိုရှည်ကာ ရပ်တည်နေနိုင်ဆဲ ဖြစ်သည်။ အထူး သဖြင့် သူ၏ လက်စွဲတော်ဖြစ်ပြီး အောက်တိုဘာလတွင် သေဆုံးခဲ့သော ၀န်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်းထက် ပို၍ပင် အသက် ရှည်နေသေးသည်။ ဗိုလ်ချုပ်သန်းရွှေသည် ဗိုလ်ချုပ်စိုးဝင်း၏ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပရန် ခွင့်ပေးခဲ့သည်။ နှစ်အနည်းငယ်သာ တာဝန်ထမ်းဆောင်ခဲ့သော ၀န်ကြီးချုပ်တဦးအတွက် ရှားရှားပါးပါး ဂုဏ်ပြုမှုတခုဖြစ်ခဲ့သည်။ ထိုမျှမက ဗိုလ်ချုပ်စိုးဝင်းသည် ၂၀၀၃ ခုနှစ်၊ ဒီပဲယင်းလူသတ်ပွဲ နောက်ကွယ်တွင် တာဝန်ရှိသူတဦးအဖြစ် စွပ်စွဲပြောဆိုမှုများလည်း ရှိခဲ့သည်။

ဗိုလ်ချုပ်စိုးဝင်းနေရာကို ပျော့ပြောင်းငြင်သာစွာ စကားပြောတတ်သူတဦး ဖြစ်သည့် ဗိုလ်ချုပ်သိန်းစိန်က ဆက်ခံခဲ့ပြီး၊ သူ၏ အတွင်းရေးမှုး (၁) နေရာကို ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးက တာဝန်ဆက်ခံခဲ့သည်။ ခပ်ကြမ်းကြမ်း စစ်သားတဦး လည်းဖြစ်၊ သဘောထားတင်းမာသူလည်းဖြစ်သော ဗိုလ်ချုပ်တဦးက ဤနေရာတွင်တာဝန်ရယူလာသည်မှာ သတင်းကောင်း တခုတော့ မဟုတ်လှပေ။

အငြိမ်းစား ဗိုလ်ချုပ်ဟောင်း အောင်ကြည်သည်လည်း တာဝန်အသစ်ရလာခဲ့သည်။ ဗိုလ်ချုပ်သန်းရွှေက ပါးနပ်စွာ သူ၏ စစ်အစိုးရအတွက် အသက်ရှုခွင့် တကွက်ရရှိစေရေးနှင့် အချိန်ကစားနိုင်ရေးအတွက် ရွှေ့ကွက်တကွက်အဖြစ် သူ့ကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ရန် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။


ဆက်ဆံရေးဝန်ကြီး အောင်ကြည် [Photo: AFP]

တပ်မတော်၏ အကြီးအကဲဖြစ်လာနိုင်သည်ဟု သတင်းပြေးနေသော ဗိုလ်ချုပ်ကြီးရွှေမန်းသည်လည်း ကြည်း၊ ရေ၊ လေ တပ်များ၏ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ဆက်လက်ရှိနေသေးသည်။ စစ်အစိုးရ၏ နံပါတ် ၂ နေရာကို တရားဝင်တာဝန် ယူထားသူ ဗိုလ်ချုပ်ကြီး မောင်အေးသည် ဖယ်ထုတ်ခံရကောင်း ခံရနိုင်သည်ဟု ဆိုလာကြသည်။ ကုန်သွယ်ရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ်မှ သူ့ကို ဖယ်ရှားလိုက်ခြင်းသည် ၎င်း၏အနာဂတ် ကြမ္မာကို နမိတ်ပြနေသည့်သဖွယ် ရှိနေသည်။

ဝန်ကြီးဦးအောင်သောင်းအပါအ၀င် သစ္စာခံတော်တော်များများက ဗိုလ်ချုပ်သန်းရွှေနှင့် ၎င်း၏စစ်အစိုးရအတွက် ဆက်လက် သစ္စာရှိစွာ တာဝန်ထမ်းနေဆဲ ဖြစ်သည်။ ဦးအောင်သောင်းသည် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း လူထုလှုပ်ရှားမှု များတွင်၊ လက်နက်ကိုင်လူရမ်းကားများနှင့် စွမ်းအားရှင်အဖွဲ့များကို တိုက်ရိုက်ကွပ်ကဲစီမံခဲ့သည်ဟု လူအများက ယုံကြည်နေ ကြသည်။

ဗိုလ်ချုပ်သန်းရွှေက လုံလုံခြုံခြုံနေနိုင်သည်ဟု စိတ်ချထားမှု ရှိကောင်း ရှိနေနိုင်သည်။ သူ၏ နေပြည်တော်တွင် ညများများ အိပ်ရေးအပျက်ခံစရာမလိုဘဲ သက်တောင့်သက်သာ စံနေကောင်း စံနေနိုင်သည်။ သို့သော် ၎င်း၏အိပ်မက် စတုတ္ထနိုင်ငံ တော်ကြီးကမူ ချောက်ကမ်းပါးသို့ တစစပို၍ နစ်မြုပ်ကျဆင်းနေခဲ့ပြီ ဖြစ်သည်။

ကြေးစားလူရမ်းကားများ

စက်တင်ဘာ ဆန္ဒပြချီတက်ပွဲများကို ဖြိုခွင်းရာတွင် ရဲများ၊ စစ်တပ်များကို ကူညီပံ့ပိုးပေးခဲ့သော ကြေးစားလူရမ်းကားများမှာ အထူးသဖြင့် စစ်အစိုးရက ပံ့ပိုးပေးထားသည့် အဖွဲ့အစည်းနှစ်ဖွဲ့ ဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့ (ကြံ့ဖွံ့) နှင့် စွမ်းအားရှင်အဖွဲ့မှ အဖွဲ့ဝင်များ အများစု ဖြစ်ကြသည်။ စွမ်းအားရှင်ဆိုသည်မှာ မည်သူများနည်း။ သူတို့၏ စွမ်းအားကတော့ ကြောက်မက်ဖွယ် ရက်စက်မှုများပင် ဖြစ်သည်။ ဤအဖွဲ့များက အမှန်ပင် အာဏာစက်ပြင်း လက်စောင်း ထက်ခဲ့ကြသည်။ စစ်အစိုးရ၏ ထောက်ပံ့ပေးထားမှုကို ကျေးဇူးတင်ရန်သာ ရှိတော့သည်။ စစ်အစိုးရက ဤအဖွဲ့များကို လူမှုရေးအဖွဲ့များဟု သတ်မှတ်ဖော်ပြခဲ့ကြသေးသည်။


မစုစုနွေအား လူရမ်းကားများ ၀ိုင်းဆွဲနေကြစဉ် [Photo: DVB]

ကြံ့ဖွံ့အဖွဲ့ကို ၁၉၉၃ ခုနှစ် စက်တင်ဘာလတွင် (နအဖ) စစ်အစိုးရ ထိပ်တန်း စစ်ခေါင်းဆောင်များက ဦးစီးဖွဲ့ စည်းခဲ့သည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ထောက်ခံသူများ လိုက်ပါလာသည့်ယာဉ်တန်းကို ဒီပဲယင်း အနီးတွင် ၂၀၀၃ ခုနှစ်က လုပ်ကြံတိုက်ခိုက်မှုပြီးနောက်ပိုင်း စွမ်းအားရှင်အဖွဲ့ ကို ပထမဦးဆုံးအကြိမ် လူသိများလာခဲ့သည်။

ဟစ်တလာ၏ မုန်တိုင်းတပ်ဖွဲ့များက အညိုရောင်ရှပ်အင်္ကျီများ ၀တ်ဆင်ကြ၍ အီတလီနိုင်ငံမှ မူဆိုလီနီ၏ စစ်သွေးကြွ ထောက်ခံသူများက အနက်ရောင် ရှပ်အင်္ကျီများ ၀င်ဆင်ကြသည်။ ယင်းဖက်ဆစ်လူရမ်းကားများနှင့် တန်းတူညီမျှသော မြန်မာစစ်အစိုးရ၏ လူရမ်းကားများကတော့ အဖြူရောင်ရှပ်အင်္ကျီနှင့် အစိမ်းရင့်ရောင် လုံချည်များကို ၀တ်ဆင်ထားကြသည်။

ဤအချက်မှလွဲ၍ ဖော်ပြပါအဖွဲ့အစည်းများအကြား များများစားစား ကွာခြားချက် မရှိပါ။ အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှု များဖြင့် ရိုကျိုးနာခံလာစေရေးသာ ဖြစ်သည်။ ၎င်းအဖွဲ့များ၏ ရည်ရွယ်ချက်က တထပ်တည်း ဖြစ်ခဲ့၊ ဖြစ်နေဆဲပင်။

ထမင်းကျွေးမည်၊ ပိုက်ဆံ ၂,၀၀၀ ကျပ်နှင့် ၂,၅၀၀ ကျပ်မျှ (အမေရိကန်ဒေါ်လာ ၁. ၅၀ ဒေါ်လာ နှင့် ၁. ၈၈ ဒေါ်လာ) ရမည် ဆိုလျှင် ဤသို့သော လူရမ်းကားများ စုဆောင်းရန် မခဲယဉ်းလှပါ။ ရာဇ၀တ်သားဟောင်းများနှင့် ဒုစရိုက်သားများအတွက် လုံလောက်သောမက်လုံး ဖြစ်နေသည်။ စစ်အစိုးရက စက်တင်ဘာလှုပ်ရှားမှုကို ၀ိုင်းဝန်းဖြိုခွဲပေးရန် ဤသို့သော လူမိုက်များ စုဆောင်းခဲ့ပြီး၊ ၎င်းတို့ကလည်း တက်တက်ကြွကြွနှင့် ပါဝင်ခဲ့ကြသည်။

အကျိုးထူးခံ စီးပွားရေး ဘက်တော်သားများ

စက်တင်ဘာလတွင် စစ်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ရက်ရက်စက်စက် ဖြိုခွင်းချေမှုန်းခဲ့သည့် နောက်ပိုင်း အနောက် ဒီမိုကရေစီ နိုင်ငံများဖြစ်ကြသည့် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် သြစတေးလျနိုင်ငံတို့က မြန်မာစစ်အစိုးရ အရာရှိများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် စီးပွားရေး ဘက်တော်သားများအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူ မှုများကို တညီတညွတ်တည်း ချမှတ်ခဲ့ကြသည်။

တေဇ [Photo: AFP]

“ထူး” ကူသန်းရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်၏ အမှုဆောင် အရာရှိချုပ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် စီးပွားရေးအရ သြဇာတိက္ကမကြီးမားသော ဦးတေဇ၊ ယုဇနကုမ္ပဏီ လီမိတက်မှ အမှုဆောင် အရာရှိချုပ် ဦးဌေးမြင့်နှင့် ဇေကမ္ဘာကုမ္ပဏီ လီမိတက်မှ အမှုဆောင်အရာရှိချုပ် ဦးခင်ရွှေတို့ကိုပါ အမေရိကန်အစိုးရက ပစ်မှတ်ထား အရေး ယူခဲ့သည်။

စက်တင်ဘာ ၂၇ နှင့် အောက်တိုဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်ချက်များအရ ၎င်းတို့၏ဘဏ်များတွင် အပ်နှံထားသည့် ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများကို ထုတ်ယူခွင့် ပိတ်ပင်တားမြစ်ခြင်း အပါအ၀င်၊ အကန့်အသတ်ဖြင့် ရည်ရွယ်ချက်ရှိရှိ စီးပွားရေး ပိတ်ဆို့မှုများကိုလည်း အမေရိကန်အစိုးရက ချမှတ် ဆောင်ရွက်ခဲ့သည်။ ၎င်း နောက်ပိုင်းတွင် စစ်အစိုးရ၏ စီးပွားရေး ဘက်တော်သားများအနက် အထူးသဖြင့် ဦးတေဇမှာ အထူးထိခိုက် နစ်နာခဲ့ရသည်။ သူပိုင် လေကြောင်းဖြစ်သော အဲပုဂံ လေ ကြောင်းလိုင်းသည် နိုဝင်ဘာ ၄ ရက်နေ့မှ စ၍ ရန်ကုန်မှ စင်ကာပူသို့သွားသော လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည်။ အမေရိကန်အစိုးရ၏ ပိတ်ဆို့ မှုကြောင့် လေယာဉ်များအားလုံး မြေပြင်တွင် ရပ်နားထားရသည်ဟု ပုဂံလေကြောင်းလိုင်းမှ အရာရှိတဦးက စီးပွားဖက်များထံပေးပို့သော ကြေညာချက်တွင် ဖော်ပြ ခဲ့သည်။

အမေရိကန် အစိုးရသည် စစ်အစိုးရနှင့် နီးစပ်သည်ဟု သိရှိထားသော စီးပွားရေးသမားကို အဓိက ပစ်မှတ်ထား၍ မြန်မာ စစ်အစိုးရအပေါ် ပိတ်ဆို့မှု တဆင့်မြှင့်ခဲ့သော်လည်း ဗိုလ်ချုပ်ကြီးများ၏ များပြားလှသော အကျိုးတူ စီးပွားဘက်များနှင့် ကြံရာပါများသည် ၎င်းပိတ်ဆို့များကို ရှောင်ကွင်းနေနိုင်ဆဲ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု အစိုးရ၏ ကန့်သတ်၍ ရည်ရွယ်ချက်ရှိရှိဖြင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအောက်၌ မပါဝင် သေးသော စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများမှာ အောက်ပါအတိုင်းဖြစ်သည်။

ထွန်းမြင့်နိုင်
[Illustration:
Harn Lay/The Irrawaddy]

(ဦး) ထွန်းမြင့်နိုင် (ခ) စတီဗင်လော။ ။ အေရှားဝေါလ်၏ အမှုဆောင်အရာရှိချုပ် (CEO)၊ မူးယစ်ရာဇာ လော်စစ်ဟန်၏ သားဖြစ်သည်။
(ဦး) ဇော်ဇော်။ ။ မက်စ်မြန်မာကုမ္ပဏီ၊ နေပြည်တော်တည်ဆောက်ရေး စီမံကိန်းကိုယ်စားလှယ်၊
(ဦး) နေအောင်နှင့် (ဦး) ပြည်အောင်။ ။ အမှတ် (၁) စက်မှုဝန်ကြီးဦးအောင်သောင်း၏ သားများ ဖြစ်သည်။ အိုင်ဂျီအီး (IGE) ကုမ္ပဏီလီမိတက်
(ဦး) ချစ်ခိုင်။ ။ အေဒင် အုပ်စု ကုမ္ပဏီလီမီတက် တည်ထောင်သူနှင့် အထွေထွေမန်နေဂျာ
(ဦး) အောင်မြတ်။ ။ Mother Trading (အမေ ကူသန်းရောင်းဝယ်ရေးကုမ္ပဏီ)
(ဦး) ၀င်းလွင်။ ။ ကျော်သာကုမ္ပဏီ
(ဦး) ၀င်းအောင်။ ။ ၀ုဒ်လန်ကုမ္ပဏီလီမီတက်
ဒဂုံ (ဦး) ၀င်းအောင်။ ။ ဒဂုံနိုင်ငံတကာ ကုမ္ပဏီ လီမိတက်မှ
(ဦး) နေ၀င်းထွန်း။ ။ အမှူဆောင် အရာရှိချုပ် (CEO)၊ Ruby Dragon Jade & Gems Co Ltd
တို့ဖြစ်သည်။

No comments: