Tuesday, December 25, 2007

ကျောင်းသားနှင့် နိုင်ငံရေး

ကျောင်းသားနှင့် နိုင်ငံရေး
နေအဂ္ဂ

ယနေ့ ကျွန်ုပ်တို့ မျိုးဆက်သစ် ကျောင်းသားလူငယ်များကြားတွင် နိုင်ငံရေးနှင့် ပတ်သက်၍ အသိအမြင်နည်းမှု၊ နိုင်ငံရေး၏ သဘောသဘာဝကို နားလည်မှု နည်းပါးနေကြသည်ကို အားမလိုအားမရ ဖြစ်မိသည်။ ဤသည်မှာ ဆန်းတော့ မဆန်းပါ။ ယနေ့ အခါကာလတွင် အုပ်စိုးသူ အာဏာရှင်တို့အနေဖြင့် ၄င်းတို့၏ မတရားသဖြင့် နိုင်လိုမင်းထက် ပြုမူမှုများကို ဖုံးဖိနိုင်ရန်၊ ၄င်းတို့၏ မတရားအုပ်စိုးမှု သက်ဆိုးရှည်ရန်အတွက် ကျွန်ုပ်တို့အား စဉ်းစားဆင်ခြင် တွေးခေါ်တတ်လာစေနိုင်သော ပညာရေးမျိုးကို ဖန်တီးပေးမထားပေ။ များပြားလှသော ကျောင်းစရိတ် ကုန်ကျငွေများအတွက် ကျောင်းမြန်မြန်ပြီးရေး၊ ဘွဲ့မြန်မြန်ရရေးကိုသာ ဦးတည်သွားစေသော အလွတ်ကျက် ပညာရေးမျိုးသာ ပေးထားခြင်းသည် အမျိုးသားရေး၊ နိုင်ငံရေး အတွေးအခေါ် နည်းပါးရခြင်း၏ အကြောင်းတရပ် ဖြစ်သည်။

အုပ်ထိန်းသူ မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများ နိုင်ငံရေး၌ စိတ်ဝင်စားသွားမည်ကို လွန်စွာ စိုးရိမ်ပူပန်ကြသည်။ ဤအတွက် အုပ်ထိန်းသူ မိဘများအားလည်း အပြစ်မတင်လို။ မိမိတို့၏ သားသမီးက နိုင်ငံရေး စိတ်ပါဝင်စားနေလျှင် သွားပြီ။ ထို့ထက်ကဲ၍ နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်နေလျှင် ဘ၀ပါ ပျက်ပြီ။ အဘယ့်ကြောင့် ကျွန်ုပ် ဤသို့ ဆိုရပါသနည်း။ ရှင်းပါမည်။

ယနေ့အုပ်စိုးသူ အာဏာရှင်တို့သည် ၄င်းတို့အား တော်လှန်သော နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်သူများ (အထူးသဖြင့် ကျောင်းသားလူငယ်များ) အား မတရားသဖြင့် ဖိနှိပ်မည်၊ ဖမ်းဆီးမည်၊ အစစ်အဆေး၊ အမေးအမြန်းမရှိ ထောင်ချမည်။ ကျောင်းသားဖြစ်နေလျှင် ကျောင်းမှ ရာသက်ပန် ထုတ်ပယ်မည်။ ထောင်ချမည်။ ဘယ်ဆီ ဘယ်ဝယ်မှန်းမသိသော တနေရာရာသို့ ပို့လိုက်ကြမည်။ အချိန်တန်၍မှ အိမ်ပြန်မလာလျှင် ကျန်ရစ်သူ မိသားစုအနေဖြင့် မှန်းဆ၍သာ သပိတ်သွပ် အမျှဝေ လိုက်ကြပေတော့။ ဤမျှ ဆိုးဝါးလှသော ဖြစ်ရပ်အတွက် အဘယ်ကဲ့သို့သော မိဘများက မိမိတို့ သားသမီးအပေါ် အဖြစ်ခံကြမည်နည်း။

ခက်ခဲလှသော စားဝတ်နေရေးကြားမှ ထားပေးရသော ကျောင်းအတွက် မိမိတို့၏ သားသမီးပညာရေးကို ဘယ်မိဘက ဆုံးရှုံးစေချင်ကြမည်နည်း။ အနှစ်သာရ ကင်းမဲ့သော်လည်း ရရှိလာမည့် ဘွဲ့တံဆိပ်အတွက် ဂုဏ်ယူချင်ကြပေလိမ့်မည်။ ဤသို့ ဤသို့သော အကြောင်းတရားများကို ထောက်၍ ကျွန်ုပ်တို့၏ မိဘများ အမှန်တကယ် ဖြစ်ပျက်နေသော အရှိ၊ အသိများကို မျက်ကွယ်ပြုလိုက်ကြသည်။ အုပ်စိုးသူ အာဏာရှင်တို့ အလိုကျဖို့ မိမိတို့ သားသမီးများကို နိုင်ငံရေး မလုပ်ကြနဲ့ တားမည်။ အထပ်ထပ် သတိပေးမည်။ “ကျောင်းသားနှင့် နိုင်ငံရေး ဘာဆိုင်သနည်း။ ကျောင်းသားပဲ ကိုယ့်စာ ကိုယ်ဖတ်၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ နိုင်ငံရေးဆိုတာ မင်းတို့နဲ့ မဆိုင်၊ အုပ်ချုပ်သူ (ယခုမူ စစ်ဗိုလ်) တို့နှင့်သာ ဆိုင်သည်” ဟု လေသံတွေ ပစ်ကြမည်။ ဒီလိုနှင့် မိဘများမှာ မိမိတို့သားသမီးများ ဆေးသမားဖြစ်မှာ မပူ၊ နိုင်ငံရေးသမား ဖြစ်မှာ ပူပန်နေကြရသည်။ တော်ပါပေတယ် ... ကိုရွှေ နအဖတို့ရယ်။

ကျွန်ုပ်အဘယ့်ကြောင့် ဤမျှ လေရှည်နေရသနည်း ဟုဆိုသော် “ကျောင်းသားနှင့် နိုင်ငံရေး ဘာဆိုင်သနည်း” ဟု အပြောခံရတိုင်း အခံရခက်လှ၍ဖြစ်သည်။ ကျွန်ုပ်တို့အား ဦးနှောက်မရှိ၊ အတွေးအခေါ်မရှိ၊ ဥမမည် စာမမြောက်၊ နှပ်ချေးတွဲလောင်း အဆင့်လောက် အောက်မေ့နေခြင်းကို ရင်ဘတ်ထဲ အပ်နဲ့ဆွသလို နာလှသည်။ ထိုစကားပြောသော ပညာရှိ သုခမိန်ကြီးများကို “ကျနော်တို့များ အ တယ်မှတ်နေသလား” ဟုပင် ပြန်နော့ လိုက်ချင်သည်။

ကျွန်ုပ်တို့ မ အ ကြပါ။ ကျွန်ုပ်တို့ မကြောက်တတ်ကြပါ။ ထို့ကြောင့် ရှင်းရှင်းပဲ ဖြေပါမည်။ ကျွန်ုပ်တို့သည် ကျောင်းသားဟု ခေါ်ဝေါ်နေရသော်လည်း ကျွန်ုပ်တို့အားလုံး လူသားများ စင်စစ်ဖြစ်ကြပါသည်။ သို့အတွက် လူအဖွဲ့အစည်းနှင့် ဆိုင်သော အရေးအားလုံး (နိုင်ငံရေးအပါအ၀င်) ကျွန်ုပ်တို့နှင့် ဆိုင်ပါသည်။ အဘယ်အကြောင်းကြောင့် ကျွန်ုပ်တို့၏ လူ့အခွင့်အရေးကို အဆုံးရှုံး ခံကြရမည်နည်း။

နိုင်ငံရေးနှင့် ဆိုင်ပုံအကြောင်း ထပ်မံ ရှင်းပြပါဦးမည်။ နိုင်ငံရေးဟု ဆိုလိုက်သည်နှင့် အများစုမှာ ပါတီများ၊ အာဏာများ၊ အစိုးရအဖွဲ့များကိုသာ ပြေး၍ မြင်လိုက်ကြသည်။်ဤသို့သော ပါတီနိုင်ငံရေးမျိုးကို ကျွန်ုပ်မဆိုလို။ မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ကောင်းစားရေးအတွက် လုပ်ဆောင်မှုများကို ဖော်ဆောင်သော အမျိုးသား နိုင်ငံရေးမှသည် လူနှင့် လူ့အဖွဲ့အစည်းတရပ်လုံး တိုးတက်ကောင်းစားရေးအတွက် လုပ်ဆောင်သော ကမ္ဘာ့နိုင်ငံရေးများကို ဆိုလိုပေသည်။ နိုင်ငံရေးဟူသည် မိမိကိုယ်တိုင်နှင့် သူတပါး တိုးတက် ကောင်းစားရေးအတွက် ကူညီသော လုပ်ဆောင်မှုပင် ဖြစ်သည်။ တစုံတခုအတွက် ခက်ခဲနေသူအား ကူညီလိုက်ခြင်း(၀ါ) ထမင်းစားစရာ မရှိသူအား ထမင်းစားရအောင် ကြံဆောင်ပေးခြင်းသည်ပင် နိုင်ငံရေးဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးဟူသည် ရိုးစင်းပါသည်။ ဖြူစင်ပါသည်။ မြင့်မြတ်ပါသည်။ သို့သော် မတရားသဖြင့် အုပ်စိုးလိုသူ အာဏာရူး (ဥပမာ- လက်ရှိမြန်မာပြည် စစ်အစိုးရ) တို့ကြောင့် နိုင်ငံရေးသည် ညစ်ထေးလာရသည်။ မာယာ ပရိယာယ် ကြွယ်လာရခြင်း ဖြစ်သည်။

လူနှင့် လူ့အဖွဲ့အစည်း တိုးတက် ကောင်းစားရေးအတွက် လုပ်ဆောင်မှုကို နိုင်ငံရေးဟု ကျွန်ုပ်ဆိုခဲ့ပြီ။ ယနေ့ ကျွန်ုပ်တို့ အပါအ၀င် အများပြည်သူ ကောင်းစားရေးအတွက် ကြီးစွာသော အနှောက်အယှက် အဟန့်အတား ဖြစ်နေသော ကိုယ်ကျိုးရှာ လက်နက်ကိုင် အာဏာရှင်တို့ကို တော်လှန်ရမည်။ အာဏာရှင် အုပ်ချုပ်မှုကို ဖျက်သိမ်း၍ လူ့အဖွဲ့အစည်းကို အမှန်တကယ် ကိုယ်စားပြုသော အုပ်ချုပ်ရေး အဖွဲ့အစည်းမျိုး၊ တရားဥပဒေ ကြီးစိုးသော (မတရားဥပဒေ မဟုတ်) လူ့အဖွဲ့အစည်းမျိုးကို ထူထောင်နိုင်မှသာလျှင် ကျွန်ုပ်ဆိုခဲ့သော လူနှင့် လူ့အဖွဲ့အစည်း တိုးတက်ကောင်းစားရေး ဟူသော နိုင်ငံရေး ပန်းတိုင်ကို ချီတက်နိုင်ပေလိမ့်မည်။

ထိုအခါ ကျွန်ုပ်တို့ ကျောင်းသားလူငယ်များ မည်သည့် အခန်းကဏ္ဍမှ ပါဝင်ကြမည်နည်း။ ကျရာမှ တက်ကြွစွာ ပါဝင်ကြရပါလိမ့်မည်။ ကျွန်ုပ်၏ ရောင်းရင်းများ၊ ညီအစ်ကို မောင်နှမများ ... သွေးကြောင် နေကြပါသလား။ အနှစ်သာရ ကင်းမဲ့သော ဘွဲ့တံဆိပ်အတွက် လက်ရှိပညာရေးကို ဖက်တွယ်နေကြလျှင် ကျွန်ုပ်တို့၏ နောက်မျိုးဆက် (New Generation) များလည်း ဆက်လက်၍ အနှစ်သာရ ကင်းမဲ့သော ဘွဲ့တံဆိပ်များကို ဆက်လက် တပ်ဆင် နေကြရပေလိမ့်မည်။ ခေတ်ဆိုး၊ စနစ်ဆိုး၊ အာဏာရှင်ဆိုးတို့ အုပ်စိုးမှုအောက်၌ ဆက်လက်၍ ဘ၀တွေ ပျက်နေကြရပေလိမ့်မည်။ ထို့ကြောင့် လက်ရှိ ကျွန်ုပ်တို့ တိုက်ပွဲဝင်ရမည်။ ကျွန်ုပ်တို့ စွန့်လွှတ်ခဲ့ရသော်လည်း နောက်မျိုးဆက်တို့ ကောင်းစားပါလိမ့်မည်။ ဤအတွက် ကျွန်ုပ်တို့ ကျေနပ်နိုင်ပါလိမ့်မည်။

ရောင်းရင်းတို့ ...
ကျွန်ုပ်တို့ တိုက်ပွဲအတွက် ဓားတွေ၊ ကျည်ဆံတွေ၊ သေနတ်တွေ မလိုပါ။ တခုတည်းသော လိုအပ်ချက်မှာ ခိုင်မာဇွဲသန်သည့် စိတ်ဓာတ်တည်းဟူသော လက်နက်သာ လိုအပ်ပါသည်။ ကျွန်ုပ်အထက်တွင် မေးခဲ့သော မေးခွန်းများကို ဆင်ခြင်ပြီး စိတ်အားတွေမွေး၍ စိတ်ဓားတွေ သွေးကြပါလော့...။

နေအဂ္ဂ

(ညိုကြီး ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်)

No comments: