Tuesday, April 7, 2009

သူတို့အတွက် အနာဂတ်ကောင်းကင်
ရေးသားသူ - S.S

(၁)

သူ့ကို အစိုးရပညာရေးထဲ စာရင်းဝင်အောင် ဘုန်းကြီးကျောင်း ပညာရေးမှာပဲ စာရင်းသွင်း ထားလိုက်တယ်လေ။ တကယ် တက်တာကတော့ ပုဂ္ဂလိက (private) လာဖွင့်နေတဲ့ အင်္ဂလိပ်လိုသင်တဲ့ နိုင်ငံခြားကျောင်း တစ်ခုမှာ။ ခုဆို သူ့အမေထက် တောင် သူက အင်္ဂလိပ်လို သွက်နေသေးတယ်”။


ကဗျာတွေကို အင်္ဂလိပ်လို ဆိုနေတဲ့ ၄ နှစ်အရွယ် တူမလေးအကြောင်း ကျွန်မရဲ့ အကိုဝမ်းကွဲက ခုလိုပြောပြပါတယ်။


မြန်မာပြည် ပညာရေးက အရမ်းဆိုးရွားနေပြီလေ။ အစိုးရကျောင်းမှာထားလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ပိုက်ဆံကုန်ခံပြီး ခုလို နိုင်ငံခြားက သင်ရိုးညွှန်းတမ်းကို သုံးပြီး ပုဂ္ဂလိက (private) ဖွင့်ထားတဲ့ ကျောင်းမှာ ထားရတာ” လို့ အကိုက ဆက်ပြောပါတယ်။ ဒါနဲ့ အဲဒီကျောင်းမှာ ဘယ်လိုဆရာ ဆရာမတွေ သင်လဲဆိုတော့ သူ သေချာမသိ၊ ဘယ်လိုသင်ရိုးညွှန်းတမ်းကို လိုက်လဲဆိုတော့လဲ သေချာမသိ။ သူ့အတွက်တော့ သူ့သမီးဟာ အင်္ဂလိပ်လို ပြောရဲဆိုရဲ သွက်လက် လာတာကိုပဲ အလွန်ဝမ်းသာနေတဲ့ပုံ။

လက်ရှိ မြန်မာနိုင်ငံကရတဲ့ ဘွဲ့လက်မှတ် တစ်ခုရဲ့ အသုံးဝင်မှု၊ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်မှုတို့ပေါ် မူတည်ပြီး မြန်မာပြည်သူတွေရဲ့ မြန်မာပြည် ပညာရေး အပေါ်ထားရှိတဲ့ အမြင်တွေ ပြောင်းလဲလာကြပါတယ်။ သူတို့ကလေးတွေ ကမ္ဘာမှာ အများနည်းတူ တိုးဝင်နိုင်ဖို့အတွက် မြန်မာအစိုးရက ချမှတ်ပေးထားတဲ့ ပညာရေးဟာ မလုံလောက်တော့ဘူးလို့ သူတို့ ထင်လာကြဟန် တူပါတယ်။ အကိုဝမ်းကွဲလိုပဲ ကျွန်မသိတဲ့ ပတ်ဝန်းကျင်က မိသားစုတော်တော်များများဟာ သူတို့ကလေးတွေကို ပုဂ္ဂလိက (private) ဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာ ထားလာကြတာ တွေ့ရပါတယ်။

၁၉၉၀ ခုနှစ် နောက်ပိုင်းကာလများမှာ စပေါ်ပေါက်လာခဲ့တဲ့ မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) အောက်က ကျောင်းတွေကို ယေဘူယျအားဖြင့် သုံးမျိုးလောက် ခွဲနိုင်ပါတယ်။ [1]

(၁) မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းများ (Primary and Secondary Supplementary Schools)

(၂) နိုင်ငံတကာ ကျောင်းများ (International Schools)

(၃) ကောလိပ် အကြို သင်တန်းများနှင့် အဆင့်မြင့် ပညာရေး (Pre-collegiate programs and higher education)


နိုင်ငံတကာကျောင်းတွေ (International Schools)ဟာ သူတို့ ဖွင့်လှစ်ထားတဲ့ နိုင်ငံမှာရှိတဲ့ တခြားကျောင်းတွေထက် အမြဲ ကျောင်းစရိတ်များတဲ့အတွက် ၊ မြန်မာပြည်မှာ ၀င်ငွေကောင်းကောင်းနဲ့ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားများ (expatriates) အပြင် ၊ ငွေကြေးတတ်နိုင်တဲ့ မြန်မာနိုင်ငံက လူတွေရဲ့ သားသမီးတွေပဲ တက်ရောက်နိုင်ပါတယ်။ နိုင်ငံတိုင်းမှာ နိုင်ငံတကာ ကျောင်းများ (International Schools) ဆိုတာတွေမှာ တက်ကြသူတွေဟာ အများအားဖြင့် အဲဒီနိုင်ငံမှာ ခေတ္တအလုပ်ကြောင့် ရောက်ရှိနေတဲ့ နိုင်ငံခြားသား (expatriates) တွေရဲ့ သားသမီးတွေများကြပါတယ်။ ဥပမာ - ကနေဒါနိုင်ငံကနေ အာရှနိုင်ငံတစ်နိုင်ငံမှာ အလုပ်လာလုပ်သူဟာ သူ့သားသမီးတွေကို ကနေဒါ သင်ရိုးညွှန်းတန်းကို လိုက်တဲ့ Canadian International School လိုမျိုးမှာ ထားလေ့ရှိပါတယ်။ ဒါမှ သူတို့သားသမီးတွေ ကနေဒါနိုင်ငံကို ပြန်ရင် အဲဒီနိုင်ငံမှာ သတ်မှတ်ထားတဲ့ အတန်းတွေကို ချက်ချင်းဝင်နိုင်ခွင့်ရှိမယ်။ တချို့ နိုင်ငံတကာ ကျောင်းတွေ (International Schools) ကျတော့လည်း နိုင်ငံတခုစီအတွက် သီးသန့်မဟုတ်ဘဲ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်မယ့် ပညာရေးမျိုးကို သင်ကြပါတယ်။ အဲလိုကျောင်းတွေမှာတော့ လာတက်တဲ့ ကျောင်းသားတွေရဲ့ လူမျိုးပေါင်း (nationality) ပိုစုံပါတယ်။

အဲလိုကျောင်းတွေ တက်နေတဲ့ကျောင်းသားတွေတွက် တခြားနိုင်ငံကို ပြောင်းရွှေ့တဲ့အခါ သူတို့နောက်ဆုံးတက်ခဲ့တဲ့ ပညာရေးအဆင့်ကို အသိအမှတ်ပြုခံရဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အဲလိုကျောင်းတွေဟာ သူတို့ကျောင်းရဲ့ သင်ကြားရေးစနစ် ၊ သင်ရိုးညွှန်းတန်း ၊ ဆရာ ဆရာမတွေရဲ့ အရည်အချင်းတွေကို အတိုင်းအတာတစ်ခုအထိ အဆင့်အတန်းရှိအောင် ထားလေ့ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ International School လို့နာမည်ခံထားတဲ့ ကျောင်းတိုင်းဟာ အပေါ်က ဖော်ပြခဲ့တဲ့ တခြားနိုင်ငံတွေက နိုင်ငံတကာ ကျောင်းများ (International Schools) တွေလို အဆင့်အတန်းမျိုး ရှိချင်မှရှိကြတာမျိုးကိုတော့ သတိချပ်သင့်ပါတယ်။

ကောလိပ် အကြို သင်တန်းများ နှင့် အဆင့်မြင့် ပညာရေး (Pre-collegiate programs and higher education) အတွက် ဖွင့်လှစ်ထားတဲ့ကျောင်းတွေဟာ မြန်မာနိုင်ငံမှ အထက်တန်းကျောင်းအောင်အပြီး တခြားမှာဆက်လက်တက်ဖို့ ရည်ရွယ်တဲ့လူငယ်တွေ (ဥပမာ - စင်္ကာပူနိုင်ငံမှာ ပေါ်လီ (polytechnic) ၊ တခြားနိုင်ငံတွေမှာ ကောလိပ် (college) လိုမျိုးတွေ) ၊ ဒါမှမဟုတ် နိုင်ငံခြား တက္ကသိုလ်တစ်ခုနဲ့ချိတ်ဆက်ပြီး (affiliated) အဲဒီ တက္ကသိုလ် ဘွဲ့လက်မှတ်ရနိုင်တဲ့ မြန်မာပြည်မှာဖွင့်ထားတဲ့ သင်တန်းကျောင်းတွေမှာ တက်မယ့်လူတွေအတွက် ဖြစ်ပါတယ်။

မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူကျောင်းတွေ (Primary and Secondary Supplementary Schools) ကတော့ ခုနောက်ပိုင်း မြန်မာပြည်မှာ သိသိသာသာများပြားလာပါတယ်။ အဲဒီကျောင်းတွေဟာ သူငယ်တန်းလို (elementary level) ကစပြီး အဆင့်ဆင့်ရှိတဲ့ International School ရဲ့ ကျောင်းစားရိတ် ငွေကြေးပမာဏကို မတတ်နိုင်သူတွေအတွက် ပေါ်ပေါက်လာရသလိုပါပဲ။ အဲလို ကျောင်းတွေဟာ ၁၉၉၀ ခုနှစ်ကျော် ကာလတုန်းကတော့ အစိုးရကျောင်းတွေရဲ့ ပညာရေးကို ဖြည့်စွက်တဲ့ သဘော (supplementary) အနေနဲ့ အစိုးရကျောင်းချိန်တွေအပြီး ညနေပိုင်းတွေ ကျောင်းပိတ်ရက်တွေမှာ သင်လေ့ရှိပါတယ်။ ဒါကြောင့် ဖြည့်စွက်အထောက်ကူအဖြစ် supplementary လို့ ခေါ်ဝေါ်ခဲ့ပါတယ်။ ခုချိန်မှာတော့ အထက်မှာဖော်ပြခဲ့သလို မိဘတွေဟာ သူတို့သားသမီးတွေအတွက် အစိုးကျောင်းကို အားကိုးတာထက် ၊ supplementary schools တွေကိုပဲ မူလတန်း ၊ အလယ်တန်းနဲ့ အထက်တန်းပညာရေးမှာ အဓိကပညာရေးအနေနဲ့ အချိန်ပြည့်ထားပြီး အားကိုးလာတာ မြင်ရပါတယ်။


(၂)

မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) နဲ့ ပတ်သက်ပြီး လက်လှမ်းမှီသလောက် တွေ့ရှိခဲ့တာတွေအပေါ် အခြေခံပြီး အောက်ပါအတိုင်း သုံးသပ်မိပါတယ်။

မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် တွေဟာ ကျောင်းသားတစ်ယောက်တွက် အုတ်မြစ်ချခါစ အစပိုင်း ပညာရေး ဖြစ်တာအပြင် ၊ အခြားသမားရိုးကျ သတ်မှတ် အကဲဖြတ်ထားလေ့ ရှိသော ပေတံများဖြစ်တဲ့ (external assessment factors) နိုင်ငံခြား ၀င်ခွင့်စာမေးပွဲတွေ ၊ ဘွဲ့လက်မှတ် စသည်တို့နဲ့ သုံးသပ်မရတဲ့အတွက် အဲဒီအဆင့်တွေကို ပို့ချပေးနေတဲ့ ကျောင်းရဲ့ ကြီးကြပ်မှု နဲ့ အဲဒီနိုင်ငံ အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနမှ ကြီးကြပ်မှုပေါ်မှာ အရမ်းမူတည်ပါတယ် ။

အဲလို ကျောင်းတွေစပေါ်ပေါက်တုန်းက အဲဒီကျောင်းတွေမှာ သင်နိုင်တဲ့ ဘာသာရပ်တွေကို မြန်မာနိုင်ငံရှိ ပညာရေးဝန်ကြီးဌာနက ချမှတ်ခဲ့ပါတယ် ။ သူတို့စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးလို့ ထင်ရတဲ့ ကျောင်းတချို့ကိုလည်း ပိတ်ပင်ခဲ့တာတွေ ရှိပါတယ် ။ သို့သော် အစိုးရကျောင်းတွေမှာတောင် သေချာ အဆင့်ရှိတဲ့ပညာရေးကို မပေးနိုင်တဲ့ နိုင်ငံမှာ အဲဒီအစိုးရချမှတ်ထားတဲ့ စည်းကမ်းချက်တွေဟာ ဘယ်လောက်တန်ဖိုးရှိနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ ။ ဒါ့အပြင် ခုနောက်ပိုင်းမှာဆိုရင် အဲလို စည်းမျဉ်းစည်းကမ်းတွေတောင် မရှိသလိုဖြစ်လာတဲ့အခြေအနေမှာ ဒီ ပုဂ္ဂလိက (private) ကျောင်းတွေရဲ့ သင်ကြားရေးအဆင့်ကို ကြီးကြပ်မယ့်သူ၊ အဲဒီကျောင်းတွေက ဆရာ ဆရာမတွေရဲ့ အရည်အချင်းကို စစ်ဆေးနိုင်မယ့်သူ ၊ ဘယ်လို သင်ရိုးညွှန်းတန်းကို လိုက်နာနေသလဲဆိုတာ ထိန်းကွပ်နိုင်မယ့်သူ မရှိဘူးလို့ ဆိုနိုင်သလောက်ပါပဲ။

အဲဒီကျောင်းတွေမှာ သင်ကြားတဲ့ နိုင်ငံခြားသား ဆရာ၊ ဆရာမများဟာ တချို့က အနောက်တိုင်း တိုင်းပြည်တွေက ဖြစ်သလို ၊ တချို့ကလည်း မြန်မာပြည်ထက် တိုးတက်နေတဲ့ အရှေ့တိုင်း တိုင်းပြည်တွေကဖြစ်ပါတယ်။ အဲဒီကျောင်းတွေဟာ နာမည်ရှိတာပေါ် မူတည်ပြီး ကျောင်းလခနှုန်းတွေ ယူလေ့ရှိကြတယ်။ မိဘအများစုကတော့ သူတို့ ငွေကြေးအရ တတ်နိုင်သလောက်ရှိတဲ့ ကျောင်းတွေကို ရွေးလေ့ရှိကြပါတယ်။

သူတို့အတွက် အစိုးရကျောင်းထက်စာရင် အင်္ဂလိပ်လိုသင် နိုင်ငံခြားသင်ရိုးညွှန်းတန်းကို လိုက်နေတယ်ဆိုတဲ့ ကျောင်းကတော့ ဘယ်ကျောင်းမဆို သာလွန်မယ်လို့ ထင်မြင်ယူဆကောင်း ယူဆနေပါလိမ့်မယ်။ နိုင်ငံတကာ ပညာရေးပိုင်းကို သေချာ မလေ့လာထားတဲ့ မိဘများအနေနဲ့ကတော့ သူတို့သားသမီးတွေ နိုင်ငံတကာ ဘာသာစကား (international language) တစ်ခုဖြစ်တဲ့ အင်္ဂလိပ်လို သုံးနှုန်းနေနိုင်တာ ၊ ဖတ်လာနိုင်တာကိုပဲ ကောင်းလှပြီလို့ ခံယူချင် ခံယူကြပါလိမ့်မယ်။ ဒါပေမယ့် အင်္ဂလိပ်စကားဆိုတဲ့ ဘာသာစကားတခုကို ကျွမ်းကျင်တာနဲ့ပဲ ဒီကလေးတွေ ပညာရေးအနာဂတ်ဟာ ကောင်းပြီလို့ ဆိုနိုင်ပါသလား။

တကယ်တော့ ကလေးတယောက်ရဲ့ ပညာရေးဟာ သင်ကြားပေးတဲ့ ဆရာ ဆရာမတွေရဲ့ အရည်အချင်း ပေါ်သာမက သင်ရိုးညွှန်းတန်း နဲ့ သင်ကြားပို့ချပေးတဲ့ နည်းစနစ် တွေပေါ်လည်း အများကြီး မူတည်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ပညာရေးမှာ ပညာရေးဝန်ကြီးဌာနတွေက အဲဒီအပိုင်းသုံးပိုင်းကို အဓိကထားပြီး တိုးတက်ဖို့ ၊ အဆင့်အတန်းရှိဖို့ အမြဲ ကြပ်မတ်လုပ်ဆောင်နေကြပါတယ်။

သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ရင် - - ဥပမာအဖြစ် စင်္ကာပူနိုင်ငံရဲ့ သင်္ချာသင်ရိုးညွှန်းတန်းကို အမေရိကန်နိုင်ငံက မူလတန်းကျောင်းတွေမှာ အသုံးပြုတုန်းက ၊ အဲဒီဖတ်စာအုပ်ထဲမှာရှိတဲ့ အရှေ့တိုင်းဆန်တဲ့နာမည်တွေ ၊ ငွေ အသုံးအနှုံးတွေကို အမေရိကန်နိုင်ငံနဲ့ သင့်လျော်မယ့်နာမည်တွေ အသုံးအနှုံးတွေသို့ ပြောင်းလဲစေခဲ့ပါတယ်။ ဒါမှ သင်ယူတဲ့ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့ကြုံနေရတဲ့အရာတွေနဲ့ သင်ခန်းစာတွေကို ဆက်စပ်နိုင်မှာဖြစ်ပါတယ်။

မြန်မာပြည်မှာ အဲလိုလုပ်တာမျိုးမရှိတဲ့အတွက် အထက်ဖော်ပြပါ မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းများ (Primary and Secondary Supplementary Schools) မှာ နိုင်ငံခြားက သင်ရိုးညွှန်းတန်းတွေကို မြန်မာကလေးတွေ ဆက်စပ်နိုင်အောင် သင်ကြားပေးနိုင်ဖို့ လိုအပ်ပါတယ် ။ အဲဒီလိုအပ်ချက်ကိုလည်း နားလည်နိုင်တဲ့ ဆရာ ဆရာမမျိုးတွေ လိုအပ်ပါတယ်။ သည်လိုမဟုတ်ရင်တော့ သင်ခန်းစာတွေကို သေသေချာချာနားလည်မှုမရှိဘဲ “ဒါသင် ဒါကျက် ဒါဖြေ” ဆိုတာမျိုးတွေလည်း အဲဒီကျောင်းတွေမှာလည်း ဖြစ်လာနိုင်ပါတယ်။

သင်ရိုးညွှန်းတန်းကို သေချာ အလေးမထားတဲ့ကျောင်းမှာ ဒါ့ထက်ဆိုးနိုင်တာကတော့ သင်ကြားရေးပိုင်းမှာ သင်ယူသင့်တဲ့ သင်ခန်းစာတွေကို သေချာမသင်ကြားပဲ ကလေးတွေကိုပဲ ပျော်အောင်ထားတဲ့သဘောမျိုး (ဥပမာ - ကဗျာ သီချင်းတွေ ဆိုစေခြင်း ၊ ပုံပြောခြင်း စကားပြောပိုင်းကိုပဲ အလေးပေးခြင်း စသည်ဖြင့်)တွေပဲ ဖြစ်လာနိုင်ပါတယ်။ အဲလိုဖြစ်ခဲ့တယ်ဆိုရင်လည်း အထက်မှာဖော်ပြခဲ့တဲ့ အကိုဝမ်းကွဲလို မိဘမျိုးတွေဟာ သူတို့ကလေးတွေ အင်္ဂလိပ်လို ဆိုနိုင် ပြောနိုင် တာနဲ့ပဲ အားရချင် အားရမိကြလိမ့်မယ်။

နောက်တချက်ကတော့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ကလေးတွေ လူငယ်တွေဟာ “အတုမြင် အတတ်သင်” ဖြစ်တတ်ကြတယ် ။ ဒါကြောင့် သူတို့နဲ့ အမြဲနီးစပ်နေတဲ့ ဆရာ ဆရာမတွေဟာ အတိုင်းအတာ တစ်ခုအထိ စံနမူနာပြကောင်း ဖြစ်သင့်ပါတယ်။ နောက် ဆရာ ဆရာမတွေဟာ သူတို့သင်ကြားနေတဲ့ ကျောင်းသားတွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိပါတယ်

အသိသာဆုံး ဥပမာတခုကတော့ ပုဂ္ဂလိက (private) ကျောင်းတွေမှာ အင်္ဂလိပ်ဘာသာစကားသုံးပြီး သင်ကြားတဲ့အခါ ဆရာ ဆရာမတွေရဲ့ အသံထွက်ကို မြန်မာလူငယ်တွေ ကလေးတွေက “အတုမြင် အတတ်သင်” ဖြစ်နိုင်ပါတယ်။ မြန်မာစကားကို ပြောကြတဲ့အခါ နေရာ ဒေသကိုလိုက်ပြီး အသံနေ အသံထား အသံထွက် ကွဲပြားသလိုပဲ ဘာသာစကားတခုဖြစ်တဲ့ အင်္ဂလိပ်စကားမှာလည်း အဲဒီစကားနဲ့ မွေးတည်းက ကြီးပြင်းခဲ့သူတွေကြားမှာတောင် သူတို့ ကြီးပြင်းတဲ့ နေရာဒေသကို လိုက်ပြီး ကွဲပြားတာ ရှိပါတယ်။ တကယ်လို့ ဆရာ ဆရာမတွေက မိခင်ဘာသာစကား ပြောသူ (native speaker) မဟုတ်ခဲ့ဖူးဆိုရင် ပိုလို့တောင် စကားပြောအသံထွက် ကွဲပြားနိုင်တယ်။ ဒီတော့ အသံထွက် မကောင်းတဲ့ ဆရာ ဆရာမလေသံကိုပဲ အတုယူလိုက်မယ်ဆိုရင် အဲဒီကျောင်းသားအတွက် မှားသွားနိုင်ပါတယ် ။

နောက် ဘာသာရပ်တစ်ရပ်ကို သင်ကြားနေတဲ့ ဆရာမတယောက်ရဲ့ အရည်အချင်းဟာ အဲဒီဘာသာနဲ့ ပတ်သက်ပြီး သင်နိုင်တဲ့ အရည်အချင်း ရှိသလား ၊ ဆရာမ မလုပ်ခင် စာသင်ကြားရေးပိုင်းမှာ သင်တန်းတက်ခဲ့သလား၊ စာသင်ကြားရေးပိုင်းမှာ ဘယ်လောက်လုပ်သက်ရှိခဲ့သလဲ စတာတွေကို ကြီးကြပ်တာ ပုဂ္ဂလိက (private) ကျောင်းတွေရဲ့ လက်ထဲမှာပဲ ရှိပြီး မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက ကြီးကြပ်တာမျိုး လုံးဝမရှိပါဘူး။ အခြားနိုင်ငံတွေမှာ အဲလို ပုဂ္ဂလိက (private) လာဖွင့်တဲ့ ကျောင်းတွေရဲ့ အရည်အသွေးကို အဲဒီနိုင်ငံတွေက ပညာရေးဝန်ကြီးဌာနက အမြဲကြီးကြပ်နေတဲ့အတွက် အဲဒီကျောင်းတွေဟာ အတိုင်းအတာ တစ်ခုအထိ အဆင့်အတန်းရှိတယ်လို့ ယုံကြည်နိုင်စရာရှိပါတယ်။

အဲလို ကြီးကြပ်မှုမရှိတဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ခုလို ပုဂ္ဂလိက (private) ကျောင်းတွေ ၊ အထူးသဖြင့် ၀င်ခွင့်စာမေးပွဲလို အခြားသမားရိုးကျ သတ်မှတ် အကဲဖြတ်ထားတဲ့ ပေတံတွေ မရှိတဲ့ မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) များပြားလာတာဟာ ကျွန်မတို့ မျိုးဆက်သစ်တွေရဲ့ ပညာရေးအခြေအနေအပေါ် အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ်။ အထိန်းအကွပ်မရှိ စီးပွားရေးသမားတွေ ဖွင့်ချင်တိုင်း ဖွင့်နိုင်တဲ့ အခြေအနေ ဖြစ်နေတဲ့ မြန်မာပြည်က ပုဂ္ဂလိက ပညာရေးကဏ္ဍ (Private Education Sector)ဟာလည်း ဈေးကွက်တစ်ခုလို ဖြစ်ထွန်းလာနိုင်တယ်။ မြန်မာပြည်ပညာရေးကို စိတ်ကုန်နေပြီး နိုင်ငံတကာမှာ ၀င်ဆန့်နိုင်တဲ့ ပညာရေးမျိုးကို သားသမီးတွေအတွက် ပေးဖို့ အားတက်သရောရှိလှတဲ့ မိဘတွေဟာ စီးပွားရေးသမားတွေရဲ့ အခွင့်ကောင်းယူခံရတဲ့ အခြေအနေကို ရောက်နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားပညာရေးကို သားသမီးတွေ အနာဂတ်အတွက် ထွက်ပေါက် တစ်ခုလို မြင်မိတဲ့ မိဘတွေဟာ အဲဒီထွက်ပေါက်ကို လိုက်ကြတဲ့အခါ စုံလုံးကန်းပြီး မတိုးမိစေဖို့ အရေးကြီးပါတယ်။

(၃)

ဒီလိုရေး ဒီလိုဖတ် ဒီလိုဖြေ ဆိုတဲ့ ၏ သည် မရွေး ပြန်လည် မေးမြန်းခွင့်မရှိ တသွေမသိမ်း လိုက်နာတာတွေ ပါဝင်တဲ့ မြန်မာပြည်ပညာရေးကို “ကြက်တူရွေး ပညာရေး” လို့ အများက ဆိုစမှတ်ပြုကြပါတယ် ။ မြန်မာပြည် ပညာရေးကို စိတ်ကုန်လာတာနဲ့အမျှ ၊ ကမ္ဘာမှာ အများနည်းတူ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားရင်း မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) မှာရှိတဲ့ ကျောင်းတိုင်းမှပေးတဲ့ ပညာရေးအဆင့်အတန်းမျိုးကို ၊ ကြက်တူရွေးပညာရေးလို ၏ သည် မရွေး စုံလုံးကန်း မလိုက်မိပဲ ၊ ကျောင်းတိုင်းရဲ့ အရည်အသွေးကို ခွဲခြား သိမြင်တတ်ကြဖို့ အရေးကြီးပါတယ် ။ အဲလိုသိမြင်ဖို့ ကျောင်းတိုင်းရဲ့ အခြေအနေကို သေချာ နှိုင်းယှဉ်လေ့လာတာမျိုး ၊ သေချာ မေးမြန်း စစ်ဆေးတာမျိုးတွေ လုပ်သင့်ပါတယ် ။ သည်လိုမဟုတ်ရင်တော့ မြန်မာနိုင်ငံက ကလေးတွေ ခေတ်လူငယ်တွေရဲ့ အနာဂတ်ကောင်းကင်ဟာ စီးပွားရေးသမားတချို့ ချယ်လှယ် အမြတ်ထုတ်နိုင်စရာ ဈေးကွက်တခုသက်သက်သာ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်လို့ ယူဆမိပါတော့တယ်။

ရေးသားသူ - S.S

No comments: