Thursday, April 30, 2009

အတွေ့အကြုံသစ်တစ်ခု....


Aung: မနိုင်းရေ ...... ဖြတ်သန်းလာခဲ့တဲ့ မနိုင်းဘ၀တစ်လျောက်မှာ အပျော်ဆုံးတစ်နေ့ အကြောင်းကို စာတစ်ပုဒ်လောက် ရေးပေးပါ။ ဒါမှမဟုတ် မေ့လို့မရနိုင်တဲ့ နေ့တစ်နေ့အကြောင်းကိုပေါ့။

ရွှေမန်းသား "အောင်" ရဲ့ အပြောကို Orange Chit Thu ကပါ ထောက်ခံခဲ့လို့ ဒီစာကို ရေးဖြစ်ပါတယ်။ အပျော်ဆုံးနေ့ဆိုတာ တစ်ချို့လူတွေအတွက် အောင်စာရင်းထွက်တဲ့နေ့၊ နိုင်ငံခြားထွက်တဲ့နေ့၊ ထီပေါက်တဲ့နေ့.... စတာတွေ ဖြစ်ရင်ဖြစ်မယ်။ ကျွန်မအတွက်က ပျော်တဲ့နေ့တွေပဲရှိတယ်.. အပျော်ဆုံးနေ့ဆိုတာမျိုး သတ်သတ်မှတ်မှတ် မရှိဖူးဘူး။ ပျော်တဲ့နေ့မှာ ရယ်မောစရာ၊ ရင်ခုန်ကြည်နူးစရာတွေ ပါမယ်ဆိုတာ မပြောလည်း သိကြပါတယ်။ အဲဒီလိုပဲ ကျွန်မအတွက် မေ့မရတဲ့နေ့ဆိုပြီး သတ်သတ်မှတ်မှတ် မရှိပေမယ့် ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာနဲ့ မေ့လို့မရတဲ့ အဖြစ်အပျက်တွေ အများကြီးရှိခဲ့တယ်။ ဝမ်းနည်းစရာကို မေ့ထားပြီး ပျော်စရာတွေကိုပဲ ကျွန်မ များများမှတ်ထားပါတယ်။ အခုလည်း (ကျွန်မအတွက်) အမှတ်တရလည်းဖြစ်၊ ရယ်လည်း ရယ်ချင်တဲ့ အဖြစ်တစ်ခုကို ခပ်ပျော်ပျော်လေး ရေးချလိုက်ပါတယ်။

ကျွန်မအခု သင်ရတဲ့ ကလေးတွေက ၁၂နှစ်၊ ၁၃နှစ် အရွယ်တွေများတယ်။ သူတို့အရွယ်က အရာရာ စူးစမ်းစပ်စုချင်ကြတဲ့ အရွယ်တွေ၊ ဆိုးလို့ ပျော်လို့ ကောင်းတဲ့အရွယ်တွေဖြစ်တယ်။ အတန်းထဲမှာ အများက ဗမာစကား ကောင်းကောင်းမပြောတတ်တဲ့ ရှမ်း၊ အခါ၊ တရုတ်၊ ဝ တွေဖြစ်တယ်။ "ဆရာမ ကျွန်တော် ရေစားချင်တယ်" ဆိုတဲ့ လူမျိုးတွေပေါ့။ (ရေသောက်ချင်တာကို ဆိုလိုပါတယ်) ကျွန်မလည်း ရှမ်းလိုက မလည်မဝယ်၊ အခါ၊ ဝလိုက မတတ်တော့ တော်တော်ဒုက္ခရောက်တယ်။ အတန်းထဲမှာ စကားနှစ်မျိုး၊ သုံးမျိုးတတ်တဲ့ ကျောင်းသားတွေကို ဘာသာပြန်ငှားထားရတယ်။

ဒီလိုနဲ့ အတန်းတက်စ တစ်နေ့မှာ ရှမ်းမ ကျောင်းသူလေးတစ်ယောက်က ကျွန်မကို လာတိုင်တယ်။ "ဆရာမ.. ဆရာမ.. အားတီ သမီး ရင်ကို လာကိုင်တယ်။ အခုနားက သမီးအမေ ကျောင်းလိုက်လာတယ်၊ အားတီကို မတွေ့လို့ ဆရာမကို တိုင်တာ" တဲ့။ (ဗမာစကားတောင် ကောင်းကောင်းမပြောတတ်သူမို့ "ရင်"လို့ သူမသုံးဘူး။ ကျွန်မက ဖတ်ရ ယဉ်ကျေးအောင် ရင်လို့ သုံးလိုက်တာပါ) တိုက်ရိုက်ကြီး ပြောလာတဲ့ စကားကြောင့် ကျွန်မ ကြောင်သွားတယ်။ နားလည်း ရှက်သွားသလိုပဲ။ သူပြောတဲ့ အားတီဆိုတဲ့ ရှမ်းကောင်လေးက အတန်းထဲမှာ ဟိုလူစ၊ ဒီလူစနဲ့ တော်တော်ဆိုးတဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ ဒီကျောင်းသူလေးရဲ့ ရင်ကို စနောက်ရင်း ထိမိတာလား? သူ တမင်ပဲ သွားကိုင်ခဲ့တာလား မသိဘူး...

ကျောင်းသားက ဆရာမကို အားကိုးတကြီးနဲ့ တိုင်လာပြီဆိုတော့ ကျွန်မလည်း "အေး.. ခဏနေ ဆရာမ ဆုံးမပေးမယ်" ဆိုပြီး စာစသင်လိုက်တယ်။ အုပ်ထိန်းသူတွေပါ ပါလာနိုင်လောက်တဲ့ ပထမဆုံးအကြိမ် ကြုံတဲ့ ပြဿနာမို့ ကျွန်မ ဘယ်လိုဖြေရှင်းရမလဲ မသိခဲ့ဘူး။ လုပ်သက်က မရင့်တော့ အတွေ့အကြုံလည်း မရှိဖြစ်နေခဲ့တယ်။ အားတီကို လူသိရှင်ကြား ဆိုဆုံးမမိရင် သူတို့နှစ်ယောက်စလုံးကို ကျောင်းသားတွေ ဝိုင်းလှောင်ကြမှာလည်း စိုးတယ်။ ဒါကြောင့် စာသင်ရင်း အားတီကို ဘယ်လို ဆုံးမရမလဲလို့ ကျွန်မတွေးနေမိတယ်။

အတန်းပြောင်းချိန်ရောက်တော့ အားတီကို ကျွန်မနားခေါ်လိုက်တယ်။

"အားတီ .. နင် သူ့ကို ဘာသွားလုပ်လဲ" လို့ ကျွန်မ မေးတော့ "ဘာမှမလုပ်ဘူး" တဲ့။

"သူ့ရင်ကို သွားကိုင်တယ်ဆို" ဆိုတော့ "ရင်" ဆိုတာကို သူနားလည်ပုံ မရလို့ "ဘာမှမလုပ်ဘူး" ဆိုတာပဲ ပြန်ဖြေတယ်။

"မိန်းကလေးက ယောက်ျားလေးတွေနဲ့ မတူဘူး။ လျှောက်သွားမထိ ရဘူးဆိုတာ မသိဘူးလား" လို့ ဆရာမကြီးလေသံနဲ့ ကျွန်မ ထပ်ပြောတော့ (နားမလည်ဟန်နဲ့) "မသိဘူး" တဲ့။ ခက်တော့နေပြီ..... သူဘာလုပ်ခဲ့တယ်ဆိုတာကို အလွယ်တကူသိအောင် ဒီဆရာမ ဘယ်လိုရှင်းရမလဲ မသိ?

"နင်.. ဒီလို သွားလုပ်တယ်ဆို" ဆိုပြီး ရုတ်တရက် သူ့ရင်ဘတ်ကို လက်နဲ့ကိုင်သလို လုပ်ထည့်လိုက်မှ ပါးစပ်ပိတ်ပြီး သူ ခေါင်းညိတ်သွားတော့တယ်။

ကျွန်မက ရယ်လည်းရယ်ချင်၊ လက်သရမ်းချင်တဲ့ သူ့ကို ဒေါသလည်းထွက်နဲ့ မျက်နှာကို အတည်ဆုံးထားပြီး "ဘယ်လက်လဲ" လို့ မေးလိုက်တယ်။ သူဘာမှ မပြောဘဲ ညာဖက်လက်ကို ထုတ်ပေးပါတယ်။ တုတ်ယူပြီး ထုတ်ပေးတဲ့ သူ့ညာလက်ကို ကျွန်မ ခပ်နာနာလေး နှစ်ချက်ဆင့် ရိုက်ထည့်လိုက်မိတယ်။ ပြီးတော့ ယောက်ျားလေးနဲ့ မိန်းကလေးက မတူတဲ့အကြောင်း၊ လက်သရမ်းပြီး လျှောက်မထိသင့်ကြောင်း၊ ထပ်လုပ်ရင် မိဘတွေ၊ ကျောင်းအုပ်တွေပါ ပါလာနိုင်တဲ့အကြောင်း ပြောပြလိုက်တယ်။ ကျွန်မပြောတာကို အားတီ နားလည်လား? မလည်လားတော့ မသိဘူး။ ကျွန်မပြောပြီးတာနဲ့ အခန်းပြင်ကို သူထွက်သွားလိုက်တယ်။ ကျွန်မက နေရာမှာပဲ ရယ်ချင်သလိုလိုနဲ့ ကျန်ခဲ့တယ်။

ကျောင်းသူတစ်ယောက် မဖွယ်မရာ လုပ်ခံလိုက်ရလို့ ကျွန်မရယ်ချင်၊ ပျော်ရွှင်သွားတာ မဟုတ်ပါဘူး။ နားမလည်သူကို နားလည်အောင် လုပ်ပြလိုက်တဲ့ ကိုယ့်အပြုအမှုကိုပဲ ရယ်ချင်မိတာပါ။ ဆရာမတစ်ချို့ကို ဒီအဖြစ်ပြောပြတော့ သူတို့လည်း ပြုံးမိကြတယ်။ ဒီအဖြစ်က ဆရာမဖြစ်စ အတွေ့အကြုံအဖြစ် ကျွန်မဘဝမှာ မှတ်မှတ်ရရ မေ့မရအောင် ကျန်နေခဲ့မှာ သေချာပါတယ်။

(ရေးခိုင်းတာက တစ်ခြား၊ ရေးတာက တစ်ခြား ဖြစ်ခဲ့ရင် ဆောရီးပါလို့း)

နိုင်းနိုင်းစနေ


Wednesday, April 29, 2009

ကျွန်မဖတ်ဖို့ (၁၁)


(၁) သူငယ်ချင်းတွေ စုဆောင်းပါ

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းတွေက ဘဝမှာ မရှိမဖြစ်သူတွေ ဖြစ်တယ်။ သူတို့က နွေးထွေးတဲ့ အနွေးထည်တစ်ထည်နဲ့ တူတယ်။ သူတို့ကို ကိုယ့်ရဲ့အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ လဲလှယ်ခဲ့တာဖြစ်တဲ့အတွက် ကောင်းကောင်းတန်ဖိုးထားရမယ်။ ခုချိန်ထိ ကိုယ့်ဖုံးစာအုပ်ထဲမှာ ဆက်သွယ်ရမယ့်လူ နည်းနေသေးတယ်ဆိုရင် စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို စုဆောင်းဖို့ အချိန်မနှောင်းသေးပါဘူး။

(၂) လက်လွတ်တတ်ဖို့ သင်ယူပါ

ဒီအသက်အရွယ်က မရင့်ကျက်လို့ မဖြစ်တော့ဘူး။ ဘဝမှာ အချစ်တစ်ခု၊ ကံတရားတစ်ခု၊ ကိစ္စတစ်ခုကို ရယူပိုင်ဆိုင်ဖို့ ကိုယ်ခွန်အားမဲ့ခဲ့တဲ့အခါ လက်လွတ်တတ်ဖို့ သင်ယူရပါလိမ့်မယ်။ ဒါကလည်း နောက်ထပ် အသစ်တစ်ခုကို စမ်းသပ်ဖို့ ကိုယ့်အတွက် အခွင့်အရေး ပေးလိုက်သလိုပါပဲ။ ယုံကြည်မှု၊ သတ္တိ၊ ကြိုးစားမှုတွေ ရှိခဲ့မယ်ဆိုရင် အောင်မြင်မှုက ကိုယ့်အတွက်ပဲဖြစ်တယ်။

(၃) အကြင်နာ မေတ္တာကို မျိုးပွါးပါ

ကိုယ့်ထက် ဒုက္ခရောက်နေသူ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့ အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ။ ဒီလို အကြင်နာမေတ္တာတွေကို မျိုးပွါးပါ။ ကိုယ်သတိမမှုမိချိန် အဲဒီအကြင်နာတွေကနေ လှပတဲ့ ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ်။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင်၊ စာတစ်ပုဒ်၊ တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွါးတာပဲဖြစ်တယ်။

(၄) ဂီတကို နှစ်သက်ပါ

ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ်။ ဂီတက ကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဥာဏ်၊ အတွေးတွေကို ပိုပွင့်စေတယ်။ ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ်။ ဘဝအတွက် ခံစားမှုရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ်။ (ကျွန်မ ဝါးလက်ခုတ်တီးတတ်တယ်)

(၅) သောကနှစ်မျိုးကို ရှောင်ပါ

ပထမသောက, က လိုတာမရတဲ့ သောက၊ ဒုတိယက အချစ်ကြောင့် ခံစားရတဲ့သောက ... ဒီသောကတွေကို ဖုန်တွေသုတ်သင်သလို စိတ်အိမ်ထဲက လှဲကျင်းထုတ်ပစ်ပါ။ ကိုယ့်ဟာမှန်ရင် ကိုယ်စီ ရောက်လာပါလိမ့်မယ်။

(၆) ခံနိုင်ရည်ရှိဖို့ သင်ယူပါ

တစ်ချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ်။ အခက်အခဲ တစ်ခုကြုံခဲ့တိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဥာဏ်တစ်ခုတိုးတယ်လို့ ထင်မှတ်ပါ။ တစ်ချို့ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို ခံနိုင်ရည်ရှိဖို့ သင်ယူပါ။ ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ် မဟုတ်တော့ပါဘူး။

(၇) သူ့ကျေးဇူးကို သိတတ်ပါ

အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ်။ တစ်ခါဖျားနာတိုင်း ပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ်။ ကျေးဇူးတရားကို မိနစ်၊ စက္ကန့်တိုင်း သတိရသင့်တယ်။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ၊ အတ္တနဲ့ ငြင်းခုန်ခြင်းတွေကို ပြေငြိမ်းစေတယ်။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင် ပိုမှန်လိမ့်မယ်။

(၈) အလုပ်ကို မြတ်နိုးပါ

အလုပ်က လက်ဖက်ရည်သောက်၊ စကားထိုင်ပြောရတာလောက် မလွယ်ကူပေမယ့် ကိုယ့်ရဲ့အသိဥာဏ်နဲ့ ခွန်အားကို ဆန်းစစ်ပေးနေတာဖြစ်တယ်။ ကိုယ့်တန်ဖိုးနဲ့ အောင်မြင်မှုကို ခံစားစေတယ်။

(၉) သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့

စာဖတ်တယ်၊ သင်ယူတယ်ဆိုတာ အသိဥာဏ်၊ ဗဟုသုတတွေနဲ့ ကိုယ်စကားစမြည် ပြောနေသလိုပါပဲ။ တစ်နှစ်ကို စာအုပ်(၅ဝ)အုပ် ဖတ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့ အသိဥာဏ်၊ နားလည်စွမ်းတွေ တိုးလာပါလိမ့်မယ်။

(၁ဝ) အားကစားလုပ်ပါ

ပိုနေတဲ့အချိန်ကို အသုံးချပါ။ သဘာဝ ပတ်ဝန်းကျင်ကို ခံစားပါ။ ပျင်းလို့ တက်တဲ့ဝိတ်တွေ မရှိနိုင်သလို အရွယ်လည်း နုပျိုကျန်းမာစေပါတယ်။

မူရင်း .... Google search (聰明人必做的十件事) ထက်မြက်သူတို့ လုပ်ဆောင်သင့်တဲ့ အချက် ၁ဝချက်

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Tuesday, April 28, 2009

စကားနှစ်ခွန်းလျော့ပြောပါ....


မိန်းမတွေက မွေးရာပါ ပျစ်တောက်ပျစ်တောက်တွေ ဖြစ်တယ်။ ပစိပစပ်များတယ်။ ဒါပေမယ့် အချစ်မှာ၊ တစ်ချို့အခြေအနေမှာ နုတ်ပိတ်နေတာက အကောင်းဆုံးဖြစ်တယ်။ "silence is golden" ဆိုသလို တစ်ခါတလေမှာ နုတ်ဆိတ်နေခြင်းက သင့်ကို အကောင်းတွေ သယ်လာပေးနိုင်ပါတယ်။

(၁) သူ မီးဖိုချောင် ဝင်တဲ့အခါ

မီးဖိုချောင်က ကိုယ့်နယ်ပယ်လို့ သတ်မှတ်ပြီး မီးဖိုချောင် ဝင်သူတိုင်းကို ကိုယ်အမိန့်ပေးလို့ ရတယ်လို့ မသတ်မှတ်ပါနဲ့။ သူစိတ်ပါလို့ မီးဖိုချောင်ဝင်တဲ့နေ့ လိမ္မာပါးနပ်တဲ့ သင် ဟင်းရွက်ဆေးကူ၊ အိုးခွက်ပန်းကန်ပေးရုံကလွဲရင် တစ်နေရာကို ရှောင်နေလိုက်ပါ။ စားဖို့အဆင့်သင့် ဖြစ်ချိန်မှ သင်ပါးစပ်ဖွင့်ပါ။ သူချက်တဲ့ဟင်းက ဘယ်လောက်စားကောင်းကြောင်း၊ ဟင်းချက်အစီအစဉ်မှာ ဝင်ပြိုင်သင့်ကြောင်း ချီးကျူးစကားပြောပါ။ မီးဖိုချောင်ကို အချက်အပြုတ် သင်တန်းကျောင်းလို သူဓားကိုင်နည်းက မမှန်ဘူး၊ ဒယ်အိုးကိုင်နည်းက ပုံမကျဘူး၊ အရသာ ပေါ့သလေ၊ ငန်သလေနဲ့ ကဲ့ရဲ့လှောင်ပြောင်ပြီး ဆရာသွားမလုပ်ပါနဲ့။ သူစိတ်ထိခိုက်ပြီး မီးဖိုချောင် လုံးဝမဝင်တော့တဲ့အခါ သင်သာလျှင် နေ့တိုင်း မီးဖိုချောင်စောင့်နတ် ဖြစ်သွားပါလိမ့်မယ်။

(၂) သန့်ရှင်းရေး ဝိုင်းကူလုပ်တဲ့အခါ

ဂျပန်နိုင်ငံက ပညာရှင်တစ်ချို့ရဲ့ လေ့လာဆန်းစစ်ချက်အရ အခုခေတ်မှာ ခေတ်စားနေတဲ့ ကွာရှင်းပြတ်စဲခြင်းရဲ့ အဓိက တရားခံက နောက်မီးလင်းလို့ မဟုတ်သလို ရိုက်နှက်ရန်ဖြစ်ကြလို့လည်း မဟုတ်ဘူး။ "အိမ်အလုပ်ကို သူကူမလုပ်ဘူး" ဆိုတာပဲ ဖြစ်ပါသတဲ့။ မိန်းကလေးတွေကလည်း စဉ်းစားကြည့်သင့်တယ်။ ကိုယ့်လင်တော်မောင်က ကိုယ့်ကြောင့် အကျင့်ပျက်သွားတာလား? သူကိုယ့်ကို သန့်ရှင်းရေးလုပ်ကူတဲ့အခါ ကိုယ်က ဘေးကနေ ဟိုလိုလုပ်ပါလား၊ ဒီလိုမဟုတ်ဘူး၊ နှေးလိုက်တာလို့ ပျစ်တောက်တောက် ရေရွတ်နေခဲ့သလား?

တလောက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူတို့အိမ်က ရေချိုးခန်းကို သန့်ရှင်းဖို့ သူ့လင်တော်မောင်က အထူးစီမံထားတဲ့ ရေမြုပ်တွေ သွားဝယ်ခဲ့သတဲ့။ ပြီးတော့ အဲဒီရေမြုပ်ဟာ ဘယ်လောက်ကောင်းကြောင်း၊ ချေးကပ်နေတဲ့ ဘေဇင်နဲ့ ရေစက်ခေါင်းတွေကို ပြောင်လက်အောင် ဆေးနိုင်ကြောင်း ပြောတယ်။ သူငယ်ချင်းက ဘာမှမပြောဘဲ ဧည့်ခန်းမှာ ကြောင်ကလေးနဲ့ သွားဆော့နေခဲ့ပြီး လင်တော်မောင် ဆေးကြောနေတာကို စိတ်ဝင်တစား မကြာခဏ သွားရပ်ကြည့်ရုံကလွဲလို့ စကားတစ်ခွန်းမှ မဟခဲ့ဘူး။ ပြောင်လက်အောင် ဆေးကြောပြီးနောက် လင်တော်မောင်က ...

"တွေ့တယ်မဟုတ်လား? ဒီရေမြုပ်နဲ့ ဆေးရတာ လွယ်လည်းလွယ်တယ်၊ ပြောင်လည်းပြောင်တယ်" လို့ ပြောတော့ သူ့စိတ်ထဲမှာ "နင်သာလုပ်မယ်ဆိုရင် ဘာနဲ့သုံးသုံး ကောင်းတယ်" လို့ တွေးဖြစ်ပေမယ့် ပါးစပ်က "ဟယ်... တကယ်ပဲတော့.... ရေချိုးခန်းက တစ်ခါမှ ဒီလောက်ထိ မတောက်ပြောင်ဖူးဘူး.. နင်အရမ်းတော်တာပဲ" သူ့စကားကို လင်တော်မောင်က တဟားဟားနဲ့ သဘောကျပြီး "ညစ်ပတ်သွားရင် နောက်တစ်ပတ် ကို' ပြန်ဆေးပေးမယ်" လို့ ပြောလိုက်တယ်။ ကဲ... ဒီလို မိန်းကလေးမျိုးကို လိမ္မာပါးနပ်တယ်လို့ မခေါ်ဘူးလား!

(၃) သူဒေါသထွက်တဲ့အခါ

အပြင်ကိစ္စတစ်ခုခုကြောင့် သူဒေါသထွက်တဲ့အချိန် အဲဒီကိစ္စမှာ သူမှားခဲ့လည်း သူ့ကို စကားခွန်းကြီးခွန်းငယ်ဖွဲ့ပြီး အပြစ်သွားမတင်သင့်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် မိန်းမကောင်းတစ်ယောက်ရဲ့ သွင်ပြင်ကို ရုပ်ပျက်စေနိုင်သလို သူ့ဒေါသကို ဆွပေးသလို ဖြစ်သွားနိုင်တယ်။ စကားတစ်ခွန်းမှ မပြောဘဲ သူ့ကိုပဲ စိုက်ကြည့်နေလိုက်ပါ။ ဖြစ်နိုင်ရင် မျက်ရည်အဝဲသားနဲ့ ကြည့်ပါ။ အဲဒီနောက် မျက်ရည်တွေ မျက်လုံးအိမ်ကနေ တဖြေးဖြေး စီးကျလာပါစေ။ သူ့ဒေါသသံတွေ တဖြေးဖြေး တိုးလာပြီး နေမသိ ထိုင်မသာ ဖြစ်လာမယ်ဆိုတာကို အာမခံပါတယ်။ နောက်ပိုင်း သူမှားသွားကြောင်း ကိုယ့်ကို ပွေ့ဖက် တောင်းပန်လာလိမ့်မယ်။ မငိုနဲ့... မငိုပါနဲ့တော့လို့ သူချော့လာပါလိမ့်မယ်။

(၄) သူရင်ဖွင့်လာတဲ့အခါ

အလုပ်မှာ အဆင်မပြေတဲ့အချိန်၊ သူဌေး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အနှိမ်ကျင့်တာကို ခံရချိန် အိမ်ပြန်ရောက်ပြီး ကိုယ့်ကို သူရင်ဖွင့်လာပါလိမ့်မယ်။ အဲဒီအခါ သူက ထိခိုက်ဒဏ်ရာရလာတဲ့ ကလေးတစ်ယောက်လို ကိုယ့်ဆီက နှစ်သိမ့်အားပေးစကားကို မျှော်လင့်နေပါလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးမှာ သူ့ကို ပွေ့ဖက်ပေးလိုက်ပါ၊ ခေါင်းကို ပွတ်သပ်ပေးပါ၊ ပြဿနာဖြစ်သူတွေကို သွားဂရုစိုက်မနေဖို့ နှစ်သိမ့်ပါ။ သူခံနိုင်ရည်မရှိကြောင်း၊ စိတ်ဓာတ်တွေ မကြံ့ခိုင်ကြောင်း သင်ခန်းစာ သွားမပေးပါနဲ့။ သွားမလှောင်ပါနဲ့။ ထိခိုက်ခံစားနေတဲ့ သူ့စိတ်အပေါ် အေးစက်တဲ့ စကားတွေ ထပ်လောင်းမိရင် နှစ်ဦးကြား အခြေအနေက ပိုဆိုးသွားပါလိမ့်မယ်။

(၅) သူပင်ပန်းလာတဲ့အခါ

အလုပ်မှာ တစ်နေကုန်ပင်ပန်းခဲ့လို့ အိမ်ရောက်တာနဲ့ ထမင်းစား၊ ရေချိုးပြီး သူ အိပ်ရာဝင်ချင်နေတယ်။ ကိုယ်ကလည်း သူနဲ့စကားပြောချင်နေတယ်။ ဒီလိုအချိန်မျိုးမှာ အိပ်ချင်ပြီး မအိပ်ရသူရဲ့ စိတ်က ဒေါသထွက်လွယ်ပါတယ်။ တကယ်လို့ ကိုယ်က ဘေးမှာနေပြီး ထပ်ပြောနေဦးမယ်ဆိုရင် နောက်ဆုံးမှာ နှစ်ဦးစလုံး ဒေါသစိတ်နဲ့ အိပ်ရာဝင်ရပါလိမ့်မယ်။ အိပ်ချင်သူကို အိပ်ရေးဝဝ အိပ်ပါစေ။ နောက်တစ်နေ့မနက် မနက်စာ စားချိန်၊ သတင်းစာ ကြည့်ချိန်မှာ ကိုယ်ပြောချင်တဲ့စကားကို ပြောရင်လည်း နောက်မကျပါဘူး။ ဒါဟာလည်း နားလည်ပေးတတ်တဲ့ ကိုယ့်ရဲ့စိတ်ကို ထုတ်ဖော်နေသလိုပါပဲ....

အကြင်လင်မယားတိုင်း ချစ်တတ်ကြပါစေ....

မူရင်းရေးသားသူ -茉 莉 (Maw Li) 少說兩句 他會更愛妳 (စကားနှစ်ခွန်းလျော့ပြောပါ၊ ကိုယ့်ကို သူပိုချစ်လာလိမ့်မယ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Monday, April 13, 2009

အလုပ်အကိုင် ရှာဖွေသူ မြန်မာ များ သတိ ထား ရန်

Big mistakes job-seekers make

-ပက်ထရစ်ရှာလင်း-

လက်ရှိစီးပွားရေး အကျပ်အတည်းကာလ အတွင်း နေရာ အနှံ့ အပြား၌ အလုပ်အကိုင်သစ် ရှာဖွေမှု အခက်အခဲ များ ဖြစ်ပေါ် လျှက်ရှိပါတယ်။ အလုပ်လက်မဲ့ ဦးရေများပြားလာနေမှု က တကြောင်း၊ အလုပ်အကိုင်သစ် နည်းပါး ရှားပါးလာမှုက တကြောင်း တို့ကြောင့် အလုပ်အကိုင်သစ် ပြန်လည် ရရှိဖို့ အခက်အခဲများ လူတိုင်းကြုံတွေ့ နေရပါတယ်။ ဒီလို အလုပ်အကိုင်သစ် ရှာဖွေရာတွင် ရှာဖွေသူများအနေနဲ့လည်း သတိမထားပဲ မှားယွင်းခဲ့မှုများ ကြောင့် အလုပ်အကိုင် ရှာဖွေမှုတွင် အခက်အခဲများ ရှိနေတက်တယ်လို့ ဆိုတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ABC ရုပ်မြင်သံကြားရဲ့ Good Morning America အစီအစဉ်မှာ ရော်ဘင်ရောဘတ်က ကျွမ်းကျင်သူပညာရှင် တယောက်နဲ့ ဒီနေ့ အပြန်အလှန်ဆွေးနွေး ထားပါတယ်။ သူတို့ ၂ ယောက် ရဲ့ ဆွေးနွေးအကြံပြုချက်ထဲမှာ အလုပ်အကိုင် ရှာဖွေသူများအနေနဲ့ သတိမထားပဲ မှားယွင်းတက်တဲ့ အချက် ၅ ချက် ကို အကြံပြု ထားပါတယ်။ ကျမ စာဖတ်သူတွေ၊ အလုပ်အကိုင်ရှာဖွေရာမှာ အခက်အခဲရှိနေတဲ့ ပြည်ပရောက်မြန်မာ များကို ဝေမျှပေး ပါရစေ။

၁) သင်ရဲ့ Resume ကို ပို့ပေး ယုံနှင့် မလုံလောက်ပါ။ သင်လျှောက်သည့် အလုပ်အကိုင် နှင့် ရာထူးကို အလုပ်ရှင် သိအောင် သေသေချာချာရှင်းရှင်းလင်းလင်းဖော်ပြပေးပါ။ အလုပ်ရှင် က ဖုန်းခေါ်မှု ကို သင်မစောင့် နေပါနဲ့။ သင်က အလုပ်ရှင်ထံ စတင်ပြီး ဆက်သွယ်မေးမြန်းစုံစမ်းပါ။

၂) အလုပ်ရှင်က တွေ့ဆုံမေးမြန်း(Interview) လုပ်တာပဲဖြစ်ဖြစ်၊ အလုပ်ရှင်နဲ့ စကားပြောခွင့်ရရှိသည့် အခါပဲ ဖြစ်ဖြစ် သင်သိရှိသော၊ သင်လုပ်ခဲ့သော လုပ်ငန်းအတွေ့ အကြုံ၊ သင် ၏ သင်ကြားလေ့လာခဲ့မှု၊ သင်လုပ်နိုင် သော လုပ်ငန်းရပ်များ အကြောင်းကို အလုပ်ရှင်သိရှိအောင် ပြောဆိုပါ။ သင်၏အိမ်တွင်းရေးအကြောင်း၊ သင်၏ အလုပ်အကိုင် ရှာဖွေမှုအခက်အခဲ၊ လူတိုင်းသိရှိပြီး၊ နေ့စဉ်ကြားသိနေရသော စီးပွားရေး ပြဿနာများ၊ အကြောင်းအရာများ မပြောဖို့ ရှောင်ကြဉ်ပါ။

၃) ဒီလိုပြောဆိုရာမှာ ပဲဖြစ်ဖြစ်၊ အလုပ်ရှင်က တွေ့ဆုံမေးမြန်းမှု(Interview) လုပ်တဲ့ အခါမှာ သင် ယုံယုံကြည် နဲ့ပြောဆိုပါ ၊ ပြုမှုပါ ( Show your confidence)။ ခေါင်းကုတ်ခြင်း၊ ချွင်းဂမ်း၊ ပီကေ တို့စားခြင်း၊ ရေမွှေးသုံးခြင်း၊ နားကွင်း၊ နားဆွဲ၊ လက်ဝတ်ရတနာများ ၀တ်ဆင်ခြင်း၊ ဆံပင် ဖရိုဖရဲဖြစ်နေခြင်း၊ ဆဲလ်ဖုန်း မြည်လာခြင်း စတဲ့ အရုပ်ဆိုးစေတဲ့ အပြုအမှုများကို မပြုလုပ်မိပါစေနဲ့။ တနည်းအားဖြင့် Body language နှင့် Professional manner ကို အထူးဂရုစိုက် ပြုမှုဖို့ သတိရှိကြပါ။

၎) အလုပ်ရှင်က တွေ့ဆုံမေးမြန်းမှု(Interview) လုပ်တဲ့ အခါမှာ သင်၏ တက်ကျွမ်းမှု၊ ကျွမ်းကျင်မှု(Skills), သင်သိရှိသော ဗဟုသုတ ( Knowledge)၊ သင်ရင်ဆိုင်ခဲ့ရသော လုပ်ငန်းခွင် အတွေ့အကြုံ ( Experience)၊ သင်တက်မြောက်ခဲ့သော ပညာရေး ( Education) ၊ ရရှိခဲ့သော အောင်မြင်မှု ( Achievements) တွေကို အလုပ်ရှင်သိအောင် အထူးအလေးပေးပြောဆို တင်ပြပါ။

၅) အလုပ်ရှင်ရဲ့ ကုမ္ပဏီမှာ သင်လုပ်ကိုင်ရမည့် အဓိက အကြောင်းအရာ၊ အလုပ်ရှင်ရဲ့ မျော်မှန်းထားချက်၊ ကုမ္ပဏီရဲ့ Culture တွေကို သိရှိအောင် မေးခွန်းထုတ်ပါ။ လက်ရှိရင်ဆိုင်နေရသော ကုမ္ပဏီ၏ အခက်အခဲ များကို သိရှိအောင် မေးပါ။ ကုမ္ပဏီကို တိုးတက်အောင် ပြုပြင်ပြောင်းလဲ ပေးမည့်
သင်၏ အကူအညီ ကို ကမ်းလှမ်း ပါ။ အလုပ်သစ်အပေါ် သင်၏ စိတ်ဝင်စားမှုကို ထုတ်ဖော်ပြသပါ။ သင်ဟာ ကုမ္ပဏီ အတွက်ဖြစ်ပါစေ။ သင်အတွက် ကုမ္ပဏီ မဖြစ်ပါစေနဲ့။

ပြည်ပရောက် မြန်မာများ အလုပ်အကိုင်ရှာဖွေမှု အောင်အောင်မြင်မြင် ရရှိနိုင်ကြပါစေ။


(Comments)-
စာဖတ်ပရိသတ်များ၏ အကြံပြုချက်

်from: Kyaw Kyaw

(ထိုင်း၊ စကာင်္ပူ၊ မလေး နဲ့ ဂျပန်တို့ မှာ အလုပ်လုပ်နေတဲ့မြန်မာတွေအတွက်တော့ အဓိက အကြံပြုလိုတာက အလွန်အနံပြင်းတဲ့ အဘ ထ လို အနံမျိုးတွေ၊ ကွမ်းစားတာတွေ မလုပ်မိကြဖို့ ပါပဲ။ အဘ ထ ကို အလာကားနေရှု နေသူတွေဟာ အသက်ရှု လမ်းကြောင်းတလျောက်မှာစွဲနေတဲ့အတွက် နိင်ငံခြားသားတွေအဖို့ မခံမရပ်နိင်ဖြစ်တတ်ပါတယ်။ ဆိတ်သား အိုးကြီးကို အင်တာဗျူးလုပ်တဲ့အချိန်မှာ ဖွင့်လိုက်သလို ဖြစ်သွားနိင်ပါတယ်။ ကွမ်းကလည်း သွားတွေကိုပျက်ဆီးစေပါတယ်။ ဒါ့အပြင် ဒီနေ့ ခေတ်ပြင်ပကမ္ဘာက ကွမ်းစားတဲ့အလေ့ အထိမရှိတော့တဲ့အပြင် ကွမ်း အကြောင်းကိုသိတောင်မသိတော့ပါဘူး။ သွားဟာ လူနေမှုအဆင့်အတန်းကို ဖေါ်ပြတဲ့ လူတယောက်ရဲ့  အဆင့်အတန်းကို ဖေါ်ပြတဲ့ သင်္ကေတအဖြစ် ဒီနေ့ Globalization က ယူဆလာပါတယ်။ အရင်ခေတ်ကတော့ ကွမ်းကြောင့်သွားတွေ မဲနေတာဟာ ရိုးသားမှုလိုလို ဖေါ်ရွေမှုလိုလို အဓိပ္ပါယ် ရှိခဲ့ပါတယ်။ ဒီနေ့ ခေတ်မှာတော့ ဒါမရှိတော့ပါဘူး။

သွားတွေမဲနေတာ ၊ ကြိုးနေတာတွေဟာ ဆင်းရဲ သူ၊ ပညာမတတ်သူ၊ ခေတ်နောက်ကျသူ၊ ငတုံးဆိုတဲ့ အဓိပ္ပါယ် ထွက်လာပြီဖြစ်ပါတယ်။ သွားကို သန့်ရှင်း အောင်ထားဖို့ လှပအောင်ထားဖို့ အကြံပြုလိုပါတယ်။ )

Saturday, April 11, 2009

Monday, 24 November 2008

ဒုက္ခသည် စခန်းက လာတဲ့ စာ


- အောင်ပန်-


ငါအခု အုန်းဖန် ဒုက္ခသည်စခန်း ကို ရောက်တာ တပါတ်ပြည့် သွားပြီ။ စခန်းကို မရောက်ခင် အဆိုးဆုံး ရဲဂိတ်မှာ ပိုက်ဆံပေး အပြီးမှာ ကိုဖိုးကျော်နဲ့ ဖုန်း အဆက်အသွယ် ရတယ်။ အဲဒီ ရဲဂိတ်ကျော်ရင် ဖုန်း အဆက်အသွယ် မရတော့ဘူး။ အုန်းဖန် ဒုက္ခသည် စခန်းကို ရောက်တော့လည်း အထဲကို ၀င်ဖို့အတွက် ထိုင်းလုံခြုံရေးကို ပိုက်ဆံပေးပြီးဝင်ရတယ်။ သူငယ်ချင်းရဲ့ မိန်းမက လာကြိုပေးတယ်။ ရောက်ရောက်ခြင်းဘဲ Thai-burma border community က ရိက္ခာပေးဖို့ ရောက်နေပြီ ဆိုတော၊့ တောင်အောက်ပြန်ဆင်း လူအုပ်ကြီးနဲ့ တန်းဆီစောင့်လိုက်တာ ညနေ ၅နာရီထိဘဲ။

နိုင်ငံခြားသားနဲ့ ကားပေါ်မတက်ခင်ကလေး စကား၂ခွန်းပြောလိုက်ရတယ်။ နောက်နေ့မှ စီစဉ်ပေးမယ် ဆိုတာလေးနဲ့ဘဲ တောင် ပေါ်ပြန်တက်ခဲ့ရတယ်။ တည်းခိုအိမ်ရောက် ထမင်းစားပြီး အိပ်ရာဝင်ခဲ့ပေမယ့် အိပ်လို့မရ ပြန်ဘူး။ အရမ်းကိုအေးတယ်။ တဲအိမ်လေးတွေ ဆိုတော့ လေက၀င်၊ အတူလာသူတွေက စောင်အ ပြည့်အစုံ မပါတော့ မျှခြုံရတာပေါ့။ နောက်ရက် မနက်လင်းလင်းခြင်းဘဲ ရိက္ခာဂိုဒေါင်ဆီ သွားရတယ်။ ရိက္ခာဂိုဒေါင်ရှေ့မှာတော့ လူအုပ်ကြီးက စောင့်နေကြပြီ။ ရှေ့ဆုံးရောက်အောင် တဖြည်းဖြည်းတိုးရင်း ရှေ့ဆုံးအရောက်မှာတော့ နိုင်ငံခြားသားလည်း တိုးပြီးဝင်လာနေပြီ။ ဒုက္ခသည်တွေကို နိုင်ငံခြားသား က သူအစီအစဉ်ကိုရှင်းပြရမှာ ငါက၀င်ပြီး ဘာသာပြန်ပေးလိုက်ရတာက အခွင့်အရေးဖြစ်သွားတယ်။

(အဲဒီနိုင်ငံခြားသားက ငါနဲ့ မဲဆောက်မှာတွေ့ခဲ့ဘူးတယ်၊ မဲဆောက်မှာတော့ ဘာမှလုပ်မပေးနိုင်ဘူး။ ဒုက္ခသည်စခန်းမှာဆိုရင်တော့ ရိက္ခာစီစဉ်ပေးမယ်လို့ ပြောခဲ့ဘူးတယ်။) ဘာသာပြန်အပြီးမှာနိုင်ငံခြားသား က စောင့်နေပါ UN slip holder ကိုစီစဉ်ပေးမယ်ဆိုတော့ စောင့်နေရတာ ညနေပြီးသည်အထိ ငါတို့ အလှည့်မရောက်သေးဘူး။ ငါတို့နေတဲ့ရပ်ကွက်မှာ က လူဦးရေ ၁၅၀၀ မှာ ၃၉၀ဘဲရိက္ခာပေးနိုင် တာဆိုတော့ နိုင်ငံခြားသားစီးတဲ့ ကားကို ၀ိုင်းထားကြတာပေါ့။ ငါဘဲဘာသာပြန်ပေးရတယ်။ ရပ်ကွက် အုပ်ချုပ်ရေးပိုင်းက ငွေယူပြီး ရက်ပိုင်းအတွင်းရောက်သူတချို့က ရိက္ခာအတွက် ဓါတ်ပုံရိုက်ရတယ်။ TBBC ရိက္ခာပေးအစီအစဉ်က ၂၀၀၆၊ ၂၀၀၇ အတွင်းရောက်တဲ့သူတွေ အတွက်လို့ ကြေညာပေမယ့် ငွေပေးနိုင်သူ တွေက ၂၀၀၈ နောက်ပိုင်းရောက်ပေမယ့် ရိက္ခာရမယ့်စာရင်းထဲပါတော့မကျေနပ်ကြတာ ပေါ့။ နောက်တရက် မနက်လည်း ရိက္ခာဂိုဒေါင်ရှေ့မှာ လူအုပ်ကြီးကရော့မသွားဘဲ ပိုပြီးတိုးလာတယ်။ သိပ်မကြာပါဘူး ဆန္ဒပြသလိုဖြစ်လာခဲ့တယ်။ နိုင်ငံခြားသားကလည်း ဆန္ဒပြခိုင်းတယ်။ စခန်းအုပ်ချုပ် ရေးကော်မတီ ရောက်လာပြီး ထိမ်းမှဘဲ ငြိမ်သွားခဲ့တယ်။ နေ့လည်စာ စားပြီးချိန်မှငါ တို့ UN slip တွေအလှည့် ရောက်တော့တယ်။ ငါလည်း ၂၀၀၈ ဇန္နာဝါရီကစပြီး ရိက္ခာရမယ်။ ရမယ့်ရိက္ခာကတော့ ဆန် ၈ ကီလို၊စားဆီ ၁လီတာ၊ ပဲ၁ကီလိုခွဲ၊ မီးသွေး ၅ကီလိုရမယ်။ ဘတ်ငွေ၄၀၀ဖိုးပေါ့။ စခန်းကိုရောက်ရောက်ချင်းဘဲ တကယ့်ဒုက္ခသည်ဘ၀ကို သိလိုက်ရတာဘဲ။ ၂ ရက်လုံးလုံး တနေကုန်မတ်တပ်ရပ်နေကြတဲ့ လူပေါင်းတထောင်ကျော်ဟာ တကယ့်ကို စားစရာအတွက်လေး ကိုဘဲ ရဖို့မျော်လင့်ချင်းတွေနဲ့ စောင့်နေကြသလို၊ ဒုက္ခသည်စခန်းကို လေယာဉ်နဲ့ လာကြသူတွေကတော့ ရိက္ခာအတွက် မဟုတ်ကြဘဲ ဒုက္ခသည်စာရင်း ၀င်ဖို့အတွက် တယောက်ကို ဘတ်၇၀၀၀ ပေးပြီးစာရင်း ၀င်အောင်လုပ်ကြတယ်။ ငါတော့ငွေမကုန်ဘဲ ဒုက္ခသည်ရိက္ခာစာရင်းဝင်သွားပြီ။ အဲဒီညကတော့ ငါတို့နေတဲ့ရပ်ကွက်မှာ ဘယ်သူမှ အိပ်မရကြဘူး။ တကယ့်ကိုရိက္ခာလိုအပ်သူတွေက ၂၀၀၆၊၂၀၀၇ မှာ ရောက်ပါလျှက် မရကြတော့ ဆူကြတော့တာပေါ့။ မနက်မှာလူစု၊ လက်မှတ်ထိုးပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးဖြုတ်ချရေးလှုပ်ရှားကြတယ်။ အရှိန်တက်နေတုန်းမှာဘဲ ယူအင်အိပ်စီအာက စာရင်းလာကောက်ရော ငြိမ်သွားတယ်လေ။ ငါကတော့ စခန်းအနှံ့လျောက်သွားတယ်။ ဒုက္ခသည်စခန်းမှာ ၁၀ပေ၊၁၅ပေ အခန်းကျဉ်းလေးဈေးနှုန်းက ဒေါ်လာ၂၀၀ အနည်းဆုံးရှိတယ်။ ၄ယောက်လောက်ဖြန့် အိပ်လို့ရတယ်လေ။

ဒီလိုလျှောက်သွားရင်း တွေ့ရတာတွေကတော့ အစုံပါဘဲ။ အံသြစရာကောင်းတာကတော့ ဗိုလ်ချုပ်ဈေးမှာ ကျောက်ရောင်းတဲ့ အမျိုးသမီးတယောက်ကို တွေ့လိုက်ရတာဘဲ။ အိမ်အလည် ခေါ်လို့လိုက်သွားတော့ အိမ်ကြီးအိမ်ကောင်းနဲ့ ရပ်ကွက်ကို အင်ဂျင်စက်နဲ့မီးပေးတာ၊ ဗီစီဒီခွေဆိုင် ဖွင့်တာ စတဲ့စီးပွားရေးတွေလုပ်ရင်း အမေရိကန်သွားဖို့ ၂၀၀ရ ကတည်းကစောင့်နေတယ် ဒုက္ခသည်။ နေ့လည်တည်းတဲ့ အိမ်ရှေ့မှာ နေ့လည်စာစားပြီး နေပူစာလှုံနေတုန်း စားစရာမရှိ လို့ အနွေးထည်လိုက်ရောင်းနေတဲ့ ဒုက္ခသည်။ တယ်လီဖုန်းဆက်ဖို့ ပုဂ္ဂလိကဖုန်းရုံလေးထဲရောက် တော့ တတိယနိုင်ငံရောက် ဆွေမျိုးသားချင်းများဆီကိုငွေမှာနေတဲ့ ဒုက္ခသည်။ ကရင်ရွ့ာထဲရောက်တော့ စစ်ပြေးဒုက္ခသည် ပေါင်းများစွာတွေ့လိုက်ရပြီ။ ရာသီဥတုကတော့ဒီရက်ပိုင်း အတွင်း အရမ်းဆိုးတယ်။ နှစ်ရက်ဆက်တိုက် နှင်းမိုးတွေရွာနေတယ်။ ရေချိုးဖို့တောင်မလွယ်ဘူး။ ဒီအပြင် အံသြစရာတိုက်ဆိုင်မှုကတော့ တန်ဆောင်မုန်း လပြည့်ည ပါဘဲ။ လွန်ခဲ့တဲ့ ၁၉ နှစ်က ငါအိန္ဒိယဘက်ကို တောခိုတုန်းက မဟာမြိုင်တောထဲမှာ ညအိပ်ခဲ့ရတာကို ပြန်သတိရလိုက်ပြီး တိုက်ဆိုင်ဆိုင်မှုကိုစဉ်းစားပြီး တော်တော်နဲ့ အိပ်မပျော်ခဲ့ဘူး။ ငါနေတဲ့ ရပ်ကွက်က စခန်းကအခေါ် ၁၆ရပ်ကွက်၊ယူအင်ရပ်ကွက်၊ NGO တွေသတ်မှတ်ပြီးခေါ်တာက Zone A/Section 8 ပေါ့။ မြန်မာအများစုနေတဲ့ ရက်ကွက်ပေမယ့် လူမျိုးစုံတော့ ရှိတယ်။ ကချင်၊ချင်း၊မွန်၊ဂေါ်ရခါး(Nepalse) အစုံစုံပါဘဲ။ လက်ရှိလူဦးရေစာရင်းကတော့ ၁၄၀၀ရှိတယ်။ တစခန်းလုံးရဲ့လူဦးရေကတော့၃၅၀၀၀ လောက်ရှိလိမ့်မယ်။ ဒီရက်ပိုင်းအတွင်းမှာဘဲ ငါတို့နေတဲ့ရပ်ကွက်ကတော့ ပြသနာစုံဖြစ်နေတဲ့ ရပ်ကွက်ပဲ။ တနေ့တမျိုးမရိုးရအောင်ပါဘဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက ရိက္ခာအတွက် ဓါတ်ပုံရိုက်တာ မရိုက်လိုက်ရသူတွေကလည်း မကျေမနပ်ဖြစ်ပြီး ဒုရပ်ကွက်လုံခြုံရေးမှုး ၀ိုင်းလက်မှတ်ထိုးဖြုတ်ချသည်အထိဖြစ်သွားခဲ့တယ်။ အဲဒီလူက ငွေပေးတဲ့ လူတော့ပါအောင် ထည့်ပေးလို့။ နောက်ဆက်တွဲဂယက်ကတော့ တကယ်ကို ကြီးကြီးမားမားပါဘဲ။

မြန်မာပြည်ထဲကလူငယ် ၃ ယောက်ကို တယောက် သိန်း၆၀ စီနဲ့ အမေရိကကို ၆လလောက်အတွင်း ထွက်ရမယ်ဆိုပြီး အခကြေးငွေယူနေတဲ့ လူမှောင်ဂိုဏ်း အမှုပေါ်လာခဲ့တယ်။ ငွေပေးပြီးဝင်တဲ့ သူတွေက စခန်းအုပ်ချုပ်ရေးကော်မတီ၊ ယူအင်ကို တိုင်လိုက်တော့ လူမှောင်ခိုဂိုဏ်း ပေါ်လာတယ်။ အဲဒီလူကနေဆင့် ပါဝင်ပါတ်သက် သူတွေတတမ်းကြီး ဖြစ်သွားတယ်။ အဲဒီလူရဲ့ နောက်မှုကတော့ သူမှာမယားကြီး နဲ့ ကလေးရှိတယ်။ လွန်ခဲ့တဲ့၂လလောက်က ကောင်မိန်းလေးတယောက်ကို အမေရိကသွားရမယ်ဆို ပြီး သိမ်းပိုက်လိုက်တဲ့အမှုပါ ဆက်ပေါ်လာခဲ့တယ်။ ကာယမိန်းကလေးက ဖြားယောင်းသွေး ဆောင်မှုနဲ့ တရားစွဲ၊ ပတာက သူငွေယူပြီး သွင်းလာခဲ့တဲ့ သူတွေကိုသေနတ်တု(ကစားစရာ)ပြပြီး ခြိမ်းခြောက်မှု ရောပေါ့။ အဲဒီအတွက်ကြောင့် လမ်းခရီးသွားလာရေး ကတော့ အတော်ကိုကြပ်သွား ပြီ။ ဘန်ကောက်၊စင်္ကာပူ၊ ဂျပန်ကနေ ဒုက္ခသည် စခန်းထဲ ၀င်ကြပြီး အမေရိကားထွက်ရေးကြိုးပမ်းကြ တာတွေကလည်းရှိသေးတယ်။ လူမှောင်ခိုကူးတွေရဲ့ လူမဆန်ပုံကတော့ ပြောပြရင်ယုံနိုင်စရာမရှိ ဘူး။ စခန်းထဲရောက် လူစာရင်းသွင်းပြီးရင် ဘာဆိုဘာမှ ဆောင်ရွက်ပေခြင်းမရှိတော့ဘူး။ စင်္ကာပူကနေ USD 1500နဲ့ အမေရိကားကို ၂လအတွင်း ထွက်ရမယ်ဆိုပြီး ရောက်လာခဲ့တဲ့ လင်မယားဆို ၂နှစ်ရှိသွားပြီ။ နောက်ဆုံးစားဝတ်နေရေးအတွက် တောထဲမှာဝါးခုတ်၊ သစ်ထမ်း အလုပ်ကြမ်းလုပ် ပြီးစားဝတ်နေရေး ဖြေရှင်းနေရတယ်။

ဝါးခုတ်၊သစ်ခုတ်အလုပ်က အသက်စွန့်ပြီး လုပ်ရတာလေ။ ထိုင်းသစ်တောအဖွဲ့နဲ့ တွေ့လို့ကတော့ ထောင်ကျမလား၊ ထွက်ပြေးလို့အပြစ်ခံရမလားတခုခုတော့အသေ အချာဘဲ။ ငါရောက်ပြီးတပါတ်လောက်မှာဘဲ သေနတ်သံတွေကြားရတော့ ဘာဖြစ်တာလဲအိမ်ရှင်ကို မေးကြည့်တော့ သစ်ဝါးခိုးခုတ် သူတွေကို ထိုင်းသစ်တောကလိုက်ပစ်တာတဲ့။ အဲဒီအခြေအနေဆိုးတွေ ရင်ဆိုင်ပြီး နေ့စဉ်ဘာထူးလဲ ဆိုတဲ့သတင်းကို နားစွန့်ရင်း ဒုက္ခသည်စခန်းက ထွက်ခွာခွင့်နေ့ ကို မျော်လင့် နေကြရတယ်။ ကောလဟာလ သတင်းတွေကလည်း နေ့စဉ်ကြားနေရတယ်။ ဒုက္ခသည်စခန်းမှာ မွေးပြီး ကြီးပြင်းလာကြတယ့် ကလေးတွေ ကစားကြတာကိုစိတ်ဝင်စားကြည့် မိတော့ အမေရိက၊ သြစတြေလျ၊ ကနေဒါ၊ နော်ဝေး သွားတမ်းကစားကြတယ်လေ။ ကလေးတယောက်ကဘယ်လိုကစားသလဲ ဆိုရင် အမေရိကန် ရီဂျက်စ် ဖြစ်လို့ သြစတြေလျ သွားတော့ မယ်တဲ့လေ။ သူကြားနေရတာတွေနဲ့ ကစားကြတာလေ။

Tuesday, April 7, 2009

သူတို့အတွက် အနာဂတ်ကောင်းကင်
ရေးသားသူ - S.S

(၁)

သူ့ကို အစိုးရပညာရေးထဲ စာရင်းဝင်အောင် ဘုန်းကြီးကျောင်း ပညာရေးမှာပဲ စာရင်းသွင်း ထားလိုက်တယ်လေ။ တကယ် တက်တာကတော့ ပုဂ္ဂလိက (private) လာဖွင့်နေတဲ့ အင်္ဂလိပ်လိုသင်တဲ့ နိုင်ငံခြားကျောင်း တစ်ခုမှာ။ ခုဆို သူ့အမေထက် တောင် သူက အင်္ဂလိပ်လို သွက်နေသေးတယ်”။


ကဗျာတွေကို အင်္ဂလိပ်လို ဆိုနေတဲ့ ၄ နှစ်အရွယ် တူမလေးအကြောင်း ကျွန်မရဲ့ အကိုဝမ်းကွဲက ခုလိုပြောပြပါတယ်။


မြန်မာပြည် ပညာရေးက အရမ်းဆိုးရွားနေပြီလေ။ အစိုးရကျောင်းမှာထားလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ပိုက်ဆံကုန်ခံပြီး ခုလို နိုင်ငံခြားက သင်ရိုးညွှန်းတမ်းကို သုံးပြီး ပုဂ္ဂလိက (private) ဖွင့်ထားတဲ့ ကျောင်းမှာ ထားရတာ” လို့ အကိုက ဆက်ပြောပါတယ်။ ဒါနဲ့ အဲဒီကျောင်းမှာ ဘယ်လိုဆရာ ဆရာမတွေ သင်လဲဆိုတော့ သူ သေချာမသိ၊ ဘယ်လိုသင်ရိုးညွှန်းတမ်းကို လိုက်လဲဆိုတော့လဲ သေချာမသိ။ သူ့အတွက်တော့ သူ့သမီးဟာ အင်္ဂလိပ်လို ပြောရဲဆိုရဲ သွက်လက် လာတာကိုပဲ အလွန်ဝမ်းသာနေတဲ့ပုံ။

လက်ရှိ မြန်မာနိုင်ငံကရတဲ့ ဘွဲ့လက်မှတ် တစ်ခုရဲ့ အသုံးဝင်မှု၊ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်မှုတို့ပေါ် မူတည်ပြီး မြန်မာပြည်သူတွေရဲ့ မြန်မာပြည် ပညာရေး အပေါ်ထားရှိတဲ့ အမြင်တွေ ပြောင်းလဲလာကြပါတယ်။ သူတို့ကလေးတွေ ကမ္ဘာမှာ အများနည်းတူ တိုးဝင်နိုင်ဖို့အတွက် မြန်မာအစိုးရက ချမှတ်ပေးထားတဲ့ ပညာရေးဟာ မလုံလောက်တော့ဘူးလို့ သူတို့ ထင်လာကြဟန် တူပါတယ်။ အကိုဝမ်းကွဲလိုပဲ ကျွန်မသိတဲ့ ပတ်ဝန်းကျင်က မိသားစုတော်တော်များများဟာ သူတို့ကလေးတွေကို ပုဂ္ဂလိက (private) ဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာ ထားလာကြတာ တွေ့ရပါတယ်။

၁၉၉၀ ခုနှစ် နောက်ပိုင်းကာလများမှာ စပေါ်ပေါက်လာခဲ့တဲ့ မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) အောက်က ကျောင်းတွေကို ယေဘူယျအားဖြင့် သုံးမျိုးလောက် ခွဲနိုင်ပါတယ်။ [1]

(၁) မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းများ (Primary and Secondary Supplementary Schools)

(၂) နိုင်ငံတကာ ကျောင်းများ (International Schools)

(၃) ကောလိပ် အကြို သင်တန်းများနှင့် အဆင့်မြင့် ပညာရေး (Pre-collegiate programs and higher education)


နိုင်ငံတကာကျောင်းတွေ (International Schools)ဟာ သူတို့ ဖွင့်လှစ်ထားတဲ့ နိုင်ငံမှာရှိတဲ့ တခြားကျောင်းတွေထက် အမြဲ ကျောင်းစရိတ်များတဲ့အတွက် ၊ မြန်မာပြည်မှာ ၀င်ငွေကောင်းကောင်းနဲ့ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားများ (expatriates) အပြင် ၊ ငွေကြေးတတ်နိုင်တဲ့ မြန်မာနိုင်ငံက လူတွေရဲ့ သားသမီးတွေပဲ တက်ရောက်နိုင်ပါတယ်။ နိုင်ငံတိုင်းမှာ နိုင်ငံတကာ ကျောင်းများ (International Schools) ဆိုတာတွေမှာ တက်ကြသူတွေဟာ အများအားဖြင့် အဲဒီနိုင်ငံမှာ ခေတ္တအလုပ်ကြောင့် ရောက်ရှိနေတဲ့ နိုင်ငံခြားသား (expatriates) တွေရဲ့ သားသမီးတွေများကြပါတယ်။ ဥပမာ - ကနေဒါနိုင်ငံကနေ အာရှနိုင်ငံတစ်နိုင်ငံမှာ အလုပ်လာလုပ်သူဟာ သူ့သားသမီးတွေကို ကနေဒါ သင်ရိုးညွှန်းတန်းကို လိုက်တဲ့ Canadian International School လိုမျိုးမှာ ထားလေ့ရှိပါတယ်။ ဒါမှ သူတို့သားသမီးတွေ ကနေဒါနိုင်ငံကို ပြန်ရင် အဲဒီနိုင်ငံမှာ သတ်မှတ်ထားတဲ့ အတန်းတွေကို ချက်ချင်းဝင်နိုင်ခွင့်ရှိမယ်။ တချို့ နိုင်ငံတကာ ကျောင်းတွေ (International Schools) ကျတော့လည်း နိုင်ငံတခုစီအတွက် သီးသန့်မဟုတ်ဘဲ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်မယ့် ပညာရေးမျိုးကို သင်ကြပါတယ်။ အဲလိုကျောင်းတွေမှာတော့ လာတက်တဲ့ ကျောင်းသားတွေရဲ့ လူမျိုးပေါင်း (nationality) ပိုစုံပါတယ်။

အဲလိုကျောင်းတွေ တက်နေတဲ့ကျောင်းသားတွေတွက် တခြားနိုင်ငံကို ပြောင်းရွှေ့တဲ့အခါ သူတို့နောက်ဆုံးတက်ခဲ့တဲ့ ပညာရေးအဆင့်ကို အသိအမှတ်ပြုခံရဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အဲလိုကျောင်းတွေဟာ သူတို့ကျောင်းရဲ့ သင်ကြားရေးစနစ် ၊ သင်ရိုးညွှန်းတန်း ၊ ဆရာ ဆရာမတွေရဲ့ အရည်အချင်းတွေကို အတိုင်းအတာတစ်ခုအထိ အဆင့်အတန်းရှိအောင် ထားလေ့ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ International School လို့နာမည်ခံထားတဲ့ ကျောင်းတိုင်းဟာ အပေါ်က ဖော်ပြခဲ့တဲ့ တခြားနိုင်ငံတွေက နိုင်ငံတကာ ကျောင်းများ (International Schools) တွေလို အဆင့်အတန်းမျိုး ရှိချင်မှရှိကြတာမျိုးကိုတော့ သတိချပ်သင့်ပါတယ်။

ကောလိပ် အကြို သင်တန်းများ နှင့် အဆင့်မြင့် ပညာရေး (Pre-collegiate programs and higher education) အတွက် ဖွင့်လှစ်ထားတဲ့ကျောင်းတွေဟာ မြန်မာနိုင်ငံမှ အထက်တန်းကျောင်းအောင်အပြီး တခြားမှာဆက်လက်တက်ဖို့ ရည်ရွယ်တဲ့လူငယ်တွေ (ဥပမာ - စင်္ကာပူနိုင်ငံမှာ ပေါ်လီ (polytechnic) ၊ တခြားနိုင်ငံတွေမှာ ကောလိပ် (college) လိုမျိုးတွေ) ၊ ဒါမှမဟုတ် နိုင်ငံခြား တက္ကသိုလ်တစ်ခုနဲ့ချိတ်ဆက်ပြီး (affiliated) အဲဒီ တက္ကသိုလ် ဘွဲ့လက်မှတ်ရနိုင်တဲ့ မြန်မာပြည်မှာဖွင့်ထားတဲ့ သင်တန်းကျောင်းတွေမှာ တက်မယ့်လူတွေအတွက် ဖြစ်ပါတယ်။

မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူကျောင်းတွေ (Primary and Secondary Supplementary Schools) ကတော့ ခုနောက်ပိုင်း မြန်မာပြည်မှာ သိသိသာသာများပြားလာပါတယ်။ အဲဒီကျောင်းတွေဟာ သူငယ်တန်းလို (elementary level) ကစပြီး အဆင့်ဆင့်ရှိတဲ့ International School ရဲ့ ကျောင်းစားရိတ် ငွေကြေးပမာဏကို မတတ်နိုင်သူတွေအတွက် ပေါ်ပေါက်လာရသလိုပါပဲ။ အဲလို ကျောင်းတွေဟာ ၁၉၉၀ ခုနှစ်ကျော် ကာလတုန်းကတော့ အစိုးရကျောင်းတွေရဲ့ ပညာရေးကို ဖြည့်စွက်တဲ့ သဘော (supplementary) အနေနဲ့ အစိုးရကျောင်းချိန်တွေအပြီး ညနေပိုင်းတွေ ကျောင်းပိတ်ရက်တွေမှာ သင်လေ့ရှိပါတယ်။ ဒါကြောင့် ဖြည့်စွက်အထောက်ကူအဖြစ် supplementary လို့ ခေါ်ဝေါ်ခဲ့ပါတယ်။ ခုချိန်မှာတော့ အထက်မှာဖော်ပြခဲ့သလို မိဘတွေဟာ သူတို့သားသမီးတွေအတွက် အစိုးကျောင်းကို အားကိုးတာထက် ၊ supplementary schools တွေကိုပဲ မူလတန်း ၊ အလယ်တန်းနဲ့ အထက်တန်းပညာရေးမှာ အဓိကပညာရေးအနေနဲ့ အချိန်ပြည့်ထားပြီး အားကိုးလာတာ မြင်ရပါတယ်။


(၂)

မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) နဲ့ ပတ်သက်ပြီး လက်လှမ်းမှီသလောက် တွေ့ရှိခဲ့တာတွေအပေါ် အခြေခံပြီး အောက်ပါအတိုင်း သုံးသပ်မိပါတယ်။

မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် တွေဟာ ကျောင်းသားတစ်ယောက်တွက် အုတ်မြစ်ချခါစ အစပိုင်း ပညာရေး ဖြစ်တာအပြင် ၊ အခြားသမားရိုးကျ သတ်မှတ် အကဲဖြတ်ထားလေ့ ရှိသော ပေတံများဖြစ်တဲ့ (external assessment factors) နိုင်ငံခြား ၀င်ခွင့်စာမေးပွဲတွေ ၊ ဘွဲ့လက်မှတ် စသည်တို့နဲ့ သုံးသပ်မရတဲ့အတွက် အဲဒီအဆင့်တွေကို ပို့ချပေးနေတဲ့ ကျောင်းရဲ့ ကြီးကြပ်မှု နဲ့ အဲဒီနိုင်ငံ အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနမှ ကြီးကြပ်မှုပေါ်မှာ အရမ်းမူတည်ပါတယ် ။

အဲလို ကျောင်းတွေစပေါ်ပေါက်တုန်းက အဲဒီကျောင်းတွေမှာ သင်နိုင်တဲ့ ဘာသာရပ်တွေကို မြန်မာနိုင်ငံရှိ ပညာရေးဝန်ကြီးဌာနက ချမှတ်ခဲ့ပါတယ် ။ သူတို့စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးလို့ ထင်ရတဲ့ ကျောင်းတချို့ကိုလည်း ပိတ်ပင်ခဲ့တာတွေ ရှိပါတယ် ။ သို့သော် အစိုးရကျောင်းတွေမှာတောင် သေချာ အဆင့်ရှိတဲ့ပညာရေးကို မပေးနိုင်တဲ့ နိုင်ငံမှာ အဲဒီအစိုးရချမှတ်ထားတဲ့ စည်းကမ်းချက်တွေဟာ ဘယ်လောက်တန်ဖိုးရှိနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ ။ ဒါ့အပြင် ခုနောက်ပိုင်းမှာဆိုရင် အဲလို စည်းမျဉ်းစည်းကမ်းတွေတောင် မရှိသလိုဖြစ်လာတဲ့အခြေအနေမှာ ဒီ ပုဂ္ဂလိက (private) ကျောင်းတွေရဲ့ သင်ကြားရေးအဆင့်ကို ကြီးကြပ်မယ့်သူ၊ အဲဒီကျောင်းတွေက ဆရာ ဆရာမတွေရဲ့ အရည်အချင်းကို စစ်ဆေးနိုင်မယ့်သူ ၊ ဘယ်လို သင်ရိုးညွှန်းတန်းကို လိုက်နာနေသလဲဆိုတာ ထိန်းကွပ်နိုင်မယ့်သူ မရှိဘူးလို့ ဆိုနိုင်သလောက်ပါပဲ။

အဲဒီကျောင်းတွေမှာ သင်ကြားတဲ့ နိုင်ငံခြားသား ဆရာ၊ ဆရာမများဟာ တချို့က အနောက်တိုင်း တိုင်းပြည်တွေက ဖြစ်သလို ၊ တချို့ကလည်း မြန်မာပြည်ထက် တိုးတက်နေတဲ့ အရှေ့တိုင်း တိုင်းပြည်တွေကဖြစ်ပါတယ်။ အဲဒီကျောင်းတွေဟာ နာမည်ရှိတာပေါ် မူတည်ပြီး ကျောင်းလခနှုန်းတွေ ယူလေ့ရှိကြတယ်။ မိဘအများစုကတော့ သူတို့ ငွေကြေးအရ တတ်နိုင်သလောက်ရှိတဲ့ ကျောင်းတွေကို ရွေးလေ့ရှိကြပါတယ်။

သူတို့အတွက် အစိုးရကျောင်းထက်စာရင် အင်္ဂလိပ်လိုသင် နိုင်ငံခြားသင်ရိုးညွှန်းတန်းကို လိုက်နေတယ်ဆိုတဲ့ ကျောင်းကတော့ ဘယ်ကျောင်းမဆို သာလွန်မယ်လို့ ထင်မြင်ယူဆကောင်း ယူဆနေပါလိမ့်မယ်။ နိုင်ငံတကာ ပညာရေးပိုင်းကို သေချာ မလေ့လာထားတဲ့ မိဘများအနေနဲ့ကတော့ သူတို့သားသမီးတွေ နိုင်ငံတကာ ဘာသာစကား (international language) တစ်ခုဖြစ်တဲ့ အင်္ဂလိပ်လို သုံးနှုန်းနေနိုင်တာ ၊ ဖတ်လာနိုင်တာကိုပဲ ကောင်းလှပြီလို့ ခံယူချင် ခံယူကြပါလိမ့်မယ်။ ဒါပေမယ့် အင်္ဂလိပ်စကားဆိုတဲ့ ဘာသာစကားတခုကို ကျွမ်းကျင်တာနဲ့ပဲ ဒီကလေးတွေ ပညာရေးအနာဂတ်ဟာ ကောင်းပြီလို့ ဆိုနိုင်ပါသလား။

တကယ်တော့ ကလေးတယောက်ရဲ့ ပညာရေးဟာ သင်ကြားပေးတဲ့ ဆရာ ဆရာမတွေရဲ့ အရည်အချင်း ပေါ်သာမက သင်ရိုးညွှန်းတန်း နဲ့ သင်ကြားပို့ချပေးတဲ့ နည်းစနစ် တွေပေါ်လည်း အများကြီး မူတည်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ပညာရေးမှာ ပညာရေးဝန်ကြီးဌာနတွေက အဲဒီအပိုင်းသုံးပိုင်းကို အဓိကထားပြီး တိုးတက်ဖို့ ၊ အဆင့်အတန်းရှိဖို့ အမြဲ ကြပ်မတ်လုပ်ဆောင်နေကြပါတယ်။

သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ရင် - - ဥပမာအဖြစ် စင်္ကာပူနိုင်ငံရဲ့ သင်္ချာသင်ရိုးညွှန်းတန်းကို အမေရိကန်နိုင်ငံက မူလတန်းကျောင်းတွေမှာ အသုံးပြုတုန်းက ၊ အဲဒီဖတ်စာအုပ်ထဲမှာရှိတဲ့ အရှေ့တိုင်းဆန်တဲ့နာမည်တွေ ၊ ငွေ အသုံးအနှုံးတွေကို အမေရိကန်နိုင်ငံနဲ့ သင့်လျော်မယ့်နာမည်တွေ အသုံးအနှုံးတွေသို့ ပြောင်းလဲစေခဲ့ပါတယ်။ ဒါမှ သင်ယူတဲ့ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့ကြုံနေရတဲ့အရာတွေနဲ့ သင်ခန်းစာတွေကို ဆက်စပ်နိုင်မှာဖြစ်ပါတယ်။

မြန်မာပြည်မှာ အဲလိုလုပ်တာမျိုးမရှိတဲ့အတွက် အထက်ဖော်ပြပါ မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းများ (Primary and Secondary Supplementary Schools) မှာ နိုင်ငံခြားက သင်ရိုးညွှန်းတန်းတွေကို မြန်မာကလေးတွေ ဆက်စပ်နိုင်အောင် သင်ကြားပေးနိုင်ဖို့ လိုအပ်ပါတယ် ။ အဲဒီလိုအပ်ချက်ကိုလည်း နားလည်နိုင်တဲ့ ဆရာ ဆရာမမျိုးတွေ လိုအပ်ပါတယ်။ သည်လိုမဟုတ်ရင်တော့ သင်ခန်းစာတွေကို သေသေချာချာနားလည်မှုမရှိဘဲ “ဒါသင် ဒါကျက် ဒါဖြေ” ဆိုတာမျိုးတွေလည်း အဲဒီကျောင်းတွေမှာလည်း ဖြစ်လာနိုင်ပါတယ်။

သင်ရိုးညွှန်းတန်းကို သေချာ အလေးမထားတဲ့ကျောင်းမှာ ဒါ့ထက်ဆိုးနိုင်တာကတော့ သင်ကြားရေးပိုင်းမှာ သင်ယူသင့်တဲ့ သင်ခန်းစာတွေကို သေချာမသင်ကြားပဲ ကလေးတွေကိုပဲ ပျော်အောင်ထားတဲ့သဘောမျိုး (ဥပမာ - ကဗျာ သီချင်းတွေ ဆိုစေခြင်း ၊ ပုံပြောခြင်း စကားပြောပိုင်းကိုပဲ အလေးပေးခြင်း စသည်ဖြင့်)တွေပဲ ဖြစ်လာနိုင်ပါတယ်။ အဲလိုဖြစ်ခဲ့တယ်ဆိုရင်လည်း အထက်မှာဖော်ပြခဲ့တဲ့ အကိုဝမ်းကွဲလို မိဘမျိုးတွေဟာ သူတို့ကလေးတွေ အင်္ဂလိပ်လို ဆိုနိုင် ပြောနိုင် တာနဲ့ပဲ အားရချင် အားရမိကြလိမ့်မယ်။

နောက်တချက်ကတော့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ကလေးတွေ လူငယ်တွေဟာ “အတုမြင် အတတ်သင်” ဖြစ်တတ်ကြတယ် ။ ဒါကြောင့် သူတို့နဲ့ အမြဲနီးစပ်နေတဲ့ ဆရာ ဆရာမတွေဟာ အတိုင်းအတာ တစ်ခုအထိ စံနမူနာပြကောင်း ဖြစ်သင့်ပါတယ်။ နောက် ဆရာ ဆရာမတွေဟာ သူတို့သင်ကြားနေတဲ့ ကျောင်းသားတွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိပါတယ်

အသိသာဆုံး ဥပမာတခုကတော့ ပုဂ္ဂလိက (private) ကျောင်းတွေမှာ အင်္ဂလိပ်ဘာသာစကားသုံးပြီး သင်ကြားတဲ့အခါ ဆရာ ဆရာမတွေရဲ့ အသံထွက်ကို မြန်မာလူငယ်တွေ ကလေးတွေက “အတုမြင် အတတ်သင်” ဖြစ်နိုင်ပါတယ်။ မြန်မာစကားကို ပြောကြတဲ့အခါ နေရာ ဒေသကိုလိုက်ပြီး အသံနေ အသံထား အသံထွက် ကွဲပြားသလိုပဲ ဘာသာစကားတခုဖြစ်တဲ့ အင်္ဂလိပ်စကားမှာလည်း အဲဒီစကားနဲ့ မွေးတည်းက ကြီးပြင်းခဲ့သူတွေကြားမှာတောင် သူတို့ ကြီးပြင်းတဲ့ နေရာဒေသကို လိုက်ပြီး ကွဲပြားတာ ရှိပါတယ်။ တကယ်လို့ ဆရာ ဆရာမတွေက မိခင်ဘာသာစကား ပြောသူ (native speaker) မဟုတ်ခဲ့ဖူးဆိုရင် ပိုလို့တောင် စကားပြောအသံထွက် ကွဲပြားနိုင်တယ်။ ဒီတော့ အသံထွက် မကောင်းတဲ့ ဆရာ ဆရာမလေသံကိုပဲ အတုယူလိုက်မယ်ဆိုရင် အဲဒီကျောင်းသားအတွက် မှားသွားနိုင်ပါတယ် ။

နောက် ဘာသာရပ်တစ်ရပ်ကို သင်ကြားနေတဲ့ ဆရာမတယောက်ရဲ့ အရည်အချင်းဟာ အဲဒီဘာသာနဲ့ ပတ်သက်ပြီး သင်နိုင်တဲ့ အရည်အချင်း ရှိသလား ၊ ဆရာမ မလုပ်ခင် စာသင်ကြားရေးပိုင်းမှာ သင်တန်းတက်ခဲ့သလား၊ စာသင်ကြားရေးပိုင်းမှာ ဘယ်လောက်လုပ်သက်ရှိခဲ့သလဲ စတာတွေကို ကြီးကြပ်တာ ပုဂ္ဂလိက (private) ကျောင်းတွေရဲ့ လက်ထဲမှာပဲ ရှိပြီး မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက ကြီးကြပ်တာမျိုး လုံးဝမရှိပါဘူး။ အခြားနိုင်ငံတွေမှာ အဲလို ပုဂ္ဂလိက (private) လာဖွင့်တဲ့ ကျောင်းတွေရဲ့ အရည်အသွေးကို အဲဒီနိုင်ငံတွေက ပညာရေးဝန်ကြီးဌာနက အမြဲကြီးကြပ်နေတဲ့အတွက် အဲဒီကျောင်းတွေဟာ အတိုင်းအတာ တစ်ခုအထိ အဆင့်အတန်းရှိတယ်လို့ ယုံကြည်နိုင်စရာရှိပါတယ်။

အဲလို ကြီးကြပ်မှုမရှိတဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ခုလို ပုဂ္ဂလိက (private) ကျောင်းတွေ ၊ အထူးသဖြင့် ၀င်ခွင့်စာမေးပွဲလို အခြားသမားရိုးကျ သတ်မှတ် အကဲဖြတ်ထားတဲ့ ပေတံတွေ မရှိတဲ့ မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) များပြားလာတာဟာ ကျွန်မတို့ မျိုးဆက်သစ်တွေရဲ့ ပညာရေးအခြေအနေအပေါ် အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ်။ အထိန်းအကွပ်မရှိ စီးပွားရေးသမားတွေ ဖွင့်ချင်တိုင်း ဖွင့်နိုင်တဲ့ အခြေအနေ ဖြစ်နေတဲ့ မြန်မာပြည်က ပုဂ္ဂလိက ပညာရေးကဏ္ဍ (Private Education Sector)ဟာလည်း ဈေးကွက်တစ်ခုလို ဖြစ်ထွန်းလာနိုင်တယ်။ မြန်မာပြည်ပညာရေးကို စိတ်ကုန်နေပြီး နိုင်ငံတကာမှာ ၀င်ဆန့်နိုင်တဲ့ ပညာရေးမျိုးကို သားသမီးတွေအတွက် ပေးဖို့ အားတက်သရောရှိလှတဲ့ မိဘတွေဟာ စီးပွားရေးသမားတွေရဲ့ အခွင့်ကောင်းယူခံရတဲ့ အခြေအနေကို ရောက်နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားပညာရေးကို သားသမီးတွေ အနာဂတ်အတွက် ထွက်ပေါက် တစ်ခုလို မြင်မိတဲ့ မိဘတွေဟာ အဲဒီထွက်ပေါက်ကို လိုက်ကြတဲ့အခါ စုံလုံးကန်းပြီး မတိုးမိစေဖို့ အရေးကြီးပါတယ်။

(၃)

ဒီလိုရေး ဒီလိုဖတ် ဒီလိုဖြေ ဆိုတဲ့ ၏ သည် မရွေး ပြန်လည် မေးမြန်းခွင့်မရှိ တသွေမသိမ်း လိုက်နာတာတွေ ပါဝင်တဲ့ မြန်မာပြည်ပညာရေးကို “ကြက်တူရွေး ပညာရေး” လို့ အများက ဆိုစမှတ်ပြုကြပါတယ် ။ မြန်မာပြည် ပညာရေးကို စိတ်ကုန်လာတာနဲ့အမျှ ၊ ကမ္ဘာမှာ အများနည်းတူ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားရင်း မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) မှာရှိတဲ့ ကျောင်းတိုင်းမှပေးတဲ့ ပညာရေးအဆင့်အတန်းမျိုးကို ၊ ကြက်တူရွေးပညာရေးလို ၏ သည် မရွေး စုံလုံးကန်း မလိုက်မိပဲ ၊ ကျောင်းတိုင်းရဲ့ အရည်အသွေးကို ခွဲခြား သိမြင်တတ်ကြဖို့ အရေးကြီးပါတယ် ။ အဲလိုသိမြင်ဖို့ ကျောင်းတိုင်းရဲ့ အခြေအနေကို သေချာ နှိုင်းယှဉ်လေ့လာတာမျိုး ၊ သေချာ မေးမြန်း စစ်ဆေးတာမျိုးတွေ လုပ်သင့်ပါတယ် ။ သည်လိုမဟုတ်ရင်တော့ မြန်မာနိုင်ငံက ကလေးတွေ ခေတ်လူငယ်တွေရဲ့ အနာဂတ်ကောင်းကင်ဟာ စီးပွားရေးသမားတချို့ ချယ်လှယ် အမြတ်ထုတ်နိုင်စရာ ဈေးကွက်တခုသက်သက်သာ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်လို့ ယူဆမိပါတော့တယ်။

ရေးသားသူ - S.S

ကျောင်းသူကျောင်းသားတွေ ဖတ်ဖို့

ကိုသံလွင်

စာမေးပွဲနှင့် စာကျက်မှတ် လေ့လာရခြင်းများသည် ကျောင်းသူ၊ ကျောင်းသားတို့နှင့် အမြဲတမ်း ထိတွေ့နေရသည့် အရာများသာ ဖြစ်သည်။ စာမေးပွဲ ဖြေမည်ဆိုလျှင် နည်းလမ်းတကျ ဖြေဆိုမည်ဆိုပါက အမှတ် ကောင်းကောင်းနှင့် အောင်မြင်နိုင်သလို စာကျက်မှတ် လေ့လာပုံ နည်းလမ်းတကျ ရှိမည်ဆိုလျှင် အခက်အခဲ မရှိ ကျက်မှတ် လေ့လာနိုင်ပေမည်။ ထို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုမှတ်သားနိုင်ရန် ရည်ရွယ်ပြီး စာမေးပွဲဖြေမည်ဆိုလျှင်နှင့် ထူးချွန်သူ ကျောင်းသားတို့၏ စာကျက်မှတ် လေ့လာပုံ ၁၀ မျိုးကို ဗဟုသုတ ရစေရန် အလို့ဌာ ဘာသာပြန် ဖော်ပြပေးထားပါသည်။

စာမေးပွဲဖြေမည်ဆိုလျှင်

စာမေးပွဲဖြေမည်ဆိုလျှင် ကောင်းမွန်စွာဖြေနိုင်ရန်အတွက် မိမိဖြေဆိုရမည့် အကြောင်းအရာ သို့မဟုတ် ဘာသာရပ်အပေါ် နှံ့စပ်သေချာစွာ သိထားဖို့ လိုအပ်မည် ဖြစ်သည်။ သို့ရာတွင် စာမေးပွဲတွင် မိမိ သိရှိလေ့လာထားသည်များကို ဖြေဆိုနိုင်ရန်အတွက် ဖြေဆိုပုံ ဖြေဆိုနည်းမှာ နည်းလမ်းတကျ ဖြစ်မှသာလျှင် အကောင်းဆုံး ဖြေဆိုနိုင်ပေမည်။ DETER ဟု ခေါ်သည့် စာမေးပွဲ ဖြေဆိုပုံ ဖြေဆိုနည်းလမ်းကို မိတ်ဆက် တင်ပြသွားပါမည်။ DETER ဟူသည်မှာ လမ်းညွှန်ချက် (Direction)၊ လေ့လာသုံးသပ်ချက် (Examine)၊ အချိန် (Time)၊ အလွယ်ကူဆုံး (Easiest) နှင့် ပြန်လည် စစ်ဆေးခြင်း (Review) စသည်တို့မှ အစ စကားလုံးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လမ်းညွှန်ချက် (Direction)
-မိမိဖြေဆိုမည့် စာမေးပွဲလမ်းညွှန်ချက်များကို သေချာစွာ ဖတ်ရှုပါ။
-စာမေးပွဲလမ်းညွှန်ချက်များတွင် မရှင်းလင်းသည်များ ရှိပါက ဆရာကို မေးမြန်းပါ။
-စာမေးပွဲလမ်းညွှန်ချက်များကို သေချာစွာ လိုက်နာမှသာလျှင် အမှတ်ကောင်းကောင်း ရနိုင်မည် ဖြစ်သည်။
-စာမေးပွဲလမ်းညွှန်ချက်များကို မလိုက်နာလျှင် သိရှိလေ့လာထားသည်များကို ကောင်းမွန်စွာ ဖြေဆိုနိုင်လိမ့်မည် မဟုတ်ပေ။

လေ့လာသုံးသပ်ချက် (Examine)
-မေးခွန်းလွှာ တစ်ခုလုံးကို ဖတ်ပြီး ဘာတွေ ဖြေဆိုရမည်ကို သေချာစွာ လေ့လာသုံးသပ်ပါ။
-မေးခွန်းလွှာ တစ်ခုလုံးကို သိထားမှသာလျှင် အပိုင်းလိုက် ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ဖြေဆိုရန် လွယ်ကူသွားပေမည်။

အချိန် (Time)
-မေးခွန်းလွှာ တစ်ခုလုံး ဖတ်ရှု လေ့လာ ပိုင်းခြားပြီးလျှင် မေးခွန်းတစ်ခုချင်းစီအတွက် အချိန်မည်မျှ သုံးစွဲမည်ကို ဆုံးဖြတ်ပါ။
-မေးခွန်းများအတွက် အမှတ်ပေးပုံစနစ် မတူညီပါက အမှတ်များများ ပေးထားသည့် မေးခွန်းများအတွက် အချိန်ကို ပိုမို သုံးစွဲရန် စီမံပါ။
-အက်ဆေး မေးခွန်းပါဝင်သည့် စာမေးပွဲများတွင် ထို အက်ဆေး မေးခွန်းကို အချိန် များစွာ သုံး၍ ဖြေဆိုမည်ဆိုလျှင် အခြား မေးခွန်းများအတွက် ဖြေဆိုရန် အချိန်လောက်ငှတော့မည် မဟုတ်သဖြင့် အချိန်ကိုက် ဖြေဆိုနိုင်ရန် အရေးကြီးပါသည်။

အလွယ်ကူဆုံး (Easiest)
-အလွယ်ကူဆုံးဟု ထင်သည့် မေးခွန်းများကို အရင်ဆုံး ဖြေဆိုပါ။
-ခက်ခဲသည့် မေးခွန်းများကို စာမေးပွဲ ဖြေဆိုကာခါစတွင် ဖြေမိပြီး ဆက်လက် ဖြေဆိုနိုင်ခြင်း မရှိတော့လျှင် မေးခွန်းလွှာရှိ အဖြေ သိပြီးသား မေးခွန်းများကိုပါ မဖြေဆိုနိုင်တော့ဘဲ ဖြစ်တတ်သည်။

ပြန်လည်စစ်ဆေးခြင်း (Review)
-အချိန်ကိုက် ဖြေဆိုနိုင်ခဲ့မည်ဆိုလျှင် အဖြေလွှာများကို ပြန်လည်စစ်ဆေးရန်အတွက် အချိန် လုံလောက်စွာ ကျန်ဦးမည် ဖြစ်သဖြင့် အဖြေလွှာများ မှန်မမှန်ကို ပြည့်စုံ တိကျနိုင်သလောက် ပြည့်စုံတိကျအောင် စစ်ဆေးရန် လိုအပ်သည်။
- ထို့ပြင် စားမေးပွဲ လမ်းညွှန်ချက်များကို နောက်တခေါက် ပြန်လည် ဖတ်ရှုပြီး ဖြေဆိုရန်လိုအပ်သည်များကို အားလုံး ဖြေဆိုခဲ့ခြင်း ရှိမရှိ သေချာစွာ စစ်ဆေးပါ။

အထက်ဖော်ပြပါ DETER ဖြေဆိုပုံ ဖြေဆိုနည်းနာများ ကို မမေ့ မလျော့ ကျင့်သုံးမည်ဆိုလျှင် စာမေးပွဲတွင် အမှတ်ကောင်းကောင်းနှင့် အောင်မြင်စေရန် ကူညီစွမ်းဆောင် ပေးနိုင်ပါလိမ့်မည်။

(အင်တာနက်စာမျက်နှာ http://www.how-to-study.com/a-strategy-for-taking-tests.htm ရှိ စာမေးပွဲဖြေဆိုပုံ ဖြေဆိုနည်းလမ်းကို ဆီလျော်အောင် ပြန်ဆိုပါသည်။)

ထူးချွန်သူ ကျောင်းသားတို့၏ စာကျက်မှတ်လေ့လာပုံ ၁၀ မျိုး

ထူးချွန်သူ ကျောင်းသား ကျောင်းသူတို့တွင် စာကျက်မှတ် လေ့လာပုံ အကျင့် စရိုက်ကောင်းများ ရှိကြသည်။ အောက်ပါ စာကျက်မှတ်လေ့လာပုံ ၁၀မျိုးကို ဖတ်ရှုလေ့လာ၍ သင့်ထံတွင် မရှိသေးလျှင် ရအောင် ကျင့်ကြံ ကြိုးစားပါ။

၁။ တထိုင်တည်း စာတွေ အများကြီး ကျက်မှတ်ဖို့ မကြိုးစားပါနှင့်။
စာတွေ အများကြီးကို တထိုင်တည်း ကျက်မှတ်မည်ဆိုလျှင် ပင်ပန်းနွမ်းလျပြီး စာကျက်မှတ်ေ လ့လာခြင်းမှာ ထိရောက်မည် မဟုတ်ပေ။ အချိန် အကြာကြီး မဟုတ်ဘဲ နည်းနည်းစီ ခွဲပြီး ဖတ်မှတ်လေ့လာနိုင်ရန် ကြိုးစားပါ။ ခေတ္တအနားယူခြင်းဖြင့် စိတ်နွမ်းနယ်ခဲ့ရသည်များ ပြန်လည် ပြည့်ဝ လာနိုင်သည်။

၂။ စာကျက်မှတ်လေ့လာချိန် သတ်သတ်မှတ်မှတ်ထားပါ။
စာကျက်မှတ်လေ့လာချိန်ဆိုသည်မှာ ကျောင်းသင်ခန်းစာများနှင့် သက်ဆိုင်သည်များ ပြုလုပ်နေချိန် ဖြစ်သည်။ ဖတ်ရှုရန် ပေးထားသည်များကို ဖတ်မှတ်ခြင်း၊ ရေးသားရန် ရှိသည်များ၊ ပရောဂျတ်များ သို့မဟုတ် စာမေးပွဲအတွက် ကျက်မှတ်လေ့လာခြင်း စသည်တို့ ဖြစ်သည်။ ရက်သတ္တတပတ်လုံးစာအတွက် စာကျက်မှတ်လေ့လာချိန် သတ်သတ်မှတ်မှတ်ထားရှိပါ။

၃။ နေ့စဉ် အချိန်မှန်မှန် စာကျက်မှတ်လေ့လာပါ။
နေ့စဉ် အချိန်မှန်မှန် စာကျက်မှတ်လေ့လာခြင်းဖြင့် အိပ်ခြင်း၊ စားခြင်းတို့ကဲ့သို့ မိမိဘ၀၏ ပုံမှန် အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်လာစေနိုင်သည်။ စာကျက်မှတ် လေ့လာချိန် ရောက်ပြီဆိုလျှင် စာကျက်မှတ်လေ့လာဖို့အတွက် မိမိ၏ စိတ်က အလိုလို အသင့်ဖြစ်နေပေမည်။

၎။ စာကျက်မှတ်ချိန်များနှင့် ပတ်သက်ပြီး ရည်မှန်းချက် တိကျစွာ သတ်မှတ်ထားပါ။
ရည်မှန်းချက်ထားရှိခြင်းသည် အာရုံစိုက်ကာ ကြိုးစားချင် စိတ်ရှိအောင် ကူညီစွမ်းဆောင်နိုင်သည်။ စာကျက်ရဦးမည်ဟု တွေးကာ ထိုင်ပြီး စာကျက်မှတ်နေရုံသက်သက်ဆိုလျှင် အကျိုး များစွာ ဖြစ်ထွန်းလိမ့်မည် မဟုတ်ပါ။ ဘာကိုတော့ဖြင့် ပြီးအောင် ဖတ်လိုက်မည်၊ ဘာကိုတော့ဖြင့် သိသွားအောင် ယခု စာကျက်မှတ်ချိန်အတွင်း ကျက်မှတ်လိုက်မည်ဟု တိကျစွာ သတ်မှတ်ထားသင့်ပေသည်။

၅။ စာကျက်မှတ်ရန် သတ်မှတ်ထားချိန်တွင် စလုပ်ပါ။
သင်ခန်းစာများ ခက်ခဲသည်ဖြစ်စေ၊ သင်ခန်းစာများအား ပြုလုပ်လိုခြင်း မရှိလျှင် ဖြစ်စေ သတ်မှတ်ထားချိန်ထက် နောက်ကျကာ စာကျက်မှတ်ချင်စိတ်များ ဖြစ်ပေါ်နေတတ်သည်။ ထိုသို့ ဖြစ်ပြီဆိုလျှင် အချိန်မီ စာကျက်မှတ်ပြီးဆုံးနိုင်ရန်လည်း ခဲယဉ်းပေလိမ့်မည်။ ထို့ပြင် နောက်ကျမှ စာကျက်မှတ်ခဲ့ရသဖြင့် အချိန်မီ ကျက်မှတ်ပြီးစီးအောင် အလောသုံးဆယ် လုပ်မိသည့်အခါတွင် အမှားအယွင်းများ ပြုလုပ်မိတတ်သည်။

၆။ အခက်ခဲဆုံး သင်ခန်းစာအား အရင်ဆုံး လုပ်ပါ။
အခက်ခဲဆုံး သင်ခန်းစာအား ပြုလုပ်ရန်အတွက် အားစိုက်ထုတ်မှု အများဆုံး လိုအပ်ပေမည်။ ထို့ကြောင့် စာကို စတင် ကျက်မှတ်လေ့လာချိန်သည် စိတ်စွမ်းအားအမြင့်မားဆုံး အချိန် ဖြစ်သဖြင့် ထိုအချိန်တွင် အခက်ခဲဆုံး သင်ခန်းစာများကို အရင်ဆုံး ပြုလုပ်သင့်ပါသည်။

၇။ သင်ခန်းစာများအား မပြုလုပ်မီ မှတ်သားထားသည်များကို ပြန်လည်ဖတ်ရှုပါ။
စာသင်စဉ်အတွင်း မှတ်သားထားသည်များကို ပြန်လည်ဖတ်ရှုခြင်းသည် ၎င်းနှင့် သက်ဆိုင်သည့် သင်ခန်းစာများအား မှန်ကန်စွာပြုလုပ်နိုင်ရန်အတွက် အထောက်အကူပြုသည်။ ထို့ပြင် ထိုမှတ်သားထားသည်များတွင် သင်ခန်းစာများ ဖြေဆိုနိုင်ရန် အချက်အလက်များပင် ပါဝင်ကောင်း ပါဝင်နေလိမ့်မည်။

၈။ စာကျက်မှတ်လေ့လာနေချိန်တွင်သူငယ်ချင်းများအား ဖုန်းခေါ်ဆိုခြင်း မပြုရန် ကြိုတင် ပြောဆိုပါ။
စာကျက်မှတ်လေ့လာနေစဉ် သူငယ်ချင်းများ ဖုန်းခေါ်ပြီဆိုလျှင် ပြဿနာ နှစ်ရပ်ဖြစ်ပွားလေ့ရှိသည်။ ပထမအချက်မှာ စာကျက်ပျက်ခြင်း ဖြစ်ပြီး နဂိုမူလက စာကျက်မှတ်နေသည့် ဈာဉ်ကို ပြန်ဝင်အောင် ကြိုးစားရသည်မှာ မလွယ်ကူပါ။ ဒုတိယအချက်မှာ သင်ကျက်မှတ်လေ့လာရန် လိုအပ်သည့်အရာများနှင့် ပတ်သက်၍ သူငယ်ချင်းက မလုပ်ဖြစ်အောင် ဆွယ်ချင် ဆွယ်ပါလိမ့်မည်။ အကြံပေးလိုသည်မှာ စာကျက်မှတ်လေ့လာနေချိန်အတွင်း ဖုန်းကို ပိတ်ထားဖို့ပဲ ဖြစ်သည်။

၉။ သင်ခန်းစာတစ်ခုကို တစ်ဦးတစ်ယောက်တည်း ပြုလုပ်ခြင်းငှာ မစွမ်းသာလျှင် သူငယ်ချင်းတစ်ဦးနှင့် အတူ စာကျက်မှတ်လေ့လာပါ။
“ခေါင်းနှစ်လုံးက ခေါင်းတစ်လုံးထဲထက် သာသည်” ဆိုသည့်အတွက် ရံဖန်ရံခါတွင် သူငယ်ချင်းတစ်ဦးနှင့် ထိုသို့ လေ့လာကျက်မှတ်ပါ။

၁၀။ ရက်သတ္တပတ်ကုန်ဆုံးပြီဆိုတာနှင့် သင်ခန်းစာများကို ပြန်လည် ဖတ်ရှုမှတ်သားပါ။
ရက်သတ္တပတ်ကုန် ရက်များသည် ပျော်ရွှင်ဖို့ ကောင်းသည့် အချိန်များ ဖြစ်သည်မှာ မှန်ပါသည်။ သို့သော် သင်ခန်းစာများကို ပြန်လည်နွှေးရန် ဖတ်ရှုမှတ်သားရန်လည်း လိုအပ်ပါသည်။ သို့မှသာ တနင်္လာနေ့တွင် ကျောင်းပြန်တက်ရသည့်အခါတွင် အရန်သင့် ဖြစ်နေပေမည်။

(အင်တာနက်စာမျက်နှာ http://www.how-to-study.com/study-habits.htm ရှိ ထူးချွန်သူ ကျောင်းသားတို့၏ စာကျက်မှတ်လေ့လာပုံ ၁၀ မျိုးကို ဆီလျော်အောင် ပြန်ဆိုပါသည်။)

ကိုသံလွင

သိထားသင့်တဲ့ စင်ကာပူ (၃)
မောင်ပွတ်
သံလွင်အိပ်မက် မဂ္ဂဇင်းမှာ စင်ကာပူနိုင်ငံနဲ့ ပတ်သတ်ပြီး သိထားသင့်တာတွေ၊ မလာခင်ကတည်းက သတိပြုသင့်တာလေးတွေကို ဆောင်းပါးရေးပြီး တင်ဆက်လာတာ အခုဆို အပိုင်း (၃) ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ တကယ်တော့ ဒီဆောင်းပါးတွေဟာ ကျွန်တော် သိလွန်း၊ တတ်လွန်းလို့ ဆရာလုပ်ရေးနေတာ မဟုတ်ဘူးဆိုတာကို နားလည်ပေးစေချင်ပါတယ်။ သိချင်တဲ့လူ၊ ဗဟုသုတလိုချင်လို့ ရှာဖွေ ဖတ်ရှုနေသူတွေများရှိခဲ့ရင် ဒီဆောင်းပါးတွေဟာ တဖက်တလမ်းက အကျိုးပြုပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့သာ ကျွန်တော် ဒီဆောင်းပါးတွေ ရေးဖြစ်နေတာ ဖြစ်ပါတယ်။ ဒီလထုတ် သံလွင်အိပ်မက်မဂ္ဂဇင်းမှာ ပညာရေးအသားပေးကဏ္ဍတွေ ဦးစားပေး ဖော်ပြမယ်ဆိုတဲ့အတွက် ဒီမူနဲ့ ညီအောင်၊ မကြာခင်ပဲ ဆယ်တန်းဖြေပြီး ဘဝအတွက် ရည်ရွယ်ချက်ကြီးကြီးတွေ ထားကြတော့မယ့် ညီ၊ ညီမတွေ အသုံးဝင်အောင် စင်ကာပူနိုင်ငံရဲ့ ပညာရေးစနစ်ကို လက်လှမ်းမီသလောက် တင်ဆက်ပေးလိုက်ပါတယ်။

ပညာရေးစနစ်

ဝန်ကြီးချုပ်လီကွမ်ယူး လက်ထက်ကစပြီး နိုင်ငံကို ခေတ်အဆက်ဆက် အုပ်ချုပ်လာတဲ့ စင်ကာပူအစိုးရအဖွဲ့မှာ ပညာတတ်လူကြီး၊ လူငယ်တွေ အမြောက်အမြား ပါဝင်တာကြောင့် ပညာရေးကို အထူးပဲ အားပေးပါတယ်။ စင်ကာပူဟာ နိုင်ငံရဲ့ ပညာအဆင့်အတန်းနဲ့ အခြေခံပညာရေး အဆောက်အအုံတွေကို ဒေသတွင်း အဆင့်သာမက အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ မျှော်မှန်းပြီး ရေရှည်စီမံကိန်းတွေချမှတ် ပုံဖော်နိုင်ခဲ့တာကြောင့် လက်ရှိစင်ကာပူပညာရေးဟာ ကမ္ဘာကို ရင်ဘောင်တန်းပြီး အာရှမှာတော့ ထိပ်တန်းပညာရေး နိုင်ငံအဖြစ် ပုံဖော်နိုင်နေပြီ ဖြစ်ပါတယ်။


စင်ကာပူရဲ့ အခြေခံပညာအဆင့်ကို Primary နဲ့ Secondary ဆိုပြီး အဓိက ၂ ပိုင်းခွဲထားပါတယ်။ Primary ဟာ မတက်မနေရ ၆ နှစ်တက်ရမှာဖြစ်ပြီး ပထမ ၄ နှစ်ကို Foundation (အခြေခံအဆင့်) လို့ သတ်မှတ်ပါတယ်။ အဲဒီ ၄ နှစ်အတွင်းမှာ အင်္ဂလိပ်စာ၊ မိခင်ဘာသာစကား (တရုတ်၊ မလေး၊ တမီးလ်) နဲ့ သင်္ချာတို့ကို အဓိကထားပြီး သင်ကြားပါတယ်။ အခြားဘာသာရပ်တွေအနေနဲ့ စာရိတ္တ၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ အားကစား စတဲ့ ကလေးငယ်တွေ သိထားသင့်တဲ့ အခြေခံဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ သိပ္ပံဘာသာရပ်တွေကိုတော့ P3 လို့ခေါ်တဲ့ တတိယနှစ်ကစပြီး သင်ပေးပါတယ်။ Primary ၆ နှစ်ရဲ့ နောက်ဆုံး ၂ နှစ်ကိုတော့ Orientation (Secondary အတွက် မိတ်ဆက်အဆင့်) လို့သတ်မှတ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက ပထမ ၄ နှစ်ပြီးရင် ကျောင်းသားတွေရဲ့ စွမ်းဆောင်မှုကို ကြည့်ပြီး သင့်တော်တဲ့ အတန်းတွေ ထပ်မံခွဲခြားလိုက်ပြီး လက်ကျန် ၂ နှစ်မှာ သင်ရိုးလည်း နည်းနည်းကွာသွားတာကို တွေ့ရပါတယ်။ EM1, EM2 နဲ့ EM3 (English and Mother Tongue at 1st, 2nd and 3rd language) ဆိုပြီး အဆင့် ၃ ခုခွဲပြီး သင်ကြားပေးပါတယ်။ ဒီ Primary ကလေးတွေရဲ့ နောက်ဆုံးစာမေးပွဲကြီးကတော့ PSLE လို့ အတိုကောက်ခေါ်တဲ့ Primary School Leaving Examination ပဲဖြစ်ပါတယ်။ ဒီစာမေးပွဲက ရလဒ်ကိုအခြေခံပြီး ကလေးတွေဟာ Secondary မှာ မတူညီတဲ့ သင်ရိုးတွေကို သင်ကြားရမှာဖြစ်လို့ ဒီစာမေးပွဲဟာ အလွန်ပဲ အရေးကြီးလှပါတယ်။

Primary မှာ ၆ နှစ်သင်ကြားပြီးလို့ စာမေးပွဲကြီးပြီးတဲ့အခါမှာ Secondary ကို တက်ရောက်ခွင့်ရကြပါတယ်။ အခြေခံအားဖြင့် Secondary ကို Express (အထူးတန်း) ၊ Normal (Academic) (သာမန်ပညာရေး) နဲ့ Normal (Technical) (သာမန်အသက်မွေးဝမ်းကျောင်း) ဆိုပြီး ၃ ခုခွဲထားပါတယ်။ ဒီ ၃ ခုအပြင် Special ဆိုတဲ့အတန်းတစ်ခုလည်း ရှိပါသေးတယ်။ Special နဲ့ Express ရဲ့ အဓိကကွာခြားချက်က မိခင်ဘာသာစကားကို ပုံမှန်ပဲသင်မလား၊ အဆင့်မြင့်သင်မလားဆိုတာပဲကွာလို့ အသေးစိတ်မရှင်းပြတော့ပါဘူး။ စင်ကာပူ ပညာရေးကို လေ့လာမယ်ဆိုရင် ဒီ Secondary အဆင့်ဟာ အရှုပ်ထွေးဆုံးလို့ ပြောလို့ရပါတယ်။ ပထမဆုံး Express ကိုရှင်းပြပါမယ်။

Express အတန်းကို တက်ခွင့်ရသူတွေဟာ PSLE မှာ အမှတ်အကောင်းဆုံးနဲ့ အောင်ကြတဲ့ ကလေးတွေဖြစ်ပါတယ်။ Secondary (Express) ကို ၄ နှစ်တက်ရပြီး နောက်ဆုံးအတန်းတင်စာမေးပွဲကတော့ GCE 'O' Level စာမေးပွဲပဲဖြစ်ပါတယ်။ မသင်မနေရဘာသာတွေကတော့ အင်္ဂလိပ်စာ၊ သချာင်္နဲ့ မိခင်ဘာသာစကားတို့ပဲဖြစ်ပါတယ်။ တကယ်လို့ မိခင်ဘာသာစကားကို အဆင့်မြင့် (Higher Mother Tongue) မဟုတ်ဘဲ သာမန်ပဲသင်ယူခဲ့မယ်ဆိုရင် GCE 'O' Level ပြီးတဲ့အခါ Polytechnic ဒါမှမဟုတ် Junior College တို့မှာ မိခင်ဘာသာစကား တစ်နှစ်ထက်တက်ရမှာ ဖြစ်ပါတယ်။ Secondary ကျောင်းသားတွေဟာ မသင်မနေရဘာသာတွေအပြင် သိပ္ပံဘာသာတွဲကိုလည်း တက်ကြလေ့ရှိပါတယ်။

နောက်ထပ် Secondary တစ်မျိုးကတော့ Normal (Academic) ပဲဖြစ်ပါတယ်။ ဒီအတန်းကို တက်ကြတဲ့ ကျောင်းသားတွေဟာ Express ကျောင်းသားတွေလောက် အမှတ်မကောင်းခဲ့သူတွေ ဖြစ်ပါတယ်။ Normal (Academic) ကိုလည်း ၄ နှစ်တက်ရပြီး ဒီအဆင့်ရဲ့ နောက်ဆုံးစာမေးပွဲကြီးကတော့ GCE 'N' Level ဖြစ်ပါတယ်။ တကယ်လို့ 'N' Level မှာ အမှတ်ကောင်းတယ်ဆိုရင်တော့ 'O' Level ကို တက်ခွင့်ရှိပါတယ်။ (ဒါကြောင့် တချို့က ၅ နှစ်တက်ရတယ်လို့ 'O' Level အထိမှန်းပြီး ပြောကြပါတယ်) အမှတ်မမီရင်တော့ ITE လို့ခေါ်တဲ့ အစိုးရအသိအမှတ်ပြု နည်းပညာအောင်လက်မှတ်တန်းတွေကို တက်ရမှာဖြစ်ပါတယ်။

နောက်ဆုံး Secondary တစ်မျိုးကတော့ Normal (Technical) ပဲဖြစ်ပါတယ်။ ဒီမှာလည်း ၄ နှစ်တက်ရပြီး နောက်ဆုံးစာမေးပွဲကြီးက GCE 'N' Level ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုင်းကအောင်လာတဲ့ ကျောင်းသားတွေဟာ 'O' Level ဖြေဆိုခွင့်မရှိဘဲ ITE ကိုသာ တက်ရပါတယ်။ Normal (Academic) နဲ့ Normal (Technical) တို့ဟာ 'N' Level ဖြေတာချင်းတူပေမယ့် သင်ရိုးတွေမတူပါဘူး။ Academic မှာ ပညာရေးနဲ့ ဘာသာရပ်ဆိုင်ရာတွေကို ဦးစားပေးသင်ကြားလေ့ရှိပြီး Technical မှာ အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုမယ့် ဘာသာရပ်တွေများပါတယ်။ Secondary ၃ မျိုးမှာ ထူးချွန်ရင် ထူးချွန်သလို အတန်း ကူးပြောင်းတက်ခွင့်ရှိပါတယ်။

Secondary ကျောင်းသားတွေဟာ သူတို့ရဲ့ GCE 'O' ဒါမှမဟုတ် 'N' Level အမှတ်ပေါ်မူတည်ပြီး Poly တက်မယ်၊ JC တက်မယ်၊ ဒါမှမဟုတ် GCE 'A' Level ဆက်တက်မယ်ဆိုတာ ဆုံးဖြတ်ရပါတယ်။ ဒီနေရာမှာ အမှတ်ပေးပုံစံလေးကိုလည်း တင်ပြချင်ပါတယ်။ စင်ကာပူရဲ့ GCE စာမေးပွဲတွေဟာ အင်္ဂလန်နိုင်ငံက Cambridge University နဲ့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။ စင်ကာပူလို နိုင်ငံအခြေအနေနဲ့ အဖြေလွှာတွေကို ပြည်တွင်းမှာပဲ အမှတ်ခြစ်နိုင်ပေမယ့် ဘာသာအများစုကို အင်္ဂလန်ပို့ပြီး မိခင်တက္ကသိုလ်ကြီးမှာ ခြစ်စေပါတယ်။ ဒါကြောင့် စာမေးပွဲအောင်သူတွေဟာ အလွန်ပဲ ဂုဏ်ယူကြပါတယ်။ အမှတ်ပေးစနစ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • A1/A2 (Distinction)
  • B3/B4 (Merit)
  • C5/C6 (Credit/Pass)
  • D7 (Sub-Pass/fail, that is, passing at a lower standard in the exam or fail)
  • E8/F9 (Fail)
A,B,C တွေရဲ့ နောက်က ၁၊၂၊၃ တွေဟာ သူတို့ရဲ့ အမှတ်တွေဖြစ်ပါတယ်။ GCE စာမေးပွဲတွေပြီးလို့ Post-Secondary ကျောင်းတွေ (ဥပမာ။ Poly) တက်မယ်ဆိုရင် L1R5 ဒါမှမဟုတ် L1R4 စသည်ဖြင့်သတ်မှတ်ပြီး တောင်းပါတယ်။ L ဆိုတာက ဘာသာစကား (အင်္ဂလိပ် သို့မဟုတ် အခြားမိခင်ဘာသာစကား) ဖြစ်ပြီး R ကတော့ သက်ဆိုင်ရာ အခြားအကောင်းဆုံး ဘာသာရပ်များဖြစ်ပါတယ်။ တစ်ခု သိထားရမှာက အမှတ်ပေါင်းနည်းလေ၊ ကောင်းလေဖြစ်ပါတယ်။ ဥပမာ L1R4 ကို ၁၈ တောင်းတယ်ဆိုရင် ဘာသာစကားနဲ့ အခြား ဆက်စပ်ဘာသာတွေထဲက အကောင်းဆုံး ၄ ခုပေါင်းဟာ ၁၈ မှတ်ထက်ကျော်လို့မရပါဘူး။ အများဆုံး ၁၈ ဖြစ်ရမယ်လို့ဆိုလိုပါတယ်။ စာမေးပွဲတွေကို အစိုးရကျောင်းသားအနေနဲ့ တစ်ကြိမ်သာ ဖြေခွင့်ရှိပြီး အမှတ်မကောင်းလို့ နောက်တစ်ကြိမ်ဖြေခွင့်မရပါဘူး။ နောက်တစ်ကြိမ်ဖြေချင်သူတွေ၊ စာမေးပွဲ ၂ ခုခွဲဖြေချင်သူတွေကတော့ အပြင်ပုဂ္ဂလိက ကျောင်းတွေမှာ တက်ပြီး Private Candidate အနေနဲ့ ဖြေခွင့်ရှိပါတယ်။ အဲဒီကအမှတ်ကိုလည်း အစိုးရကျောင်းက အမှတ်လိုပဲ အသုံးချနိုင်ပါတယ်။

မြန်မာတွေနဲ့ မစိမ်းလှတဲ့ Polytechnic တွေ၊ Junior College တွေ စတာတွေကို Post-Secondary လို့ခေါ်ပါတယ်။ တက္ကသိုလ်မတက်ခင် တက်ကြရတာပါ။ မြန်မာ့ပညာရေးနဲ့ အဓိကကွာဟနေတဲ့ အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဆယ်တန်းအောင်ရင် တက္ကသိုလ်တက်ခွင့်ရပါတယ်။ Y.T.U (ယခင် Y.I.T ) ကို တက်ချင်ရင်တော့ G.T.C (ယခင် G.T.I) က တဆင့်ဝင်ရတာမျိုးတော့ ရှိတတ်ပါတယ်။ GCE 'O' Level မှာ Poly ဝင်ခွင့်အတွက် သက်ဆိုင်ရာ ဘာသာရပ်တစ်ခုချင်းစီမှာ လိုအပ်တဲ့ အမှတ်တွေရရင် ၃ နှစ်တက်ရတဲ့ Poly Diploma Course ကို တက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာတွေ သိကြတဲ့အတိုင်း စင်ကာပူမှာ Poly ၅ ကျောင်းရှိပြီး Republic Poly ကတော့ နောက်ဆုံးဖွင့်လှစ်လိုက်တဲ့ ကျောင်းပဲဖြစ်ပါတယ်။ Poly တွေမှာ ယခင်က Engineering တွေကိုပဲ အဓိကထားသင်ကြားခဲ့ကြပေမယ့် ခုတော့ Business, Art စတဲ့ ဘာသာရပ်တွေကိုလည်း ကမ္ဘာ့အဆင့်မီ သင်ကြားပေးနေပြီဖြစ်ပါတယ်။ Poly သင်ရိုးညွှန်းတမ်းတွေဟာ 'O' Level နဲ့ 'A' Level ကို အခြေခံထားတာဖြစ်ပါတယ်။

'O' Level အောင်ပြီးသူတွေအတွက် အခြားနည်းလမ်းတစ်ခုကတော့ Junior College နဲ့ Centralised Institute မှာ တက်ရောက်သင်ကြားခြင်းပဲ ဖြစ်ပါတယ်။ JC ဝင်ခွင့်ရဖို့အတွက် L1R5 အမှတ် ၂၀ နဲ့အောက်ရဖို့လိုပြီး CI ဆိုရင် L1R4 အမှတ် ၂၀ နဲ့အောက်ရဖို့လိုပါတယ်။ အဲဒီ ကျောင်းတွေမှာတော့ GCE 'A' နဲ့ ညီမျှတဲ့ ပညာရေးကို ၂ နှစ်ကြာသင်ကြားပါတယ်။ နောက်ဆုံး စာမေးပွဲကြီးကတော့ Cambridge ကစစ်တဲ့ GCE 'A' Level ပဲဖြစ်ပါတယ်။

'A' Level ဒါမှမဟုတ် Poly ပြီးသူတွေဟာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြပါတယ်။ စင်ကာပူမှာ အဓိက တက္ကသိုလ်ကြီး ၄ ခုရှိပြီး ၂ ခုက အစိုးရပိုင်ဖြစ်ပြီး ၂ ခုက ပုဂ္ဂလိကပိုင်ဖြစ်ပါတယ်။ အစိုးရပိုင် တက္ကသိုလ်ကြီး ၂ ခုဖြစ်တဲ့ National University of Singapore (NUS) နဲ့ Nanyang Technological University (NTU) တို့ဟာ နာမည်ကြီးသလောက် အဆင့်အတန်း၊ သင်ရိုး၊ ကျောင်းအဆောက်အဦး၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးတွေဟာလည်း ကမ္ဘာ့အဆင့်မှာ ရှိပါတယ်။ ကျောင်းတစ်ကျောင်းစီကို တစ်နှစ် ကျောင်းသားအင်အား ၂ သောင်းလောက် လက်ခံသင်ကြားပေးနေပြီး ဒေါက်တာဘွဲ့အထိ သင်ကြားနိုင်ပါတယ်။ Resarch & Development အတွက်လည်း အများကြီး စီမံပေးထားပါတယ်။ NUS ဆိုရင် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၅၀ စာရင်းဝင်တယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ ဂုဏ်ယူစရာကောင်းတာက အဲဒီလို တက္ကသိုလ်ကြီးတွေမှာ မြန်မာအမြောက်အမြားဟာ ဘွဲ့အမျိုးမျိုးကို ဆွတ်ခူးခဲ့ကြပြီးသလို ဆက်လက်သင်ယူနေကြတုန်း ဖြစ်နေတာပါပဲ။ စင်ကာပူ တက္ကသိုလ်ကြီး ၄ ခု အနက်က ပုဂ္ဂလိကပိုင် ၂ ခုကတော့ Singapore Management University (SMU) နဲ့ Singapore Institute of Management (UniSIM) တို့ပဲ ဖြစ်ပါတယ်။ SMU ကို ၂၀၀၀ ပြည့်နှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ပုဂ္ဂလိက ပိုင်ဆိုပေမယ့် အစိုးရက ငွေကြေးအလုံးအရင်း ထောက်ပံ့ပေးထားပြီး အဆင့်မီတက္ကသိုလ်ဖြစ်စေပါတယ်။ UniSIM ကတော့ Adult Learner လို့ခေါ်တဲ့ လုပ်ငန်းအတွေ့အကြုံရှိပြီးသူ၊ ကျောင်းသားအရွယ်ကို လွန်လာသူတွေကိုသာလက်ခံပါတယ်။

အထက်မှာ ဖော်ပြထားတာတွေကတော့ အစိုးရရဲ့ အခြေခံပညာကနေ ဘွဲ့ရတဲ့အထိပညာသင်ကြားရေး လမ်းကြောင်းပဲဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံခြားတက္ကသိုလ်တွေရဲ့ နိုင်ငံခြားကျောင်းခွဲတွေ၊ ပုဂ္ဂလိကကျောင်းနဲ့ အကယ်ဒမီတွေလည်း အများအပြားရှိပါတယ်။ MDIS, BMC, TMC, SAA, Kaplan စတဲ့ကျောင်းတွေဆို မြန်မာတွေနဲ့ ရင်းနှီးတဲ့ ပုဂ္ဂလိကကျောင်းတွေပဲဖြစ်ပါတယ်။ အဲဒီကျောင်းတွေမှာလည်း နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်တွေ ရနိုင်ပါတယ်။ ပုဂ္ဂလိကကျောင်းတွေအနေနဲ့ Course တစ်ခုကို သင်ကြားပေးချင်တယ်ဆိုရင် MOE လို့ခေါ်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြု လက်မှတ်လိုပါတယ်။ Diploma ပဲဖြစ်ဖြစ်၊ ၂ ရက်လောက်ပဲ တက်ရတဲ့ ရက်တိုသင်တန်းလေးဖြစ်ဖြစ် MOE မှာ မှတ်ပုံတင်ရပါတယ်။ အဲဒီအချက်ကလည်း စင်ကာပူပညာရေး အဆင့်အတန်းကို အကျမရှိအောင် ထိန်းထားစေပါတယ်။

နောက်ထပ်ဖော်ပြချင်တာကတော့ မြန်မာတွေအနေနဲ့ စင်ကာပူကျောင်းတွေကို ဘယ်လိုတက်ရောက်နိုင်တယ်ဆိုတာပါပဲ။ အရင်က မြန်မာတွေဟာ Poly တက်ဖို့သာ အဓိက အာရုံစိုက်နေခဲ့ကြပေမယ့် ၁၉၉၀ ပြည့်နှစ်များရဲ့ နှောင်းပိုင်းကစလို့ Secondary ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ အပြင်ပုဂ္ဂလိကကျောင်းတွေမှာလည်း ပညာသင်ကြားလာကြပါတယ်။ ငွေကြေးတတ်နိုင်သူတွေ၊ လူခံကောင်းကောင်းရှိသူတွေက ကလေးငယ်တွေကို Secondary က စပြီး စင်ကာပူပညာရေးနဲ့ ရင်းနှီးစေခဲ့ကြပါတယ်။ တကယ်လို့ ကလေးငယ်တွေကို Primary ဒါမှမဟုတ် Secondary ကျောင်းလာတက်စေချင်တယ်ဆိုရင် ပြည်တွင်းအောင်လက်မှတ်တွေနဲ့တကွ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကျောင်းကို တင်ပြရပါတယ်။ ကျောင်းကလက်ခံတဲ့အခါမှာ အင်္ဂလိပ်စာနဲ့ သင်္ချာကို ဝင်ခွင့်ဖြေရပါတယ်။ (တချို့ကျောင်းတွေကတော့ သိပ္ပံဘာသာတွဲကိုလည်း ဖြေခိုင်းပါတယ်) အဲဒီအဖြေပေါ်မူတည်ပြီး ဘယ်အဆင့်က စတက်ရမယ်ဆိုတာ ဆုံးဖြတ်ပါတယ်။ အဲဒီနောက်တော့ Student Pass လျှောက်ထားပေးပါတယ်။ အဲဒီနောက်မှာတော့ စင်ကာပူ ပညာရေးရေစီးကြောင်းတလျှောက် တဆင့်ပြီး တဆင့်တက်သွားရုံပါပဲ။

Poly တက်ချင်သူတွေအတွက်ကတော့ လမ်းရိုးကြီးတွေဟာ အလုပ်ဖြစ်ဆဲလို့ ဆိုရမှာပါ။ မြန်မာပြည်က Poly အသိအမှတ်ပြု Agent တွေကနေ တဆင့် ဝင်ခွင့်ဖြေပြီး တက်ရောက်ခွင့်ရကြတာဟာ အသုံးဝင်နေဆဲပဲဖြစ်ပါတယ်။ ကုန်ကျစရိတ်ပိုများတယ်ဆိုပေမယ့် အစစအရာရာ စီစဉ်သင်ပြပေးလို့ စင်ကာပူနဲ့ စိမ်းသေးရင် အဲဒီနည်းလမ်းက အလွယ်ဆုံးပါပဲ။ နောက်တမျိုးကတော့ Online ကနေလျှောက်လွှာတင်၊ ကျောင်းကလက်ခံရင် စင်ကာပူမှာ ဝင်ခွင့်လာဖြေလို့ရပါတယ်။ ဝင်ခွင့်ရဖို့အတွက် ဆယ်တန်းမှာ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံတွေမှာ အမှတ်ကောင်းဖို့ လိုပါတယ်။ ဝင်ခွင့်ရတဲ့အခါမှာလည်း အစိုးရ ပညာသင်စရိတ်ထောက်ပံ့တဲ့အတွက် ရာခိုင်နှုန်းအနည်းငယ်ကိုသာ ကျောင်းသားကပေးရပါတယ်။ တကယ်တော့ အဲဒီအနည်းငယ်ဟာ မိဘတွေအတွက် မနည်းလှသေးပါဘူး။ ထောက်ပံ့ကြေးယူသူတွေဟာ Poly ပြီးတဲ့အခါ စင်ကာပူမှာ ၃ နှစ်ပြန်အလုပ်လုပ်ပေးပါမယ်ဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးရပါတယ်။ အလုပ်စဝင်တာနဲ့ ကျောင်းကနေ PR လျှောက်ထားခွင့်ပေးပါတယ်။ ဒါကြောင့် Poly လမ်းကြောင်းဟာ ဖြောင့်ဖြူးဆဲပဲလို့ ဆိုလို့ရပါတယ်။

Poly အပြင် အစိုးရကျောင်းတက်ချင်သူတွေ အနေနဲ့ မာစတာနဲ့ ဘွဲ့လွန်ဒီပလိုမာတန်းတွေ ရှိပါသေးတယ်။ ထင်ရှားတဲ့ ကျောင်း ၂ ခုကတော့ ISS လို့ခေါ်တဲ့ NUS လက်အောက်ခံ IT Diploma တန်းနဲ့ NTU က မာစတာဘွဲ့တန်းတွေပဲဖြစ်ပါတယ်။ ISS ကို Internet ကနေ တိုက်ရိုက်လျှောက်ထားနိုင်ပြီး ရေးဖြေဝင်ခွင့်စာမေးပွဲနဲ့ လူတွေ့ သို့မဟုတ် ဖုံးအင်တာဗျူးဖြေရပါတယ်။ သင်တန်းကာလတစ်နှစ်ဖြစ်ပြီး Poly လိုပဲ ကျောင်းပြီးတဲ့အခါ PR လျောက်ဖို့ offer letter ရပါတယ်။ NTU က ပေးတဲ့ မာစတာဘွဲ့ သင်တန်းတွေမှာ IT နဲ့ ဆက်စပ်နေတဲ့ ဘာသာခွဲပေါင်းများစွာအပြင် အင်ဂျင်နီယာ၊ ဒီဇိုင်းနဲ့ သိပ္ပံဘာသာရပ်များစွာကို လျှောက်ထားနိုင်ပါတယ်။ အစိုးရက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ချေးငွေ ပေးတဲ့အတွက် အဆင်ပြေပါတယ်။ အစိုးရကျောင်းတွေဖြစ်တဲ့အတွက် Student Pass အတွက် ပူစရာမလိုပါဘူး။ ပူစရာလိုတာက ပုဂ္ဂလိကကျောင်းတွေမှာဖြစ်ပါတယ်။

ပုဂ္ဂလိကကျောင်းတော်တော်များများဟာ အစိုးရရဲ့ နိုင်ငံတကာကျောင်းသားလက်ခံခွင့်ကို ရထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးရှိတာကို သတိပြုသင့်ပါတယ်။ အဓိကက Security Deposit လို့ခေါ်တဲ့ စင်ကာပူအစိုးရကို ပေးထားရတဲ့ အာမခံကြေးကိစ္စပဲဖြစ်ပါတယ်။ စင်ကာပူမှာ Singapore Quality Class (SQC) လက်မှတ်ကို အစိုးရအသိအမှတ်ပြု အဆင့်အတန်းရှိတဲ့ Industry အမျိုးမျိုးကို ချီးမြှင့်ပါတယ်။ အဲဒီ SQC လက်မှတ်ရပြီးသားကျောင်းတွေမှာ နိုင်ငံတကာကျောင်းသားတွေ Student Pass နဲ့ ကျောင်းလာတက်ရင် Deposit တင်စရာမလိုပါဘူး။ မရှိရင်တော့ မြန်မာကျောင်းသားတွေအနေနဲ့ စင်ကာပူဒေါ်လာ ၅ ထောင်လောက်တင်ရပါလိမ့်မယ်။ Student Pass ပြန်အပ်တာနဲ့ ၁၀၀% ပြန်ပေးပါတယ်။ ကျောင်းတချို့နဲ့ ရန်ကုန်မှာ ရုံးခန်းဖွင့်ထားတဲ့ Agent တချို့က အဲဒီကိစ္စကို နောက်ဆုံး Student Pass ကျမှ ဖွင့်ပြောတတ်ကြတဲ့အတွက် သတိထားပြီး မေးသင့်ပါတယ်။ နောက်တစ်ခု အရေးကြီးတာက တကယ်လို့ Student Pass အဆင်မပြေရင် ဘယ်လောက်ပေးရမလဲ၊ ဒါမှမဟုတ် ဘယ်လောက်ပြန်အမ်းမလဲဆိုတာလည်း အစကတည်းက ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ်။ နောက်ထပ်သိထားသင့်တဲ့ အချက်ကတော့ Part Time အလုပ်ထွက်လုပ်ခြင်းပဲဖြစ်ပါတယ်။ အစိုးရကျောင်းသားတွေဟာ သတ်မှတ်တဲ့ နာရီအကန့်အသတ်အတွင်း တရားဝင်အလုပ်လုပ်ခွင့်ရှိပါတယ်။ ပုဂ္ဂလိကကျောင်းသားတွေ အနေနဲ့ လုံးဝအလုပ်လုပ်ခွင့်မရှိတဲ့အပြင် ကျောင်းခေါ်ချိန်ပြည့်ဖို့ လိုပါတယ်။ တကယ်လို့ တရားမဝင် အလုပ်ထွက်လုပ်နေတာ တွေ့ရင် ဒဏ်ကြေး ၅ ထောင်လောက်ဆောင်ရတတ်ပြီး မိခင်နိုင်ငံကိုတောင် ပြန်ပို့တတ်လို့ ဆင်ခြင်ကြဖို့ သတိပေးရင်း "သိထားသင့်တဲ့ စင်ကာပူ (၃)" ကို အဆုံးသတ်လိုက်ရပါတယ်။
မောင်ပွတ်

မြန်မာ့ပညာရေး သုံးသပ်ချက်
(ဘာသာပြန်ဆောင်းပါး)
ညီညီ(သံလွင်)
မြန်မာ့ပညာရေး တိုးတက်ဖွံ့ဖြိုးစေရန်အတွက် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့် UNESCO၊ UNDP (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) စသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာ့ပညာရေးကဏ္ဍ လေ့လာရေး အစီအစဉ်ကို ၁၉၉၀ ပြည့်နှစ်တွင် စတင်ခဲ့သည်။ ၁၉၉၂ တွင် လေ့လာမှု အဆင့် (၁) ပြီးဆုံးခဲ့ပြီး ၁၉၉၃ တွင် လေ့လာမှု အဆင့် (၂) ပြီးဆုံးခဲ့ကာ “မြန်မာ့ ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး အဆိုပြုချက်များ” (Proposals for Education Sector Development) ပထမတွဲနှင့် ဒုတိယတွဲတို့ကို ထုတ်ဝေနိုင်ခဲ့သည်။ ထို လေ့လာမှုအစီအစဉ်မှ ပညာရေးကဏ္ဍအတွက် ပြင်ဆင်ရန်လိုအပ်သည့် အဓိက အချက်အလက် ၈ ချက်ကို သုံးသပ်တွေ့ရှိခဲ့ရပြီး ၎င်းတို့၏ အရေးပါမှု အလိုက် အောက်ပါအတိုင်း တွေ့ရသည်။

- မူလတန်းပညာရေးကဏ္ဍကို ပြန်လည်သုံးသပ်ရန်

- ပြောင်းလဲလာသော ခေတ်နှင့် ဆီလျော်သည့် သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ပြဌာန်းရန်

- ထိရောက်မျှတမှုရှိသည့် ရွေးချယ်မှုစနစ် ဖန်တီးရန်

- စဉ်ဆက်မပြတ် အကဲခတ်သင်ကြားခြင်းကို ဦးစားပေးရန်

- ပညာသင်ကြားပြီး၍ လုပ်ငန်းခွင်သို့ ၀င်သည့်အခါ သင်ကြားခဲ့မှုက အထောက်အကူ ပြုနိုင်ရန်

- သင်ကြားပုံ သင်ကြားနည်းနှင့် ဆရာ၊ ဆရာမများ၏ အရည်အသွေး ပိုမို ကောင်းမွန်မှုရှိရန်

- ထိရောက်သည့် သင်ကြားမှုအထောက်အကူ ပစ္စည်းနှင့် အခြေခံအဆောက်အအုံများ လုံလောက်မှု ရှိအောင် ဆောင်ရွက်ရန်

- ပညာရေးကဏ္ဍ၏ လက်ရှိ စီမံခန့်ခွဲအုပ်ချုပ်ပုံကို တိုးတက်အောင် ပြုလုပ်ရန်

ထိုသို့ ပြင်ဆင်ရန် လိုအပ်သည့် အဓိက အချက်အလက် များကို ပညာရေးကဏ္ဍ လေ့လာရေး အစီအစဉ်၏ ကြိုးပမ်းမှုဖြင့် သုံးသပ် တင်ပြခဲ့သော်လည်း အများစုမှာ အရာမထင် ဖြစ်နေဆဲပင် ဖြစ်သည်။ သင်ကြားနည်း စနစ်အသစ်များနှင့် ကျောင်းသုံးပြဌာန်းချက် အသစ်များကို မိတ်ဆက်ပေးခဲ့သော်လည်း ဆရာ၊ဆရာမများနှင့် ကျောင်းသားတို့မှာ အလွတ်ကျက်မှတ် ဖြေဆိုသည့် နည်းလမ်းကိုသာ နှစ်သက်နေကြဆဲ ဖြစ်သည်။ လက်ရှိ စာမေးပွဲ စစ်ဆေးခြင်း စနစ်မှာ ဝေဖန်သုံးသပ်နိုင်စွမ်း၊ တီထွင်စဉ်းစားနိုင်စွမ်းထက် အချက်အလက်များကို အလွတ် မရ အရ မှတ်သားခြင်းကိုသာ အားပေးလျက် ရှိသည်။ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့တွင် ၁၁ နှစ်ကြာမျှ ပညာသင်ကြား ပြီးခဲ့သည့်နောက် တက္ကသိုလ်ဝင်စာမေးပွဲကို အစိုးရစစ် စာမေးပွဲအဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စစ်ဆေးလေ့ ရှိသည်။ တာဝန်ရှိသူများ၏ လာဘ်ယူမှုများ၊ အကျင့်ပျက် ခြစားမှုများကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ခဲ့ရာ တိုးတက်မှု ရှိခဲ့သော်လည်း အလွတ် ကျက်မှတ် ဖြေဆိုခြင်းမှာ အနည်းနှင့်အများ ရှိနေဆဲ ဖြစ်သည်။ စာမေးပွဲ မဖြေဆိုမီ မေးခွန်းလွှာများကို မသမာသည့် နည်းလမ်းဖြင့် အစုံလိုက် ၀ယ်ယူနိုင်နေသည့် အချက်မှာ မြန်မာ့ပညာရေးစနစ်၏ ခိုင်မာမှုအတွက် အန္တရာယ်တစ်ရပ်ပင် ဖြစ်သည်။

သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲခြင်း သည်လည်း အလျင်အမြန် ဆောင်ရွက်ရန် လိုအပ် နေသည့် အခြင်းအရာ တစ်ရပ် ဖြစ်သည်။ လက်ရှိ သင်ရိုးညွှန်းတမ်းမှာ မှတ်သားစရာ အချက်အလက်များ အပေါ်တွင်သာ အခြေတည်သည့် ဗဟုသုတများဖြင့် ပြည့်နှက်နေသည့်အတွက် အလွတ် ကျက်မှတ်ဖြေဆိုခြင်း အတွက် အားပေးရာရောက်နေသည်။ စာသင်ခန်း အတွင်း သင်ကြားမှုမှာလည်း ဝေဖန်သုံးသပ်နိုင်စွမ်းနှင့် တီထွင် ဖန်တီးနိုင်စွမ်းကို အားမပေးသည့်အပြင် လွတ်လွတ်လပ်လပ် ဆွေးနွေး ပါဝင်နိုင်မှုနှင့် မိမိ၏ ထင်မြင်ရာကို ဖော်ပြနိုင်မှုတို့ကို ခွင့်မပြုချေ။

ပညာရေးကဏ္ဍ လေ့လာရေး အစီအစဉ်မှ လေ့လာတွေ့ရှိခဲ့သည့် အချက်အလက်များအား လက်ရှိ မြန်မာ့ပညာရေးတွင် ရင်ဆိုင်နေရဆဲ ဖြစ်ပြီး အစိုးရနှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှု အများအပြားရမှသာလျှင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးတည်နိုင်မည့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။

အလားအလာများနှင့် ရွေးချယ်စရာများ

မြန်မာ့ပညာရေးစနစ် နိမ့်ကျပုံနှင့် ပတ်သက်၍ ယခင်ကလည်း ပြောဆိုခဲ့ကြ ရေးသားခဲ့ကြပြီး ဖြစ်သည်။ အမှန်တကယ်လည်း ပညာရေးကဏ္ဍ အဆင့်ဆင့်တွင် ပြဿနာများစွာ ရှိနေသည်။ မူလတန်းကြို (မူကြို) အဆင့်တွင်ပင် လျစ်လျူရှုမှုများ ရှိနေသည်။ မူကြိုအဆင့် သင်ကြားပေးနိုင်သည့် ဆရာ ဆရာမများကို မွေးထုတ်လေ့ကျင့်ပေးနိုင်သည့် သင်တန်းများမှာ အကန့်အသတ်ဖြင့် ရှိနေသည်။ သုံး လေးနှစ်အရွယ် ကလေးငယ်များကို မူလတန်းသင်ခန်းစာများအား အလွတ် မရ ရအောင် ကျက်မှတ်စေသည့် အကြောင်းရင်းမှာ ထိုဆရာ ဆရာမများသည် သေချာစွာ စနစ်တကျ လေ့ကျင့်သင်ကြားထားသူများ မဟုတ်ကြသဖြင့် ဖြစ်ပေသည်။ ပျော်ရွှင်စွာ ကစားရင်း ပညာသင်ရမည့်အရွယ်တွင် အတန်းစာများကို အလွတ် မရ ရအောင် စတင် ကျက်မှတ် ကြရတော့သည်။ မူကြိုကျောင်း အများစုမှာ ကလေးများ အဆမတန် များပြားနေပြီး ကောင်းမွန်စွာ အုပ်ချုပ်နိုင်ခြင်း မရှိပေ။ လက်ခံနိုင်လောက်သည့် အဆင့်အတန်းမီ မူကြို ပညာရေး ဖြစ်လာစေရင် များစွာ ဆောင်ရွက်ရပေဦးမည်။

လက်ရှိ မြန်မာ့ပညာရေးစနစ်သည် (သူငယ်တန်း အပါအ၀င်) မူလတန်းတွင် ၅ နှစ်၊ အလယ်တန်းတွင် ၄ နှစ်နှင့် အထက်တန်းတွင် ၂ နှစ် စသဖြင့် တက္ကသိုလ်အဆင့်မြင့် ပညာရေး မတိုင်မီ စုစုပေါင်း ၁၁ နှစ် သင်ကြားရသည်။ သူငယ်တန်းမှာ မူလတန်းပညာရေး၏ ပထမဆုံး လှေကားထစ်အဖြစ် အလိုလို သတ်မှတ်ထားပြီး ဖြစ်နေသည်။ မြန်မာကလေးငယ် တစ်ဦးသည် ၅ နှစ် အရွယ်တွင် မူလတန်းပညာကို စတင်သင်ကြားပြီး အသက် ၁၆ နှစ်အရွယ်တွင် အထက်တန်း အောင်မြင်သည်။ အမှန်မှာ သူငယ်တန်းသည် မူကြိုသာ ဖြစ်သင့်ပြီး ပထမတန်းမှသည် အထက်တန်း အောင်မြင်သည်အထိ ပညာသင်နှစ် ၁၂ နှစ် ရှိသင့်သည်။

၂၀၀၇ ခုနှစ် စစ်တမ်းများအရ မြန်မာနိုင်ငံ လူဦးရေ၏ ၆၉ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ပြီး ၆၄.၁ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်လျက် ရှိသည်။ ကျောင်းသင်ရိုးညွှန်းတမ်းများ၊ ကျောင်းဖွင့်ချိန်ကာလများနှင့် ကျောင်းသင်ခန်းစာချိန်များကို ကျေးလက်ဒေသနေ ကျောင်းသူကျောင်းသားများအတွက် တင်းကြပ်မှု မရှိစေဘဲ နေရပ်ဒေသအလိုက် လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်ရန် ကြိုးစားသင့်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကျေးလက်ဒေသများတွင် မူလတန်းပညာရေး မပြီးဆုံးမီ ကျောင်းများမှ ကလေးများ အလုံးအရင်း နှုတ်ထွက်သွားခြင်းကို တားဆီးနိုင်ပေမည်။ ကျေးလက်နေမိသားစုများ၏ လူနေမှုဘ၀ အခြေအနေကို လျစ်လျူရှုထားပြီး ကျေးလက်မှ ကျောင်းများကို မြို့ပြမှ ကျောင်းများတွင် သင်ကြားသည့် ပုံစံအတိုင်း သင်ကြားမည်ဆိုပါက နဂိုကတည်းက အားနည်းနေပြီး ဖြစ်သော မြန်မာ့ပညာရေးစနစ်သည် ပိုမို ဆိုးရွားလာဖွယ် ရှိသည်။ ထိုသို့ဆိုပါလျှင် လူအများစုအတွက် ပညာရေး မဟုတ်တော့ဘဲ လူအနည်းစုအတွက် ပညာရေးသာ ဖြစ်လာပေမည်။ အခြေခံပညာရေး ဦးစီးဌာနမှ ဖန်တီးထားပြီး ဖြစ်သော ပညာရေး စီမံခန့်ခွဲမှု သတင်းနည်းပညာစနစ် ( Education Management Information System [EMIS]) သည် ကျေးလက်ဒေသနေသူများ၏ လိုအပ်ချက်များအတိုင်း ဆောင်ရွက်သင့်သည်။ မြို့ပြသင်ကြားမှု စနစ် ပုံစံသည် ကျေးလက်အတွက် သင့်လျော်ခြင်း မရှိသည့်အတွက် ကျေးလက်ဒေသအတွက် အမှန်တကယ်လိုအပ်သည့် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို အဆောတလျင် ဦးစားပေး ဆောင်ရွက်ရန် လိုအပ်နေသည်။

လတ်တလော အခြေအနေတွင် စိုက်ပျိုးရေးကဏ္ဍထက် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာနှင့် သတ္တုတွင်းထွက်ပစ္စည်း ရှာဖွေရေးလုပ်ငန်းများက နိုင်ငံတော်၏ အာရုံစိုက်မှုကို ပိုမို ရရှိနေသည်။ သို့ရာတွင် စိတ်မကောင်းဖွယ်ရာ အဖြစ်မှာ အဆိုပါ သယံဇာတများအား အကန့်အသတ်ဖြင့်သာ ထုတ်ယူနိုင်ခြင်း ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍမှ ထွက်ကုန်များမှာမူ အဆိုပါ သယံဇာတများကဲ့သို့ မဟုတ်ဘဲ ကုန်ဆုံးသွားသည်ဟူ၍ မရှိနိုင်ပေ။ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသူများ၏ သားသမီးများ ပညာရေးအတွက် ယခုထက် ပို၍ လုပ်ဆောင် ပေးသင့်သည်။ လယ်သမားများအားလည်း စာရေးတတ် ဖတ်တတ်အောင် အခွင့်အလမ်းများ ဖန်တီးပေးမှသာလျှင် ၎င်းတို့ အနေဖြင့် စိုက်ပျိုးရေးကဏ္ဍ တိုးချဲ့ရေး ဆောင်ရွက်ရာတွင် ပါဝင်နိုင်ကြပေမည်။

စာမတတ်သူ ပပျောက်ရေး အစီအစဉ်များမှာ မြန်မာနိုင်ငံအတွက် အသစ်အဆန်း မဟုတ်ချေ။ ၁၉၆၀ ပြည့်နှောင်းပိုင်း ကာလတွင် စာမတတ်သူများအား အရေး၊ အဖတ်၊ အတွက် (အ သုံးလုံး) ကြေညက်အောင် တက္ကသိုလ် ကျောင်းသားကျောင်းသူများသာမက အလွှာပေါင်းစုံမှ အခြား ပညာတတ်ပုဂ္ဂိုလ်များ ပါဝင်ပြီး အမျိုးသားစီမံကိန်း တစ်ရပ်အနေဖြင့် သင်ကြားပေးခဲ့ကြသည်။ ၁၉၇၁ နှင့် ၁၉၈၃ ခုနှစ်တို့တွင် ထို အ သုံးလုံး အစီအစဉ်များအတွက် UNESCO မှ ဆုချီးမြှင့်ခြင်းကို ခံခဲ့ရသည်။ ထို စာမတတ်သူ ပပျောက်ရေး အစီအစဉ်များကို ဆန်းသစ်မှုများ ပြုလုပ်ကာ တဖန် ပြန်လည် ဖန်တီးနိုင်ပေသည်။ ထို အစီအစဉ်များတွင် တက်ရောက်သည့် စာမတတ်သူများအား အကျိုးခံစားခွင့်များ ပေးနိုင်သည်။ ဥပမာဆိုရလျှင် အဆိုပါ အစီအစဉ်တွင် တက်ရောက်ကာ စာတတ်မြောက်သွားသည့် လယ်သမား တစ်ဦးအား ဆုချီးမြှင့်သင့်သည်။ ဆုဟု ဆိုရာတွင် အောင်လက်မှတ်သာမကဘဲ ထို လယ်သမား၏ သားသမီးများ ပညာရေးအတွက် အကျိုးခံစားခွင့်များ ပေးနိုင်မည်ဆိုပါက မိဘများအနေဖြင့် ၎င်းတို့၏ စာပေတတ်မြောက်မှုအတွက် ဂုဏ်ယူနိုင်မည်သာမက ၎င်းတို့၏ သားသမီးများ ပညာရေးအတွက် တဘက်တလမ်းမှ ကူညီနိုင်သကဲ့သို့ ဖြစ်ပေမည်။ ထိုမှ တဆင့် မူလတန်း ပညာရေး မပြီးဆုံးဘဲ ကျောင်းသူကျောင်းသားများ ကျောင်းမှ နှုတ်ထွက်သွားသည့် ပြဿနာလည်း လျော့ပါးသွားသည်အထိ တိုးတက်မှု ရလာနိုင်မည်။

ဆရာ၊ ဆရာမများအား လေ့ကျင့်သင်ကြားပေးခြင်း၏ အရေးပါပုံအား အကြိမ်ကြိမ် ဖော်ပြခဲ့ကြပြီး ဖြစ်သည်။ သို့သော် လေ့ကျင့်သင်ကြားပေးခြင်း တစ်ခုထဲက ပညာရေး ပြဿနာ၏ အဖြေတစ်ခု မဟုတ်ပေ။ ကျောင်းစာသင်ခန်း၏ ပြင်ပတွင် ဆရာ၊ဆရာမများ ကျူရှင်ဖွင့်၍ ပြင်ပ၀င်ငွေ ရှာနေကြခြင်း ပပျောက်အောင် လောက်ငှသည့် လစာများ၊ အကျိုးခံစားခွင့်များ ပေးအပ်ရန် လိုသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာ၊ ဆရာမများအား လေ့ကျင့် ပေးရန်နှင့် လေ့ကျင့်ပြီး ဆရာ၊ ဆရာမများအား ထိန်းသိမ်းထားနိုင်ရန်အတွက် များစွာ ရင်းနှီးမြုပ်နှံရန် လိုအပ်သည်။ ဆရာ၊ ဆရာမများ အပေါ် တချိန်က ထားရှိခဲ့ဖူးသည့် ယုံကြည်ကိုးစားမှုများသည် လူတန်းစား မရွေး ခံစားနေရသည့် စီးပွားရေး ဖိအား အခြေအနေများကြောင့် လျော့ပါးလာသည်မှာ အလေးထား ရမည့် ကိစ္စတစ်ရပ် ဖြစ်သည်။ ဆရာ၊ ဆရာမများ၏ လစာနှင့် အကျိုးခံစားခွင့်များအား ပြန်လည် သုံးသပ်စဉ်းစား ပေးရန် လိုအပ်သလို ကျောင်းဆရာအလုပ်ကို ဆွဲဆောင်မှု ရှိအောင် ဖန်တီးနိုင်မှသာလျှင် ဆရာ၊ ဆရာမများကို ယခုထက် ပိုမို၍ မွေးထုတ်နိုင်ပေမည်။ ဆရာ၊ ဆရာမများအား ၎င်းတို့ လိုအပ်နေသည်များကို ကူညီနိုင်မှသာလျှင် ရတနာ ငါးပါးတွင် တစ်ပါးအပါအ၀င် ဖြစ်သည့် ဆရာ၊ ဆရာမများ အပေါ် လေးစားမှုများ ပြန်လည် ရရှိအောင် ဆောင်ရွက်နိုင်ပေမည်။

နိဂုံး

အချုပ်ဆိုရလျှင် မြန်မာ့ပညာရေးသည် မြန်မာလူငယ်များ၏ ပညာရေးနှင့် လေ့ကျင့်ရေး တိုးတက်လာမှ သာလျှင် တိုးတက် လာမည် ဖြစ်သည့်အတွက် ၎င်းတို့၏ ပညာရေးအတွက် သေချာစွာ စီမံသင့်သည်။ မျိုးဆက်သစ်များ အတွက် ပညာရေး အပြောင်းအလဲ လုပ်နိုင်မှသာ နိုင်ငံတော် တိုးတက်ပြောင်းလဲလာမည် ဖြစ်ပြီး နိုင်ထက်စီးနင်းလုပ်တတ်သည့် လူ့အဖွဲ့အစည်း စနစ်မှသည် ပိုမို လွတ်လပ်ပြီး နားလည်မှုရှိသည့် လူ့အဖွဲ့အစည်းသို့ ကူးပြောင်းနိုင်ပေလိမ့်မည်။

ညီညီ(သံလွင်)

[Dictatorship, disorder and decline in Myanmar စာအုပ် အခန်း (၇) မှ ပါမောက္ခချုပ်ဟောင်း ဦးဟန်တင် (ပညာရေးတက္ကသိုလ်တွင် ၁၉၉၂ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ) ရေးသားသော ဆောင်းပါးကို ထုတ်နုတ်၍ ဆီလျော်အောင် ပြန်ဆိုပါသည်။]

Sunday, April 05, 2009

မိတ်ဆွေသူငယ်ချင်း


နာမည်ကြီး စကောတလန် စာရေးဆရာတစ်ဖြစ်လဲ ဟာသမင်းသား Roterက ပရိသတ်ကို "ဘေးကလူနဲ့ ခင်ဗျားတို့ ပုခုံးချင်းယှဉ်ပြီး ထိုင်နေတာ ၂ နာရီလောက် ရှိနေပြီ။ တစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းမှ မပြောကြပါလား?" လို့ ပြောလိုက်တယ်။ သူ့စကားကြောင့် ပရိသတ်တွေ ရယ်မောခဲ့သလို လူတစ်ချို့က ကိုယ့်ဘေးမှာ ထိုင်နေသူတွေကို ထနှုတ်ဆက်ကြတော့တယ်။

ဒီလောက်ပဲ လွယ်ကူရိုးရှင်း ခဲ့ပါတယ်... ဘေးမှာရှိနေတဲ့သူက ကိုယ့်ရဲ့စကားလေးတစ်ခွန်း၊ အပြုံးလေးတစ်ပွင့်နဲ့ ကိုယ့် "သူငယ်ချင်း" ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တစ်တွေက တစ်ခါတလေ ကိုယ့်ကို အထင်ကြီးမှု၊ လူတန်းစား၊ လူမျိုးခွဲခြားမှုကြောင့် သူငယ်ချင်းကောင်းတွေကို လက်လွတ်ခဲ့ရတယ်။

တစ်ခါက နှင်းမုန်တိုင်းကျပြီးနောက် ကားတွေသွားလာလို့ မရအောင် နှင်းတွေ ပိတ်ဆို့နေခဲ့တယ်။ ကျွန်တော်တို့နေတဲ့တိုက်က လောင်စာကုန်သွားတဲ့အပြင် ဆိုင်ကလူတွေ အစားအစာ လာမပို့နိုင်ခဲ့ဘူး။ ရေမရှိ၊ မီးမလာဖြစ်ခဲ့ရတယ်။ အဲဒီမှာ တစ်ခါမှ မခေါ်မပြောခဲ့ဖူးကြတဲ့ အိမ်နီးချင်းတွေက အချင်းချင်း အိမ်တံခါးခေါက်ပြီး စားစရာတွေ ပေးဝေလဲလှယ်ကြတယ်။ အိမ်တစ်အိမ်က လူစုပြီး ကပွဲလုပ်ခဲ့လို့ ကျွန်တော်တို့တစ်အိမ်လုံးလည်း အဲဒီကပွဲမှာ ပါဝင်ခဲ့ကြတယ်။ အသက် ၁၁နှစ်ကနေ အသက် ၇၅နှစ်ထိ အဲဒီပွဲမှာ ပါခဲ့ကြတယ်။ ကျွန်တော်တို့တိုက်ရဲ့ လုံခြုံရေးမှူး စန္ဒားယားတီးတတ်မှန်း အဲဒီအချိန်ကျမှာ ကျွန်တော်တို့ သိခဲ့ရတယ်။

တကယ်လို့ ခါတိုင်းလည်း ဒီလိုပဲ မိတ်ဆွေစုဝေးပွဲတွေရှိရင် အရမ်းကောင်းမယ်လို့ ကျွန်တော်တွေးမိတယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့နေတဲ့ တိုက်ကြီးက ပျော်စရာတွေနဲ့ နေ့တိုင်းပြည့်နေလိမ့်မယ်။

လူတွေနဲ့ မိုင်ပေါင်းများစွာ ဝေးကွာအောင် သင်ခရီးထွက်နိုင်ပါတယ်။ ဒါပေမယ့် လူတွေကြားမှာ နေရတဲ့အပျော်ကို သင်ခံစားရမှာ မဟုတ်ဘူး။ လူတွေရဲ့ အတွင်းစိတ်ကို သင်မမြင်ရင် လောကကြီးကိုလည်း သင်ရှာတွေ့မှာ မဟုတ်ဘူး။ အရောင်းဝန်ထမ်း၊ လမ်းပေါ်မှာ တာဝန်ကျသူ၊ ဘတ်စကားမောင်းသူ၊ ဓာတ်လှေကားစောင့်၊ ဖိနပ်သုတ်တဲ့ ကလေးငယ် ... စတဲ့ လူတွေက အရည်အချင်းရှိတဲ့ လူတွေဖြစ်တယ်။ လူတိုင်းမှာ ပြည့်ဝတဲ့ စိတ်ဓာတ်တွေရှိကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူအများစုက တသတ်မှတ်တည်းဖြစ်တဲ့ ဘဝထဲမှာပဲ နစ်မွန်းချင်ကြတယ်။ နေ့တိုင်း ဒီအပေါင်းအသင်း၊ ဒီမိတ်ဆွေတွေနဲ့ အပ်ကြောင်းထပ်နေတာတွေပဲ ပြောချင်ခဲ့ကြတယ်။ တကယ်တော့ သူစိမ်းနဲ့ အထူးသဖြင့် လုပ်ငန်းမတူသူတွေနဲ့ စကားပြောကြည့်ခြင်းအားဖြင့် သူတို့ဆီကနေ ကိုယ်မသိတဲ့ အတွေ့အကြုံသစ်၊ ခံစားမှုအသစ်ကို ရနိုင်ပါတယ်။ တောရွာက လယ်သမား၊ ဝေးခေါင်တဲ့အရပ်က ဓာတ်ဆီဖြည့်သမား၊ ကလေးပွေ့ထားတဲ့ အမျိုးသမီးတစ်ဦးဟာလည်း ကျွန်တော်တို့စိတ်ကို ပျော်ရွှင်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

တစ်ခြားသူအတွက် ဘာများပေးနိုင်မလဲ? ဘာများ လုပ်ပေးနိုင်မလဲလို့ ကျွန်တော်တို့အမြဲ ရေရွတ်ကြတယ်။ မပေးနိုင် မလုပ်နိုင်ချင် နေပါစေ.. အနည်းဆုံးတော့ တစ်ပါးသူရဲ့ ခံစားချက်ကို ကျွန်တော်တို့ လက်ခံနားလည်ပေးနိုင်ပါတယ်။ အပြင်ပန်းပဲ မဟုတ်ဘဲ လူတစ်ယောက်ကို ကျွန်တော်တို့ ဂရုတစိုက် ရှိခဲ့မယ်ဆိုရင် သူ့မျက်လုံးထဲကနေတောင် သူ့အတွင်းစိတ် အခက်အခဲကို တွေ့နိုင်ပါတယ်။ တကယ်လို့ ကားဂိတ်မှာ မျက်ရည်တွေနဲ့ ရပ်နေတဲ့ အမျိုးသမီးတစ်ဦး၊ နာကျင်ရိပ်ဖုံးနေတဲ့ မျက်လုံးတစ်စုံနဲ့ ကလေးငယ်၊ ဒါမှမဟုတ် ဘယ်သွားရမှန်း မသိဘဲ လမ်းပျောက်နေတဲ့ ခရီးသည်တစ်ဦးကို တွေ့ခဲ့ပြီး ကူညီဖို့ မမေးမြန်းခဲ့ရင် ကျွန်တော်တို့ ကိုယ့်ကိုခွင့်မလွတ်သင့်ပါဘူး။

ကျွန်တော်သိတဲ့ အမျိုးသမီးတစ်ဦးက ရထားစီးပြီး အနောက်အရပ်ကို ခရီးထွက်ခဲ့တယ်။ လမ်းခုလပ် ရွာတစ်ရွာမှာ ရထားရပ်လို့ အညောင်းပြေ သူလမ်းဆင်းလျှောက်ခဲ့တယ်။ အဲဒီအချိန်မှာပဲ အရှေ့အရပ်က ရထားတစ်စီး ဘူတာထဲဝင်လာခဲ့တယ်။ ရထားနှစ်စီး တစ်ပြိုင်တည်း ရပ်နားမိချိန်ဖြစ်တာကြောင့် လမ်းဆင်းလျှောက်တဲ့ ခရီးသည်တွေ ပိုများခဲ့တယ်။ သူလမ်းလျှောက်နေတုန်း ရှေ့တည့်တည့်မှာ အပြုံးနဲ့လျှောက်လာတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်တယ်။ သူတို့ မိတ်ဆက်ကြတယ်၊ စကားတွေပြောဖြစ်ခဲ့ကြတယ်။ ရထားထွက်ဖို့ ဥသြဆွဲတော့ အမျိုးသားက "ကျွန်တော်တို့ နောက်ထပ်တွေ့နိုင်မယ် မထင်ဘူး" လို့ ပြောပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ပြီးတော့ ရထားတစ်စီးထဲပေါ် သူတို့တက်ခဲ့ကြတယ်။

နှစ်အတော်ကြာတဲ့အထိ သူတို့အဆက်အသွယ် ရှိခဲ့ကြတယ်။ တစ်ခြားတစ်ယောက် ကွယ်လွန်သွားချိန်ထိပါပဲ။ သူတို့နှစ်ယောက်ရဲ့ လိုအင်က ချစ်သူရည်းစား မဟုတ်ကြဘဲ အဖိုးတန်တဲ့ သူငယ်ချင်းကောင်းပဲ ဖြစ်တယ်။

သင့်ဘဝမှာ တစ်ခြားလူ မိတ်ဆက်ပေးပြီးမှ ခင်မင်လာရတဲ့ သူငယ်ချင်း ဘယ်နှယောက် ရှိသလဲ?

ကျွန်တော့်ဘဝမှာ ကျွန်တော်မှတ်မိသလောက် ကမ်းစပ်တစ်နေရာမှာ Baldနဲ့ကျွန်တော် ခင်မင်ခဲ့တယ်။ သူရေထဲက တက်လာတဲ့အချိန် ကျွန်တော်ရေထဲဆင်းမယ့်အချိန်မှာ ရင်းနှီးခဲ့တာဖြစ်တယ်။ နယူးယောက်က စားသောက်ဆိုင်တစ်ခုမှာ Albert နဲ့ကျွန်တော် ခင်မင်ခဲ့တယ်။ ကျွန်တော်နှစ်သက်တဲ့ စာစောင်တစ်စောင်ကို သူဖတ်နေချိန်မှာ ရင်းနှီးခဲ့တာဖြစ်တယ်။ Grand Canyon မှာ ဂျော်ဒန်နဲ့ကျွန်တော် ခင်မင်ခဲ့တယ်။ အံ့သြစရာ ရှုခင်းတွေကိုကြည့်ရင်း တစ်ယောက်ယောက်ကို အလျှင်စလို သူပြောပြချင်နေတဲ့ အချိန်မှာ ရင်းနှီးခဲ့တာဖြစ်တယ်။

သန်းပေါင်းများစွာသော လူတွေရဲ့ ခံစားချက်က တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တစ်ချို့က အထီးကျန်တယ်၊ တစ်ချို့က မျှော်လင့်ချက်ကို ပွေ့ဖက်ထားတယ်။ တစ်ချို့က စိတ်ဆင်းရဲနေတယ်။ လူ့ဘဝခရီးလမ်းမှာ ဒီလိုခံစားချက်ရှိတဲ့ လူတွေအတွက် အပေါင်းအဖော် မိတ်ဆွေဆိုတာ လိုလာတယ်။ သူငယ်ချင်း လိုလာတယ်။

အစကတော့ သူစိမ်းတွေပါပဲ... တစ်ယောက်ယောက်က လက်အရင်ဆန့်ထုတ်တာနဲ့ သူငယ်ချင်းဆိုတာ ဖြစ်လာခဲ့ပါတယ်။


မူရင်းစာရေးဆရာ .... Blunt (伯蘭特-真摯友情)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

နိင်းနိင်းစနေ က ကူးယူဖေါ်ပြပါသည်။ စိတ်မရှိဘူးလိုထင်ပါတယ်။

Thursday, December 11, 2008

သင့်လက်ကိုင်ဖုန်းအတွက် လူသိနည်း၎ချက်

အသက်ကယ် ပစ္စည်း(သို့)ရှင်သန်ရုန်းကန်နိုင်ဖွယ်ရာ အရေးပေါ်အထောက်အကူပစ္စည်း ဖြစ်နိုင်ပါသတဲ့။

(၁) အရေးပေါ် အတွက် keypad ကို locked လုပ်ထားရင်တောင် သင့်လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာတွေ့ရပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာအရေးပေါ်ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံးဆက်သွယ်မှုကွန်ယက်ကို အလိုအလျောက်ရှာမှာဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..

(၂) ကားထဲမှာ သော့တွေကျန်ခဲ့လားသင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲလက်နဲ့ဖွင့်ရမယ့် အနေအထားကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲထည့်ခဲ့ပြီး အပိုသော့က အိမ်မှာကျန်ခဲ့ရင် လက်ကိုင်ဖုန်းတစ်လုံးရှိရတာ ဒီလိုအခါကျတော့ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်ကပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါး ကနေ ခြေတလှမ်းအကွာမှာထားပါ။ နောက်ပြီး အိမ်ကလူကိုကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ် ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာပျော်စရာပဲ မဟုတ်လား။ ကျွန်မတို့ စမ်းကြည့်တာ အောင်မြင်တယ်ရှင့်။ အိမ်ကလူက လာပေးစာမလိုတော့ဘူးပေါ့။ အကွာအဝေးက အရေးမဟုတ်ပါဘူး။ သော့ အပိုက မိုင်တရာအကွာမှာရှိနေပါစေ ခုနကနည်းနဲ့ သင့်ကားတံခါးကို အလွယ်တကူဖွင့်နိုင်တာ သင့်လက်ကိုင် ဖုန်းကြောင့်ပါ။

(၃) ဖွက်ထားတဲ့ အပိုဘက္ထရီသင့်လက်ကိုင်ဖုန်းဓာတ်အားသိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့်လက်ကိုင်ဖုန်းက အရေးပေါ်သုံးချန်ထားတဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ် အား ထက်ဝက်ကျန်သေးကြောင်းပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့ အခါမှာ သာမန်နဲ့ အရေးပေါ်သုံးနှစ်မျိုးလုံးအတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါးသုံးလို့မရတော့အောင် ဘယ်လိုဖျက်ဆီးပစ်မလဲ။ သင့် လက်ကိုင် ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါလိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက်သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့အခါမှာ သင်ဟာဖုန်းကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကိုပြောပြတိုင်တန်းလိုက်ပြီး သင့်လက်ကိုင်ဖုန်းကိုပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာတိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲကသင့်ဆက်သွယ်မှု ကွန်ယက်ထဲက သူတွေစာရင်းနဲ့ ဖုန်းနံပါတ်များ ကိုလဲ သူတပါးသိခြင်းမှ ကာကွယ်နိုင်သလို သင့်အယောင်ဆောင်ပြီး သူတပါးကိုသင့်ဖုန်းနံပါတ်နဲ့ ဆက်သွယ် ခြင်းကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင်တိုင်တန်းတာနောက်ကျလို့ သူခိုးကပိုလျင်သူ ဖြစ်ခဲ့ရင် တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာဖြစ်ပြီး သင်ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်းထဲမှာ မှတ် သား တတ်သူဖြစ်ပါက သင့်ဆက်သွယ်မှု ကွန်ယက်ကိုတော့ သူခိုးကကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကိုဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ပါဘူး။ ဒါကြောင့် အရေးကြီးဖုန်းနံပါတ်များကို Sim Card ထဲမှာသာမှတ်သားထားသင့်ပါတယ်။ ဒီလို ကာကွယ်ထားနိုင်ရင် လက်ကိုင်ဖုန်းခိုးယူခြင်းကြောင့် အကျိုး မဖြစ်ထွန်းတဲ့အတွက် လက်ကိုင်ဖုန်းခိုးယူမှုများလျော့ပါးလာမယ်လို့ မျှော်လင့်ရပါတယ်။
လက်ကိုင်ဖုန်းတစ်လုံးကိုဝယ်ထားရပြီး တန်အောင်အသုံးချနိုင်ကြပါစေ။

Forward mail မှတစ်ဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

နှင်းဆီနက်