Saturday, September 26, 2009



တော်လှန်းရေး သတိ၊ နိုင်ငံရေး သတိ

ကျွန်တော် ကိစ္စတစ်ခု အပေါ်မှာ စိုးရိမ်နေမိပါတယ်။ အဲဒါကတော့ အတော်များများ သိပြီးသား ဖြစ်မယ် ထင်ပါတယ်။ သရုပ်ဆောင် မင်းမော်ကွန်းနဲ့ အဖွဲ့ ဓါတ်ပုံ ကိစ္စ ဖြစ်ပါတယ်။

(ကျွန်တော် ရှေ့ဆက် မပြောခင် ဒီနေရာမှာ အရင်ဆုံး ပြောချင်တာကတော့ သရုပ်ဆောင် မင်းမော်ကွန်းဘက်က အပြစ်မရှိကြောင်း ကာကွယ် ပြောဆိုမှာ မဟုတ်ဘူးဆိုတာပါဘဲ။ ဘာသာရေးနဲ့ သက်ဆိုင်သော အချက်အလက်များကို ဝေဖန်ပြောဆိုဖို့ ကျွန်တော့်အဆင့်အတန်းအရ မမီပါဘူးလို့ ကြိုတင်ဝန်ခံပါရစေ။ ကျွန်တော် အခု ပြောချင်တာကတော့ နိုင်ငံရေးသတိ ရှိဖို့ နိုင်ငံရေး ရှုထောင့်က တင်ပြရုံ သက်သက်ဖြစ်ပါတယ်။)



အခုလို ပုံတွေ မြင်လိုက်တာနဲ့ "ဒီကောင် .. မိုက်ရိုင်းလိုက်တာ၊ ဘာသာရေးကို စော်ကားလိုက်တာ" ဆိုပြီး ချက်ခြင်းကို ဒေါသထွက်စရာ ပုံတွေ ဖြစ်နေပါတယ်။ ဒါ့အပြင် သရုပ်ဆောင် မင်းမော်ကွန်း အပါအဝင် ပုံထဲက တချို့လူတွေဟာ မြန်မာနိုင်ငံ သရုပ်ဆောင်၊ အနုပညာ လောကမှာ နာမည်ရှိထားတဲ့ လူတွေ ဖြစ်ကြပါတယ်။ ဒီတော့ လူတွေ ကြားထဲမှာ အာရုံစိုက်စရာ၊ ပါးစပ်ဖျားမှာ ပြောစရာ ဖြစ်လာပါတယ်။ ထင်တဲ့ အတိုင်းပါပဲ။ တော်တော်လေးကို Hot Topic အဖြစ် ပြောလာကြတာကို တွေ့ရပါတယ်။

အခု ပုံ (၂) ပုံ ဟာ လက်တလော ချက်ချင်း ရိုက်ထားတဲ့ ပုံတွေ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ အချိန်ကာလ တခုခု ကြာခဲ့ပြီးမှ အခု ထွက်လာတာ ဖြစ်ပါတယ်။

ဘယ်တုန်းက ရိုက်ထားတဲ့ ပုံပဲ ဖြစ်ဖြစ် .... ဒါ . . ဘာသာ သာသနာကို စော်ကားတာပဲ မဟုတ်လား .. လို့ ပြောမယ် ဆိုလည်း မှန်နေတာပါပဲ။

ဒါပေမယ့် မေးစရာ မေးခွန်းကတော့ ပေါ်လာပါတယ်။ ဘာဖြစ်လို့ ဒီလိုပုံက အခုမှ ဘယ်က ဘယ်လို ထွက်လာတာလဲ ဆိုတာကတော့ မေးရမယ့် မေးခွန်း ဖြစ်နေလို့ပါ။

မြန်မာပြည်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေသော ကိစ္စကို မြန်မာပြည်သူ လူအများ အာရုံစိုက် ဆွေးနွေးပြောဆိုနေကြတဲ့ အချိန်နဲ့ အချိန် ကိုက် ဖြစ်နေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို လက်နက်ကိုင် အကြမ်းဖက်သမား အဖွဲ့(နအဖ) က နည်းမျိုးစုံ ဖိအားပေးပြီး ရွေးကောက်ပွဲဝင်ရန် လိုက်လံ စည်းရုံးနေချိန်နဲ့ အချိန်ကိုက် ဖြစ်နေပါတယ်။

တိုင်းပြည်ရဲ့အရေးကြီးတဲ့ အဆုံးအဖြတ် ကာလ တစ်ခုကို ဖြတ်သန်းရတော့မယ့် အချိန်ကာလ ဖြစ်နေချိန်မှာ ... မြန်မာပြည်က နာမည်ရ သရုပ်ဆောင် မင်းမော်ကွန်းက ဘာသာရေးကို စော်ကားလိုက်တယ် ဆိုတဲ့ သတင်းတခုထွက်လာတဲ့ အခါမှာ ..... သာမန်လူတန်းစားတွေရဲ့ အတွေးထဲ တိုင်းပြည်တခုလုံးရဲ့ ကံကြမ္မာ အရေး ကိစ္စထက် မင်းမော်ကွန်း ကိစ္စက အစားထိုး နေရာယူသွားမလားလို့ ကျွန်တော် စိုးရိမ်မိပါတယ်။

ရွှေဝါရောင် တော်လှန်ရေး ကာလ အချိန်တွေမှာလည်း နာမည်ရ အဆိုတော် တစ်ယောက်ရဲ့ လိင်ကိစ္စ အခွေ၊ သရုပ်ဆောင် နန္ဒလှိုင်နဲ့ မျိုးမျိုးခိုင်တို့ တယ်လီဖုန်းပြောတဲ့ အသံ ... စတဲ့ လူထုကို အာရုံ ပြောင်းစေတဲ့ ကိစ္စရပ်များဟာ အချိန်ကိုက်ပေါ်လာနေတာမျိုး ဖြစ်ခဲ့တာကြောင့် ... ယခု မင်းမော်ကွန်း ကိစ္စကိုလည်း ... လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရားရေး ကိစ္စ၊ တိုင်းပြည်ရဲ့ အနာဂါတ်ရေးရာ ကိစ္စများနေရာမှာ အစားထိုးဝင်ရောက်လာမှာကို စိုးရိမ်မိစွာနဲ့ နိုင်ငံရေးသတိ ရှိကြဖို့ နှိုးဆော်လိုက်ပါတယ် .. ခင်ဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

No comments: