Sunday, February 3, 2008

HAPPY NEW YEAR မှာ ပြောချင်တဲ့ စကားတွေ ...

Hopes accompanied us to the next year's dates

All what we have done are also with us as a shade

Pure the heart for knowing the true rights

Pure the mind for making the best times

You are the one who can manage to earn both cold and warm

New Year is the one that remind u to value the length of time

Every change won't be same what you want to gain

We have to try again to attain the various aims

Your view can be changed according to your brain

Every point of view can make you in sane

A man should be a man who can take responsibility of his stand

Remember that you can't pass clearly to the new year if you have the unfinished affairs in the old year.

ဘာရယ်မဟုတ်ပါဘူး ... အင်တာနက်ထဲမှာ လိုက်ရှာရင်းနဲ့ Happy New Year ဆိုတာကို အမျိုးမျိုး ကဗျာလေးတွေစပ်ထားကြတာ တွေ့လိုက်တာနဲ့ ကျွန်တော်လဲ ကိုယ့်ဖာသာကို အဲဒါမျိုးလေး စပ်ကြည့်ရင် ကောင်းမယ်ဆိုပြီး ... လျှောက်ရေးမိတာလေးပါ ...။ နှစ်သစ်ကူး အထိမ်းအမှတ်သဘောကို မဆောင်ရင်တော့လဲ ဆောရီးပါ ...။ နှစ်သစ်တစ်ခုအတွက် ကျွန်တော်က ပေးတဲ့ စကားလက်ဆောင်လေးလို့ပဲ သဘောထား စေချင်ပါတယ် ...။

Hopes accompanied us to the next year's dates

နှစ်သစ်ရဲ့နေ့စွဲတွေထဲကို ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေက အတူလိုက်ပါလာကြတယ် ...။
ကျွန်တော်တို့ မျှော်လင့်ထားတာတွေ ဘာတစ်ခုမျှမှ ဖြစ်မလာသေးတာလေ ... အဲဒီ့တော့လဲ အဲဒီ့မျှော်လင့်ခြင်းတွေကို နှစ်သစ်တစ်ခုထဲကို ကျွန်တော်တို့ ဆက်လက်ထမ်းပိုးသယ်ဆောင်သွားကြရမှာ အသေအချာပဲပေါ့ ...။

All what we have done are also with us as a shade

ကျွန်တော်တို့လုပ်ပြီးခဲ့တဲ့ အရာတွေကလည်း ကျွန်တော်တို့ရဲ့နောက်ကနေ အရိပ်တွေလို ကပ်ပါလာကြတယ် ...။
ကောင်းမှုတွေလုပ်ခဲ့သလား၊ မကောင်းမှုတွေလုပ်ခဲ့သလား အဲဒါတွေရဲ့ အကျိုးဆက်တွေကို ကျွန်တော်တို့တွေ နှစ်ဟောင်းထဲမှာ ထားခဲ့လို့မရပါဘူး ...။ ဗုဒ္ဓဘာသာဝင်တွေပီပီ ကံကံ၏အကျိုးကို လက်ခံယုံကြည်တယ်ဆိုရင် ကိုယ်လုပ်ခဲ့တဲ့ကောင်းမှုတွေကိုခံစားဖို့နဲ့ ကိုယ်လုပ်ခဲ့တဲ့မကောင်းမှုတွေအတွက် ၀ဋ်ပြန်ခံဖို့ ကျွန်တော် တို့တွေ ကြိုတွေးထားသင့်ပါတယ် ... ။


Pure the heart for knowing the true rights

စစ်မှန်တဲ့အခွင့်အရေးတွေကိုသိဖို့အတွက် ... ကျွန်တော်တို့ရဲ့နှလုံးသားတွေကိုသန့်စင်ထားကြမယ် ။
ကျွန်တော်တို့တွေဟာ လူရယ်လို့ဖြစ်လာပြီဆိုရင် လူသားတစ်ယောက်ရဲ့ စစ်မှန်တဲ့ အခွင့်အရေးဆိုတာ ဘာတွေကိုပြောတာလဲ ဆိုတဲ့မေးခွန်းကို ကိုယ်ကိုယ်တိုင်အတွက်ရော သူများတွေအတွက်ပါ ဖြေနိုင်ဖို့ ကြိုးစားထားသင့်ပါတယ် ...။ လူတွေရဲ့စစ်မှန်တဲ့အခွင့်အရေးဆိုတာကို သိနိုင်ဖို့ ကျွန်တော်တို့ရဲ့နှလုံးသားတွေ သန့်စင်နေဖို့လိုပါတယ် ...။ နှလုံးသားတွေမသန့်စင်ဘူးဆိုရင် ... ကိုယ့်အတွက် အခွင့်အရေးကို တိုးတွက် တတ်ပြီး သူများရဲ့အခွင့်အရေးတွေကိုတော့ လျှော့တွက်တတ်ပါတယ် ...။ ဒါကြောင့် နှလုံးသားတွေကို သန့်စင်ပြီး ... လူတိုင်းရဲ့ အခွင့်အရေးတွေကို သိနေအောင် ကျွန်တော်တို့ကြိုးစားကြပါစို့ဗျာ ...။

Pure the mind for making the best times

အကောင်းဆုံး အချိန်ကာလတွေကို ဖန်တီးဖို့ ... ကျွန်တော်တို့ရဲ့ စိတ်တွေကို သန့်စင်ထားကြမယ် ။
ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတွေက အတိတ်ဆိုတဲ့ အမည်နာမတစ်ခုအဖြစ်နဲ့ နှစ်ဟောင်းမှာ ကျန်ခဲ့မှာဖြစ်ပေမယ့် ...။ အဲဒီ့ အတိတ်ဆိုတာတွေကပဲ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သမိုင်းဆိုတဲ့ အမည်နာမ အသစ် တစ်ခုနဲ့ အားလုံးရဲ့ မျက်မှောက်မှာ ပြန်လည် ပေါ်ထွက်လာမယ်ဆိုတာ အသေအချာပါပဲ ...။ သမိုင်းရဲ့ စာမျက်နှာတွေမှာ ဘာတွေတင်ကျန်ရစ်ခဲ့သလဲ ဆိုတာဟာ မျက်မှော်ခေတ်ကလူတွေ သူတို့ရဲ့အချိန်ကာလ တွေကို ဘယ်လိုကုန်ဆုံးစေကြပြီး ဘာတွေကိုဖန်တီးနေကြသလဲ ဆိုတဲ့ အပေါ်မှာ အများကြီးမူတည်ပါတယ် ...။ ကျွန်တော်တို့တွေ အချိန်ကာလတွေကို အကောင်းဆုံးဖန်တီးနိုင်ဖို့ဆိုတဲ့ နေရာမှာလဲ အရေးအကြီးဆုံးကတော့ စိတ်တွေ သန့်စင်မွန်မြတ်နေကြဖို့ပဲဖြစ်ပါတယ် ...။ စိတ်ဓါတ်အောက်တန်းကျသူတွေများနေလို့ကတော့ ... အချိန်ကာလတွေက ညစ်ပေမှောင်မှိုင်းနေမှာဖြစ်သလို အဲဒီ့ခေတ်ရဲ့ သမိုင်းဟာလဲ နှောင်းလူတွေရဲ့ခေတ်မှာ ရိုင်းစိုင်းနေမှာသေချာပါတယ် ...။

You are the one who can manage to earn both cold and warm

သင်ဟာ အေးစက်ခြင်းနဲ့ နွေးထွေးခြင်း ဘယ်အရာကို မဆိုရယူနိုင်အောင် ထိမ်းကွပ်နိုင်တဲ့ တစ်ဦးတည်းသော သူဖြစ်တယ် ...။
လောကဟာ ဆန့်ကျင်ဘက်တွေများစွာနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ... လူတို့ရဲ့ အသိုင်းအ၀န်းတစ်ခုပါ ...။ အကောင်းလား အဆိုးလား၊ အနိုင်လား အရှုံးလား ၊ အချစ်လား အမုန်းလား ဘယ်အရာကိုပဲ သင်ရနေသလဲဆိုတာဟာ သင့်ရဲ့ လက်ထဲမှာပဲရှိတဲ့ သင်တစ်ယောက်တည်းပိုင်တဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ် ...။
သင်ရနေတဲ့ အဆိုးအကောင်း၊ အကျိုးအပြစ်တွေအတွက် ဘယ်အရာကိုမှ လွှဲချမနေပါနဲ့ ... အဲဒါတွေ အားလုံးဟာ သင်ကိုယ်တိုင်ရွေးချယ်ခဲ့တာတွေပါပဲ ...။

New Year is the one that remind u to value the length of time

နှစ်သစ်တစ်ခုဆိုတာ အချိန်ကာလကို ကျွန်တော်တို့တန်ဖိုးထားတတ်စေဖို့ ကျွန်တော်တို့ကို သတိပေးတဲ့ အရာတစ်ခုပါပဲ ...။
ဟုတ်ပါတယ် ...။ တခါတခါမှာ ဘ၀ထဲမှာ ရုန်းကန်လှုပ်ရှားနေရလို့ပဲဖြစ်ဖြစ် ၊ ဘ၀ရဲ့ အနှစ်သာရတွေမှာ ပျော်ပါးယစ်မူးနေလို့ပဲဖြစ်ဖြစ် ကျွန်တော်တို့တွေဟာ အချိန်ကာလဆိုတာနဲ့ သေခြင်းတရားဆိုတာကို မေ့လျှော့နေတတ်ကြပါတယ် ...။ နှစ်သစ်တစ်ခုကိုကူးတော့မှာ ... “ သြော် ... ဘာလိုလိုနဲ့ တစ်နှစ်ကုန်သွားပါရောလား ” “ သြော် ... ငါတို့တောင်သေဖို့ တစ်နှစ်ပိုနီးလာပြီပဲ” ဆိုတာမျိုးကို သတိရတတ်ကြတာပါ ...။ အဲဒီလို့ သတိရတတ်နေရင်ပဲ မဆိုးဘူးလို့ ဆိုရမှာပါပဲ ...။

Every change won't be same what you want to gain

ပြောင်းလဲမှုတိုင်းဟာ ကျွန်တော်တို့လိုချင်တာတွေနဲ့ အမြဲတမ်းထပ်တူကျချင်မှ ကျမှာပါ ...။

အရာရာပြောင်းလဲ နေတဲ့လောကကြီးမှာ အချို့သောပြောင်းလဲမှုတွေဟာ ကျွန်တော်တို့ ဖြစ်စေချင်တာနဲ့ ထပ်တူကျမနေတာမျိုးတွေ အများကြီးဖြစ်နိုင်ပါတယ် ...။ ဒါဟာ သဘာဝတရားဆိုတာကို ကျွန်တော်တို့ လက်ခံထားဖို့လိုပါတယ် ...။ ဘ၀ရဲ့ ပြဿနာဆိုတာဟာ သင်္ချာပုစ္ဆာတစ်ပုဒ်လို ပုံသေနည်းတွေထဲ ထည့်တွက်လို့ ရတဲ့ အရာတွေမဟုတ်ပါဘူး ...။ အရာရာတိုင်းမှာ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်မလားဘူးဆိုရင် ဆိုတဲ့ အခြေအနေတစ်ခုကို ... ကျွန်တော်တို့ အမြဲတမ်းထည့်သွင်းစဉ်းစားတတ်ဖို့ လိုပါလိမ့်မယ် ...။

We have to start again to attain the various aims

နှစ်သစ်တစ်ခုရောက်တိုင်းမှာ အမျိုးမျိုးသော ရည်မှန်းချက်တွေကို ရရှိဖို့အတွက် ကျွန်တော်တို့တွေ ထပ်မံကြိုးစားကြရတာပါပဲ ...။
ဘ၀ဆိုတာ အရွယ်ရောက်လာတဲ့ အချိန်ကစလို့ သေဆုံးသွားချိန်အထိ ပုံသဏ္ဍာန်အမျိုးမျိုးသော ရည်မှန်းချက် တွေ အတွက် အမြဲတမ်းကြိုးစားနေကြရတဲ့ ... သံသရာရဲ့ အချိန်အပိုင်းအခြားတစ်ခုပါပဲ ...။ ရည်မှန်းချက်တစ်ခုပြီးသွားတော့လဲ နောက်ထပ်ရည်မှန်းချက်တစ်ခုက ထပ်ပေါ်လာတာပါပဲ ...။ အဲဒီ့အတွက် ကျွန်တော်တို့တွေ ထပ်မံကြိုးစားကြရတာပါပဲ ...။ ဒီသဘောတရားကိုလဲ ကျွန်တော်တို့ နားလည်ထားဖို့လိုပါတယ် ...။

Your view can be changed according to your brain

သင့်ရဲ့ဦးနှောက်(အသိဥာဏ်၊ အတွေးအခေါ်)ကိုလိုက်ပြီး သင့်ရဲ့ အမြင်တွေပြောင်းလဲနေမှာပါ ...။
ဦးနှောက်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားမယ်ဆိုရင် ... အသိဥာဏ်၊ အတွေးအမြင်တွေလို့ မြင်လို့ရပါတယ် ...။ လူတစ်ဦးတစ်ယောက်ရဲ့ အသိဥာဏ်၊ အတွေးအမြင်ကို လိုက်ပြီး သူ့ရဲ့ အရာရာကို သုံးသပ်ရှုမြင်တဲ့ အမြင်ဟာလဲ မတူညီပဲကွဲလွဲသွားတတ်ပါတယ် ...။ အသိဥာဏ်နုံနဲ့ညံ့ဖျင်းသူတွေရဲ့ အချို့သော လုပ်ရပ်တွေမှာ ကျွန်တော်တို့တွေ မှင်သက်အံ့သြနေကြရတဲ့ အဖြစ်တွေရှိခဲ့ကြဖူးပါတယ် ... အဲဒီလို အဖြစ်မျိုးဖြစ်ရတာဟာ သူတို့ရဲ့ လူစဉ်မမီတဲ့ အသိဥာဏ်၊ မပြည့်ဝမရင့်ကျက်တဲ့ အတွေးအခေါ်တွေကြောင့် ဖြစ်ရတာဆိုတာကို ကျွန်တော်တို့နားလည်ထားရပါမယ် ...။

Every point of view without brain can make you in sane

အသိဥာဏ်ကင်းမဲ့တဲ့ ရှုထောင့်တိုင်းက သင့်ကို ရူးသွားစေနိုင်ပါတယ်။
အထင်မှား အမြင်မှားနေကြတဲ့သူတွေ၊ အဖြစ်အပျက်တစ်ခုကို ရှုထောင့်အမှားကနေ ကြည့်နေကြတဲ့သူတွေဟာ အရူးတွေလိုဖြစ်ပြီး ကမ္ဘာလောကကိုအကျည်းတန်အောင် ဖျက်ဆီးနေကြတာ အားလုံး မြင်နေတွေ့နေ ကြရပါတယ် ...။ အဲဒါတွေကို နမူနာယူပြီး ခင်ဗျားတို့ ကျွန်တော်တို့လဲ ... ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် ရှုထောင့်အမှားကနေမကြည့်မိဖို့နဲ့ အသိဥာဏ်နဲ့မယှဉ်တဲ့အမြင်နဲ့ မသုံးသပ်မိဖို့ကို ကြိုးစားကြဖို့လိုပါတယ်။

A man should be a man who can take responsibility of his stand

လူဆိုတာ ကိုယ့်ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး ကိုယ်တိုင်တာဝန်ယူရဲတဲ့သူပဲဖြစ်သင့်ပါတယ် ...။

လုပ်ချင်တာတွေကို လုပ်တုန်းကလုပ်ခဲ့ပြီး ပြီးတော့မှာ ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချလုပ်နေတာဟာ တာဝန်မသိတတ်တဲ့ လူတစ်ယောက်ရဲ့ အပြုအမူပါ ...။ နေရာတိုင်းနေရာတိုင်းမှာ လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုတာရှိပါတယ် ...။ ကိုယ်ယူထားတဲ့နေရာနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အရာရာကိုလုပ်ပြီး ရပိုင်ခွင့်အရာရာ ကို တစ်ခုမကျန်သိမ်းကျုံးယူနေပေမယ့် ... အဲဒီ့နေရာရဲ့ တာဝန်ရှိမှုအပိုင်းကိုတော့ သူမဟုတ်သလို လုပ်နေခြင်းဟာ ... စိတ်ဓါတ်အောက်တန်းကျသူတွေရဲ့ စရိုက်လက္ခဏာပါ ...။ ကျွန်တော်တို့အားလုံး စိတ်ဓါတ်မြင့်မြတ်တဲ့ လူသားတွေဖြစ်အောင် ကြိုးစားသင့်ပါတယ် ...။


Remember that you can't pass clearly to the new year if you have the unfinished affairs in the old year.
နှစ်ဟောင်းမှာ လုပ်စရာတွေကျန်နေသေးသရွေ့ နှစ်သစ်ဆီကို သင် ရှင်းရှင်းလင်းလင်းထွက်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာ သတိရပါ ...။
ကျွန်တော်တို့ ဘယ်လိုပဲ ထားခဲ့တယ်ပြောပြော ပါလာမယ့်အရာတွေ အများကြီးပါ ...။ ထားခဲ့လို့ မရတာတွေ ၊ ထားခဲ့ဖို့ မသင့်တာတွေ၊ ထားခဲ့ဖို့ မလွယ်တာတွေ အများကြီးကို နှစ်သစ်တစ်ခုဆီ ကျွန်တော်တို့ ဆက်လက်သယ်ဆောင်သွားကြရမှာပါပဲ ...။ ကျွန်တော်တို့လုပ်ခဲ့တဲ့ မကောင်းမှုအကုသိုလ်တွေရဲ့ အကျိုးဆက်တွေကလဲ ကျွန်တော်တို့ နဲ့အတူ ၂၀၀၈ ကိုလိုက်လာမှာပါပဲ ... ။ ကျွန်တော်တို့ ဆပ်စရာရှိတဲ့ အကြွေးတွေကလည်း ဆပ်လို့မကုန်သေးသရွေ့ နှစ်သစ်တွေနောက်ကို လိုက်လိုက်လာမှာပါပဲ ...။ နှစ်သစ်ကိုကူးသွားလို့ ... နှစ်ဟောင်းမှာ အားလုံးကျန်ခဲ့ပြီလို့ထင်ရင်တော့ အားလုံးမှားကုန်မှာဖြစ်ပါတယ် ...။
4 ယောက် မှတ်ချက်ရေးသွားတယ်

နည်းပညာနယ်ပယ်ကို သေနတ်နှင့် ချိန်ရွယ်နေတဲ့ စစ်အစိုးရ ... ပညာရှင်အားလုံး စုပေါင်းကာကွယ်ကြ (မင်းထက်ဘုန်းမြတ်)


စစ်အစိုးရဟာ သံဃာတော်များဦးဆောင်တဲ့ စက်တင်ဘာလူထုလှုပ်ရှားမှုပြီးဆုံးသွားချိန်မှ စတင်ကာ နိုင်ငံရေးနှင့်ပတ်သက်လျှက်ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များစွာနှင့် လူထုလှုပ်ရှား မှုအတွင်း ပါဝင်ခဲ့သူများကို လိုက်လံဖမ်းဆီးခဲ့သည်ကို ကျွန်တော်များ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတိုင်း သိရှိပြီးဖြစ်ပါလိမ့်မယ်။ ယခုအချိန်မှာတော့ စစ်အစိုးရဟာ နိုင်ငံရေးနှင့်ပတ်သက်ပြီး လှုပ်ရှားသူအားလုံးကို ကြောက်လန့်အောင်ခြိမ်းခြောက် ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်သော်လည်း နိုင်ငံလှုပ်ရှားမှုများတွင် တစ်ခန်းတစ်ကဏ္ဍအနေဖြင့်ပေါ်ပေါက်လာကြပြန်တဲ့ နှစ်ဆယ့်တစ်ရာစု၏ သံတော်ဆင့်များဖြစ်ကြတဲ့ ဘလော့ဂါများကိုတော့ အရေးယူနိုင်ခြင်းမရှိသေးဘူးဘဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ပတ်သက်ပြီး အစိုးရကို ပွင့်လင်းပျက်သားစွာဝေဖန်ပြောဆိုရေးသားလျှက်ကြသော ဘလော့ဂါများကို ဖိနှိပ်အရေးယူမှုများ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလာကြပြန်ပြီဖြစ်တယ်ဆိုတာကို ဆိုက်ဘာအတိုက်အခံ မြန်မာဘလော့ဂါအားလုံးကို နှိုးဆော်သတင်းပေးလိုက်ပါရစေ။

ဒီလိုပဲ စစ်အစိုးရကိုလည်း ကျွန်တော်များ မြန်မာ့အရေးလှုပ်ရှားသူ ဘလော့ဂါများကိုယ်စားပြောကြားလို တဲ့ အကြောင်းအရာလေးတွေလဲရှိနေပြန်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဘလော့ဂါဆိုတာ ဂျိုပါ တဲ့သူတွေမဟုတ်ကြပါဘူး။ ကျွန်တော်တို့ဟာ အခြေခံပြည်သူလူထုတွေနှင့်အတူ ဘက်စ်ကား အတူစီးပြီးနေကြတယ်…ဒီလိုပဲ အခြေခံပြည်သူတွေနှင့်အတူ ခက်ခဲကြမ်းတမ်းတဲ့ စားဝတ်နေရေး ကိုအများနည်းတူ ဖြေရှင်းရင်ဆိုင်နေကြရသူတွေသာဖြစ်တယ်ဆိုတာပါပဲ။ ဒါကြောင့် ဘယ်လိုပင် ဆောင့်ဖမ်းစီးသည်ဖြစ်စေ ကျွန်တော်တို့ဟာ ပြည်သူထဲက ပြည်သူဖြစ်နေကြတဲ့အတွက် အမှန် တရားနဲ့ အများကောင်းကျိုးအတွက် ဆောင်ရွက်နေကြတဲ့ ကျွန်တော်တို့အတွက် အကာအကွယ် ဆိုတာရှိနေမှာပါပဲ။

ကျွန်တော်တို့ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အသက်စွန့်ကြိုးပမ်းသွားကြတဲ့ သူရဲကောင်းများအပေါ် တာဝန်ကျေသူများဖြစ်ဖို့ ကြိုးစားနေကြသူများသာလျှင်ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ သူတို့လို အသက်မစွန့်နိုင်ကြသေးပေမယ့် ကျွန်တော်တို့စွန့်နိုင်သည်များကို ကျွန်တော်တို့စွန့်နေကြခြင်းသာလျှင်ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ပြည်သူပြည်သားများ အားလုံးအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးဆိုသည်များတွက် ကျွန်တော်တို့ဟာ ဆိုက်ဘာ တော်လှန်ရေးဆင်နွဲနေကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ယခုလို စစ်အစိုးရနှင့် ၄င်းတို့ရဲ့ အခြေခံ အာဏာပိုင်အဖွဲ့အစည်းများက ဆိုက်ဘာတော်လှန်ရေးသမားများအပေါ် အရေးယူဆောင်ရွက်နိုင် ခြင်းမရှိကြစေရန် သန်းပေါင်း (၆၀) ကျော်သော မြန်မာပြည်သူတို့ရဲ့ လွတ်လပ်ရေး၊ တရားမျှတရေး တို့အတွက် ဆောင်ရွက်နေကြသူ ဘလော့ဂါများအပေါ် စေတနာမေတ္တာတရားများရှေ့ထားပြီး ပညာရှင်အပေါ်မှ စစ်အစိုးရဲ့ ခြိမ်းခြောက်ရန်ပြုမှုကို အတူတကွပူးပေါင်းကာကွယ်ပေးကြဖို့ နိုးဆော်ချင်ပါ တယ်။

စစ်အစိုးရဟာ ယခုအချိန်မှာ ရန်ကုန်မြို့တွင်းရှိ အင်တာနက်ဆိုင်များမှာ စပိုင်ဆော့ဝဲ ယားများထည့်သွင်းပေးထားပြီး ဆောင့်ဆိုင်းကြည့်ရှုပြီး ဘလော့ဂါများကိုဖမ်းစီးနိုင်သလို အခြားပုံစံ တစ်မျိုးဖြစ်တဲ့ အင်တာနက်ဆိုင်များတွင် စွမ်းအားရှင်များကို ထည့်သွင်းပြီး နိုင်ငံရေးဝက်ဘ်ဆိုက် များကို ကြည့်ရှုသူ ဒါမှမဟုတ် ရေးသားသူများကို ဖမ်းဆီးနိုင်ဖို့အတွက် အကွက်ချစီမံလျှက်ရှိနေ ကြပါတယ်။ ဒါကြောင့် ပြည်တွင်းမှနေပြီး အနာဂတ်ဘ၀ရှေ့ရေးများကို ထည့်မတွက်ပဲ သန်းခြောက် ဆယ်သော ပြည်သူတို့အတွက် စွန့်လွှတ်အနစ်နာခံပြီး ဘလော့များရေးသားနေသော ဘလော့ဂါ များအတွက် မိမိတို့စီးပွားရေး၊ အကျိုးစီးပွားမပျက်ဆီးစေနိုင်စေမယ့် ဘယ်လိုအကြောင်းအကြောင့် ပဲဖြစ်ဖြစ် နည်းပညာရှင်များနှင့် အင်တာနက်ဆိုင်ပိုင်ရှင်များကို ဒီစာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်။

မင်းထက်ဘုန်းမြတ်

လူမျိုးနှင့်နိုင်ငံသား



`ဘာလူမျိုးလဲ´

`ဘာနိုင်ငံသားလဲ´

ဒီမေးခွန်းတွေကို အပြင်ရောက်နေတဲ့ မြန်မာလူမျိုးတွေ ကြားဖူးနေကျ မေးခွန်းဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် နေထိုင်ခွင့်ပုံစံကို အမျိုးမျိုးခွဲထားတဲ့ စင်္ကာပူလိုနိုင်ငံမှာ ပိုကြားရပါလိမ့်မယ်။ အချို့လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စင်္ကာပူနိုင်ငံသားကိုပြောင်းယူသွားကြတဲ့လူတွေ အများကြီးပါ။ အပေါ်ယံမှာကြည့်ရင်တော့ `ဘာကြောင့်ပြောင်းကြတာလဲ´ဆိုသော မေးခွန်းကို နားမလည်ဖြစ်ကြပါလိမ့်မယ်။ စင်္ကာပူရဲ့အုပ်ချုပ်ပုံစည်းကမ်းအရ နေထိုင်ခွင့်ရထားတာချင်း မတူရင် စရိတ်တွေအားလုံးက မတူတာတစ်ချက် ၊ နိုင်ငံသားနှစ်ခုကို အတူတကွ ကိုင်ဆောင်ခွင့်မရှိတဲ့အချက်ရယ်ကြောင့် ပြောင်းသွားကြတာလို့ မြင်မိပါတယ်။ နေထိုင်ခွင့်တွေဖြစ်တဲ့ Student Pass ၊ Work Permit ၊ S Pass ၊ Permanent Resident & Singapore Citizenship အစရှိသဖြင့် အမျိုးမျိုးကွဲပြားမှုတိုင်းမှာ စရိတ်တွေအားလုံးကလည်း မတူကြပါဘူး။ အကွာခြားဆုံးကတော့ စင်္ကာပူလူမျိုးခံယူထားသူနှင့် အခြားနေထိုင်ခွင့်ကိုရထားသူတွေအားလုံးပါ။ အိမ်ဝယ်စရိတ် ၊ ဆေးကုသစရိတ် ၊ ကျောင်းစရိတ် အစရှိသဖြင့် အားလုံးကွာခြားပါတယ်။ ကွာခြားပုံခြင်းက အတော်ကွာခြားတာကိုလည်း သတိပြုမိကြပါလိမ့်မယ်။ မြန်မာနိုင်ငံဘက်မှာ ကွာခြားချက်ကတော့ စင်္ကာပူလူမျိုးခံယူလိုက်ရင် မြန်မာသံရုံးကိုနှစ်စဉ်ပေးဆောင်ရတဲ့ အခွန်စရိတ်များ မရှိတော့ခြင်းပါ။ စင်္ကာပူနှင့် မြန်မာပြည် နှစ်ဘက်လုံး အခြေအနေတွေကြောင့် စင်္ကာပူနိုင်ငံသား ပန်းရောင်ကဒ်ကလေးကို ပြောင်းလဲသွားကြတာ များပါတယ်။ စင်္ကာပူရဲ့ ခွဲခြားဆက်ဆံတဲ့ စံနစ်ကလည်း လူတွေကို နိုင်ငံသားပြောင်းလဲဖို့ အခွင့်အရေးရရင် ပိုမိုတိုက်တွန်းနေသလို ဖြစ်နေတတ်ပါတယ်။


ကျွန်မရဲ့မျက်လုံးထဲမှာတော့ `ဘာနိုင်ငံသားခံယူထားလဲ´ဆိုတဲ့ မေးခွန်းထက် `ဘာလူမျိုးလဲ ၊ ဘာတွေလုပ်နေလဲ ၊ ဘယ်လိုမျိုးစိတ်ဓါတ်ရှိလဲ´ဆိုတာကို ပိုမိုစိတ်ဝင်စားပါတယ်။ လူတစ်ယောက်နဲ့ အလုပ်တွဲလုပ်တော့မယ်ဆိုရင် ဘယ်နိုင်ငံသားခံယူထားလဲက ကျွန်မအတွက်တော့ သိပ်အရေးမကြီးလှပါဘူး။ သူ့ရဲ့လုပ်ဆောင်မှုအတိုင်းအတာကိုပဲ ကျွန်မက ကြည့်တတ်ပါတယ်။ မြန်မာလူမျိုးစစ်စစ်ဖြစ်ပြီး မြန်မာနိုင်ငံသားတွေဖြစ်တဲ့ နအဖ အသိုင်းဝိုင်းတစ်ခုလုံးက မြန်မာပြည်သူလူထုကို နှိပ်စက်နေကြတာထက် မြန်မာနိုင်ငံသားမဟုတ်တော့တဲ့ မြန်မာလူမျိုးပဲဖြစ်ဖြစ် ၊ အခြားလူမျိုးခြားပဲဖြစ်ဖြစ် ..မြန်မာပြည်ကောင်းဖို့အတွက် လုပ်ဆောင်နေကြရင် .. အဲဒီလူမျိုးတွေကို ပိုမိုကြိုဆိုပါတယ်။ အထူးသဖြင့် ကျွန်မတို့ မြန်မာအသိုင်းဝိုင်းက မြန်မာလူမျိုးအချို့က သဘောထားသိပ်မကြီးကြဘူး ။ နိုင်ငံသားနှစ်ခုကို အတူကိုင်ဆောင်ခွင့်မရှိတဲ့ စင်္ကာပူလိုနိုင်ငံမျိုးမှာ စင်္ကာပူနိုင်ငံသားခံယူထားပြီး မြန်မာ့အရေးတွေ တတ်နိုင်သမျှ ၀င်ရောက်ကူညီရင် အသိမှတ်သိပ်မပြုချင်သူတွေ ရှိပါတယ်။ တကယ်တော့ ဒီအတွေးအခေါ်က သိပ်နောက်ကျလွန်းပါတယ်။ စင်္ကာပူနိုင်ငံသားကိုခံယူထားပြီး မြန်မာ့အရေးကို မျိုးချစ်စိတ်ဓါတ်နှင့် တကယ်လုပ်နေသူတွေကို ဘာမှစွန့်လွှတ်ခြင်း ၊ ခံရခြင်းတွေ မရှိဘူးလို့ အပေါ်ယံသတ်မှတ်သူတွေရှိပါတယ်။ ကျွန်မစိတ်ထဲမှာတော့ အဲဒီလို မမြင်မိပါဘူး။ အဲဒီလိုလူမျိုးတွေမှာ စတေးရတာရှိပါတယ်။ သူဟာ စင်္ကာပူနိုင်ငံသားဖြစ်သွားတဲ့အတွက် မြန်မာ့အရေးကို မျိုးချစ်စိတ်ဓါတ်နှင့် ၀င်ရောက်လုပ်ကိုင်ချိန်မှာ ယုတ်မာတဲ့စစ်အာဏာရှင်အုပ်စုတွေ ဒုက္ခပေးလာရင် မြန်မာပြည်ပြန်ဝင်ခွင့် အခွင့်အလမ်း နည်းပါးသွားပါတယ်။ ဒါဟာ ထိုလူတွေအတွက် ကြီးမားသော ဆုံးရှုံးမှုပါ။ မြန်မာလူမျိုးတိုင်း အမိမြေမှာ ဆွေမျိုး အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ဆိုတာရှိပါတယ်။ အားလုံးဟာ မိမိရပ်ရွာဒေသနှင့်တော့ ခွဲချင်စိတ်မရှိကြပါဘူး။

အချို့နေရာတွေမှာ မိမိရဲ့ မိသားစု ဘ၀အခြေအနေတွေအားလုံးနဲ့ ဆုံးဖြတ်ရတာတွေရှိပါတယ်။ အရိုးစွဲနေတဲ့ အတွေးအခေါ်ဟောင်းကြီးကိုတော့ ပစ်ပယ်သင့်ပြီလို့ ကျွန်မယူဆပါတယ်။ ကျွန်မ ဒီလိုပြောတော့ `မြန်မာပြည်မှာ မြန်မာလူမျိုး မြန်မာနိုင်ငံသားတွေလျော့နည်းသွားမှာပေါ့´ဆိုပြီး ပြန်တိုက်ခိုက်ချင် တိုက်ခိုက်ကြပါလိမ့်မယ်။ စာရွက်ပေါ်က ပြောင်းလဲပေါ်တစ်ခုဟာ ရွေးကောက်ပွဲဝင်မရတာ ၊ မဲပေးမရတာကလွဲရင် ကျန်တဲ့အပိုင်းတွေမှာ လုံးဝဆုံးရှုံးသွားတယ်လို့ မမြင်မိပါဘူး။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အခြေအနေ ၊ ဖြစ်တည်နေပုံတွေက မတူညီကြပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံသားခံယူထားပြီး မြန်မာပြည်အတွက် မျိုးချစ်စိတ်နဲ့လုပ်ကိုင်ပေးနေတယ်ဆိုရင် ကျွန်မတို့ လေးစားအသိမှတ်ပြုပေးရမှာပါ။ စင်္ကာပူတင်မဟုတ် နှစ်နိုင်ငံသားခံယူလို့မရတဲ့ အခြားနိုင်ငံမှာ လူမျိုးခြားနိုင်ငံသားခံယူထားတဲ့ မြန်မာတွေအနေနှင့်လည်း တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘ၀အခြေအနေတွေပေါ်မှာ မူတည်ပါတယ်။ ကျွန်မတို့အားလုံးဟာ လူတွေအားလုံးရဲ့မတူညီတဲ့ ဘ၀အခြေအနေတွေပေါ်မှာ စာတန်းတစ်ခုတည်းနဲ့ ပုံသေသွားသတ်မှတ်လို့မရပါဘူး။ ဒါကို နားလည်သဘောပေါက်ကြဖို့ လိုအပ်ပါတယ်။ အမြင်ကျယ်ပြီး လူ့အခွင့်အရေးကိုစာနာ ၊ တရားမျှတမှုကိုမြတ်နိုး ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ကျင့်သုံးမည့်အစိုးရဟာ အခြားနိုင်ငံသားခံယူထားသော မြန်မာများကို တစ်နေ့ မြန်မာပြည်မှာ `ပြည်တော်ပြန်´များအဖြစ် ပြန်လည်လက်ခံမယ်ဆိုတာ အခြားနိုင်ငံသားခံယူထားသူအားလုံးအတွက် ကျွန်မ ယုံကြည်မိပါတယ်။

`မြန်မာဟာ မြန်မာပဲ´ဆိုတာ မှန်ပါတယ်။ အားလုံးဟာ ဘယ်နိုင်ငံသားခံယူထားသည်ဖြစ်စေ မြန်မာပါလို့ ဖြေကြတာ များပါတယ်။ ဒါပေမယ့် စီးပွားရေးကိစ္စတွေအတွက် နိုင်ငံတကာလှည့်လည် ခရီးသွားချိန် ၊ အရှေ့ အနောက် တောင် မြောက် ကူးနေရချိန်တွေမှာ လေဆိပ်တစ်ခုကိုဝင်လို့ မြန်မာအနီရောင်ပါ့စ်ပို့ကြောင့် ဘေးဖယ်တန်းစီခံနေရတာတွေ ၊ ပိုမိုစစ်ဆေးတာတွေ ၊ ကြည့်ကြတဲ့မျက်လုံးတွေရဲ့အရောင်တွေအားလုံးအောက်မှာ မြန်မာလူမျိုးအားလုံးခံစားချက်တွေကတော့ တထပ်တည်းဖြစ်နေမှာပါ။ `မြန်မာဟာ မြန်မာပဲ ၊ မြန်မာပြည်မှာပဲ နေရမယ်´ စကားကို အမှန်တကယ်လက်တွေ့ကျင့်သုံးချင်ရင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက် မြန်မာလူမျိုး မြန်မာနိုင်ငံသားတွေအားလုံးနှင့် အခြားနိုင်ငံသားခံယူထားသော မြန်မာလူမျိုးများအားလုံးမှာ တာဝန်ကိုယ်စီရှိနေကြောင်း မမေ့မလျော့ လုပ်ဆောင်ကြဖို့က အများကြီးပိုအရေးကြီးပါတယ်။